သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းမှားတွေနဲ့ ကုလ အစီရင်ခံစာရေးဟု မြန်မာအစိုးရဝေဖန်


မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အနေနဲ့ သူရရှိထားတဲ့ သတင်းအချက်အလက်တွေနဲ့ ပြည်ထောင်စုအစိုးရရဲ့ အချက်အလက်တွေမှာ ကွဲလွဲမှုတွေရှိနေတဲ့ ပြန်လည် ရှင်းလင်းပြခဲ့တယ် သမ္မတပြောခွင့်ရှိသူက ဒီကနေ့ တွေ့ဆုံချိန်မှာ ပြောဆိုဖြစ်တဲ့အကြောင်း ဗွီအိုအေကို ပြောပါတယ်။

ဒါ့အပြင် မစ် Yanghee Lee အနေနဲ့ မြန်မာနိုင်ငံက သူရရှိထားတဲ့ သတင်းအချက်အလက်တွေကို တတိယ အဖွဲ့အစည်းတခုနဲ့ တိုက်ဆိုင်စစ်ဆေးဖို့လည်း အကြံပြုခဲ့တယ်လို့ သူက ပြောပါတယ်။ အပြည့်အစုံကိုတော့ သူ့ခရီးစဉ်ကို စောင့်ကြည့်သတင်းယူနေတဲ့ ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ထားပါတယ်။

မစ် Yanghee Lee ရဲ့ ၈ ရက်မြောက်နေ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ သမ္မတ ပြောခွင့်ရှိသူ အပါအဝင်၊ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ အခြားအစိုးရအဖွဲ့က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ UN ရန်ကုန်ရုံးရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးအေးဝင်း က ပြောပါတယ်။

“ဒီနေ့ အလုပ်သမား အလုပ်အကိုင်နဲ့ လူမှုဖူလုံရေး ဒုဝန်ကြီး ဦးထင်အောင်နဲ့ တွေ့တယ်။ ပြီးတော့ လူဝန်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ဒုတိယဝန်ကြီးနဲ့လည်း တွေ့တယ်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ရှင်းနဲ့လည်း တွေ့တယ်။ နောက်တခါ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်နဲ့လည်း တွေ့ခဲ့တယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဌနဲလည်း တွေ့တယ်။ ခုံရုံးအဖွဲ့နဲ့လည်း တွေ့တယ်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌနဲ့လည်း တွေ့တယ်။ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်နဲ့လည်း တွေ့တယ်။ ဒီနေ့နောက်ဆုံး အစည်းအဝေးကတော့ မြေယာအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီ အဖွဲ့ဝင်တွေနဲ့ တွေ့တယ်။ ဗိုလ်မှူးချုပ် ဦးကျော်ဇံမြင့်နဲ့လည်း တွေ့ပါတယ်ခင်ဗျ”

သမ္မတရဲ့ ပြောခွင့်ရှိသူလည်းဖြစ်၊ ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီးလည်းဖြစ်တဲ့ ဦးရဲထွဋ်က မစ် Yanghee Lee အနေနဲ့ မီဒီယာနဲ့ ပတ်သက်တဲ့ သတင်းရရှိမှုအချို့မှာ ကွဲလွဲချက်တွေ ရှိနေတဲ့အတွက် သူ့အနေနဲ့ ပြန်ရှင်းပြခဲ့ရတယ်လို့ ပြောပါတယ်။

“ဟိုအချို့ဟာတွေမှာ သူတို့ သတင်းမှားတာတွေ ရှိတာပေါ့ဗျာ။ ဥပမာဆိုပါတော့ သံတော်ဆင့်ကို အသရေဖျက်မှုနဲ့ စွဲထားတယ်ဆိုတဲ့ ကိစ္စမျိုး၊ ကျနော်တို့က မဟုတ်ဘူး သတင်းမီဒီယာ ဥပဒေနဲ့ စွဲထားတယ်လို့ ရှင်းပြခဲ့တယ်။ နောက်တခါ ပြန်ကြားရေးက တရားရုံးကို တိုက်ရိုက်သွားတယ်လို့ သတင်းမှားတွေ … မဟုတ်ဘူး ကျနော်တို့က စာနယ်ဇင်းကောင်စီကနေတဆင့် ကျနော်တို့ ဖြေရှင်းဖို့ ကြိုးစားတယ်။ ကျနော်တို့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့ တရားရုံးကို နောက်ဆုံးနည်းအဆင့်နဲ့ ရွေးခဲ့ရတယ်။ သံတော်ဆင့်တုန်းကလည်း ဖြေရှင်းဖို့ ကြိုးစားခဲ့တယ်လို့ ရှင်းပြခဲ့တယ်။ အစိုးရအနေနဲ့ အသရေဖျက်မှုကို ဒီလွတ်လပ်စွာ ပြောဆိုခွင့်ကို တားဆီးဖို့ နည်းလမ်းတခုအဖြစ်နဲ့ အသုံးပြုဖို့ လုပ်နေတယ်လို့ ပြောတယ်။ မဟုတ်ဘူး ဒီအစိုးရလက်ထက်မှာ အသရေဖျက်မှုနဲ့ တရားရုံးရောက်တာ ၂ ခေါက်ပဲရှိတယ်။ တခုက သတ္တုတွင်းနဲ့ The Voice ဖြစ်ပြီးတော့ တရားရုံးပြင်ပမှာ ကျေအေးလိုက်ကြတယ်။ Eleven နဲ့ ကျနော်တို့ ဝန်ကြီးဌာနနဲ့ ဖြစ်တဲ့ကိစ္စမှာ Eleven က စာနယ်ဇင်းကောင်စီရဲ့ ဖြေရှင်းပေးမှုကို ညှိနှိုင်းဖို့ ပျက်ကွက်တဲ့အတွက် ရွေးရတယ်ဆိုမျိုးတွေ ကျနော်တို့က ရှင်းပြတယ်။ နောက်တခုက ကျနော်ဘာရှင်းပြလဲဆိုရင် ကျနော်တို့က ၂ ခုပဲ ရှိတဲ့အချိန်မှာ မီဒီယာအချင်းချင်း ပြန်ပြီးတော့ သရေဖျက်မှုနဲ့ စွဲတဲ့ဟာက Eleven ဆိုရင် ကိုစည်သူအောင်မြင့် တယောက်ထဲကိုပဲ ၅ မှုလောက်ရှိတယ်။ ဒါကြောင့်မို့လို့ ဒီကိစ္စတွေကိုလည်း ခင်ဗျားတို့ စဉ်းစားသင့်တယ်လို့ ပြောလိုက်တယ်။”

မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ သူ့အနေနဲ့ ရရှိထားတဲ့ ