သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမုန်းတရား မပွားကြအောင် ဆွေးနွေး


အမုန်းတရားမပြန့်ပွားရေးဆွေးနွေးပွဲတက်ရောက်လာကြသော ဘာသာရေး၊ နိုင်ငံရေးနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ။ (ဓာတ်ပုံ/စည်သူ-VOA မြန်မာ)
အမုန်းတရားမပြန့်ပွားရေးဆွေးနွေးပွဲတက်ရောက်လာကြသော ဘာသာရေး၊ နိုင်ငံရေးနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ။ (ဓာတ်ပုံ/စည်သူ-VOA မြန်မာ)
မြန်မာနိုင်ငံမှာ အမုန်းတရားပြန့်ပွားအောင် ပြောဆို ရေးသားတာတွေဟာ တိုင်းပြည်သွားနေတဲ့ ပြုပြင်ပြောင်းလဲရေးကို ထိခိုက်စေပြီး နိုင်ငံရဲ့ပုံရိပ်ကိုလည်း ထိခိုက်စေတယ်လို့ ပြည်ထောင်စု ဒုတိယဝန်ကြီးတစ်ဦးက ပြောလိုက်ပါတယ်။ အမုန်း တရားတွေကို ပြန့်ပွားအောင် ဘယ်သူကပဲလုပ်လုပ် အမြန်ဆုံးရပ်ဖို့လိုပြီလို့ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တစ်ဦးကလည်း ပြောပါတယ်။ "အမုန်းတရားပြန့်ပွားအောင် ပြောဆို ရေးသားမှုများကို တားဆီးခြင်း"ဆိုတဲ့ ခေါင်းစဉ်နဲ့ ရန်ကုန်မြို့၊ Chatrium ဟော်တယ်မှာ ဒီကနေ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက စီစဉ်တဲ့ ဆွေးနွေးပွဲတစ်ခုအတွင်း အဲဒီလို ပြောခဲ့ကြတာပါ။ အပြည့်အစုံကို အဲဒီ ဆွေးနွေးပွဲသွားခဲ့တဲ့ ကိုကျော်ကျော်သိန်းက ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ အားလုံးပါဝင်နိုင်မယ့် စနစ်တစ်ခုကို တည်ဆောက်နေတဲ့အချိန်မှာ ကွဲပြားခြားနားမှုတွေ ဖြစ်လာတာကြောင့် ဒါတွေကို ပြန်လည်ပေါင်းစည်းဖို့အတွက် အချိန်တွေပိုသုံးရတယ်လို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။ အမုန်းတရားပွားစေတဲ့ ပြောဆိုရေးသားမှုတွေဟာ မြန်မာ့ လူ့ အဖွဲ့အစည်းအတွက် ဘယ်လိုစိန်ခေါ်မှုတွေ ဖြစ်စေသလည်းဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးတာမှာ ဒုဝန်ကြီးဦးရဲထွဋ်က အဲဒီလိုပြောသွားတာပါ။

“ဒါတွေဟာ ကျနော်တို့ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ လာပြီးတော့ အကျိုးသက်ရောက်ပါတယ်။ နောက်တစ်ခုက ဘာဖြစ်လာလဲဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ပုံရိပ်ပေါ့။ ဟိုတုန်းကတည်းက ရှိခဲ့တဲ့ လူ့အဖွဲ့အစည်းရဲ့ပုံရိပ်နှစ်ခု ရှိပါတယ်။ ကျနော်တို့နိုင်ငံဟာ သူများနိုင်ငံတွေထက်စာရင် ပိုပြီးတော့မှ သည်းခံခွင့်လွှတ်စိတ်ရှိတယ်။ ကျနော်တို့နိုင်ငံမှာ ဘာမှလာပြီးတော့ gay right တွေ ဘာတွေ လာပြီးတော့ ပြောစရာမလိုဘူး။ လူတွေဟာ သူတို့ကို ဘာမှသိပ်ပြီးတော့ လူတွေက ခွဲခြားဆက်ဆံတာ မျိုးတွေ ဘာတွေ မရှိဘူး၊ အမျိုးသမီးအခွင့်အရေးတွေ ဘာတွေ သိပ်ပြီးတော့ ပြောစရာမလိုဘူး။ သာသနာရေးမှာလည်း ဒီလိုပဲ ကျနော်တို့ နေတယ်။ ဒါဟာ ကျနော်တို့ ဘယ်တုန်းကမှ မပြောင်းလဲခဲ့ဘူး။ နောက်ဆုံး နောက်တစ်ခု မပြောင်းလဲခဲ့တာ ကျနော်တို့နိုင်ငံရဲ့ လွတ်လပ်ပြီး ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒ၊ ဒီနှစ်ခုဟာ ဘယ်တုန်းကမှ ကျနော်တို့ မပြောင်းလဲခဲ့ဘူး။ အစိုးရပြောင်းချင်ပြောင်းမယ်၊ နိုင်ငံရေးစံနစ် ပြောင်းလဲချင်ပြောင်းမယ်။ သို့သော် ဒီကနေ့ ဘယ်တုန်းကမှ မပြောင်းလဲခဲ့တဲ့ တန်ဖိုးနှစ်ခုထဲက တစ်ခုဖြစ်တဲ့ ကျနော်တို့လူ့အဖွဲ့အစည်းရဲ့ပုံရိပ်ဟာ အတိုင်းအတာတစ်ခုအထိ ထိခိုက်ဖို့ ရှိလာနေတာကို ကျနော်တို့တွေ့ရပါတယ်။ နောက်တစ်ခုကတော့ social security ပေါ့။ ဒါနဲ့ဆက်စပ်ပြီးတော့မှ လူမှုရေးတည်ငြိမ်မှုကို ထိခိုက်တယ်။”
ဘယ်လိုဒီမိုကရေစီနိုင်ငံမျိုးမဆို ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိကကျတဲ့ ကိစ္စရပ်ကို ဆွေးနွေးမယ့် ဒီပွဲဟာ အရေးပါတဲ့ အခွင့်အလန်းတစ်ရပ်ဖြစ်ပါတယ်လို့ အမေရိကန်သံအမတ်ကြီး မစ္စတာ ဒဲရက် မစ်ချဲလ်က ပြောပါတယ်။ လူတစ်ဦးချင်းစီရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ လူမှုအဖွဲ့အစည်းနဲ့ လူထုအားလုံး အကြမ်းဖက်မှုတွေနဲ့ ခြိမ်းခြောက်မှုတွေကနေ ကင်းဝေးစေ ခွင့်တို့အကြား ဘယ်လိုဟန်ချက်ညီအောင် လုပ်မလည်းဆိုတာကို ဆွေးနွေးဖို့ဖြစ်ပါတယ်လို့ မစ္စတာမစ်ချဲလ်က ပြောပါတယ်။

"လွတ်လပ်စွာပြောဆိုခွင့်ဟာ ဒီမိုကရေစီရဲ့အခြေခံဖြစ်ပါတယ်။ အမုန်းတရားပွားအောင် ပြောဆို ရေးသားတာနဲ့ အခြေအတင် အငြင်းအခုန်ဖြစ်ဖွယ် ပြောဆို ရေးသားတာတွေကြားမှာ ခြားထားတဲ့မျဉ်းက ခပ်ဝါးဝါးပဲရှိပါတယ်။ ယေဘုယျအားဖြင့် ကျနော်ပြောရမယ်ဆိုရင်တော့ ပြောဆိုခွင့်ကို ချုပ်ခြယ်တာဟာ အန္တရာယ်ရှိပါတယ်။ ဒီမိုကရေစီမှာ အခြေအတင်ဖြစ်ဖွယ် တွေနဲ့ အမြင်အမျိုးမျိုးကို မရှောင်ရှားရပါဘူး။ တကယ်ဆိုရင် လူတွေမှာ အမြင်အမျိုးမျိုးရှိတာကြောင့် အကျိုးအရှိဆုံး ပြောဆို ဆွေးနွေးတာတွေ ဖြစ်ပါတယ်။ အဆုံးမှာ လိုအပ်တာက ပြောဆိုခွင့်နည်းသွားအောင် လုပ်တာမဟုတ်ဘဲ များအောင်လုပ်ဖို့ပါ၊ ဆင်ဆာလုပ်ကန့်သတ်တာဟာ အဖြေမဟုတ်ပါဘူး။"

Time မဂ္ဂဇင်းမှာပါတဲ့ ဆောင်းပါးကြောင့် မဂ္ဂဇင်းကို ပိတ်ပင်ခဲ့တာနဲ့ပတ်သက်ပြီး ဒီဆောင်းပါးကြောင့် ပိုပြီးတော့ ကြီးထွားသွားနိုင် တဲ့ နောက်ဆက်တွဲအကျိုးတွေ ရှိတဲ့အတွက် နောက်ဆုံးနည်းလမ်းအနေနဲ့ ပိတ်ခဲ့တာဖြစ်ပါတယ်လို့ ဒုဝန်ကြီးဦးရဲထွဋ်က သတင်း ထောက်တွေကို ပြောခဲ့ပါတယ်။

မန္တလေး၊ မစိုးရိမ်တိုက်သစ်က ဆရာတော်တစ်ပါးဖြစ်သူ အရှင်ဝီရသူ ဟောပြောခဲ့တဲ့ တရားတွေဟာ အမုန်းတရားပွားစေတယ် ဆိုတဲ့ ဝေဖန်ချက်တွေက ထွက်ထားတာပါ။ ဒါနဲ့ပတ်သက်ပြီး ပေါ်လာတဲ့မေးခွန်းကိုတော့ ဆွေးနွေးပွဲတက်ရောက်သူတွေထဲက ဗုဒ္ဓဘာသာကိုယ်စားလှယ် ငါးကျမ်းပြန် အရှင် ဓမ္မပီယက ရှင်းလင်းမိန့်ကြားခဲ့ပါတယ်။

"စိတ်ခံစားမှုမျိုးနဲ့ ပြောဆိုတာမျိုးဟာ အင်မတန် အန္တရာယ်ကြီးတယ်ဆိုတာကို အရှင်ဝီရသူ လက်ခံလာအောင် ဘုန်းကြီးတို့ ကြိုးစားပြောခဲ့ပါတယ်။ နောက်တစ်ခုက အခုအချိန်မှာ လူအများအပြားက ငြိမ်းချမ်းရေးအတွက် အဖြေ ရှာနေကြတာမို့ ကိုယ့်ကိုယ်ကို ထိန်းချုပ်သင့်တဲ့အကြောင်းနဲ့ ပညာဉာဏ်ပြည့်ဝစွာ ပြောဆိုသင့်တယ်ဆိုတာပါပဲ။ ဒါကြောင့်လည်း မနေ့က သံဃာတော် ၁၅၀၀ ကျော် စုဝေးခဲ့ကြတဲ့နေရာမှာ အခုအချိန်မှာ မပြောဆိုဖို့လျှောက်ပြီး သူ့အတွက် နေရာမရှိခဲ့ပါဘူး။ ဒါဟာ လူမှုအဝန်းအဝိုင်းကို ကူညီဖို့ ဘုန်းကြီးတို့ ကြိုးစားတာပါ။" လို့ အရှင်ဓမ္မပီယက မိန့်ခဲ့ပါတယ်။

အမုန်းတရားပြန့်ပွားအောင် ဘယ်သူတွေကလုပ်နေသည်ဖြစ်စေ လက်ခုပ်ဟာ တစ်ဘက်ထဲ တီးလို့မရတာကြောင့် အမြန်ဆုံး ရပ်ဖို့ ဆွေးနွေးပွဲမှာ အစ္စလာမ်ဘာသာရဲ့ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သူ ဘာသာရေးခေါင်းဆောင် ဦးအေးလွင်က ဗွီအိုအေကိုပြောပါတယ်။

“အဲလို အမုန်းတရားတွေက ဘယ်သူက စတယ်ဆိုတာတော့ ဘဲမနဲ့ ဘဲဥ လိုဖြစ်နေပြီ။ သို့သော်လည်းပဲ နှစ်ဘက်စလုံးမှာ အမုန်းတရားတွေက ရှိနေပြီ။ အဲဒါတွေက ဟောပြောမှုတွေအားဖြင့်၊ ရေးသားမှုတွေအားဖြင့် ပျံ့လွင့်နေတာဖြစ်တဲ့အတွက်ကြောင့် ဒီဥစ္စာကို ဘယ်လိုပဲစစ၊ ဘယ်လိုပဲလုပ်လုပ် အမြန်ဆုံးရပ်ဖို့လိုပြီ။”

ဆွေးနွေးပွဲမှာ AP သတင်းဌာန၊ တရားဥပဒေရေးရာဌာနရဲ့ ရှေ့နေ အကြီးအကဲဟောင်း မစ္စတာ ရစ်ချတ်တ် ဝင်းဖီးလ်ဒ် (Richard Winfield) ကလည်း ဒီမိုကရေစီနိုင်ငံတွေအနေနဲ့ အမုန်းတရားပြန့်ပွားစေတဲ့ ပြောဆို ရေးသားမှုတွေကို တာဝန်သိစွာ ဘယ်လို တုံ့ပြန်နိုင်သလဲ ခေါင်းစဉ်အောက်မှာ နိုင်ငံတချို့ရဲ့ အဖြစ်အပျက်တွေကို နမူနာပြပြီး ဆွေးနွေးခဲ့ပါတယ်။

ဒီ ဆွေးနွေးပွဲကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ကမကထပြုစီစဉ်ပြီး ဘာသာကြီးလေးခုက ကိုယ်စားလှယ်တွေ၊ သာသာနာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ရှေ့နေချုပ်ရုံးတို့က တာဝန်ရှိသူတွေ၊ စိတ်ပါဝင်စားသူတွေ တက်ရောက်ခဲ့ ကြပါတယ်ခင်ဗျား။
XS
SM
MD
LG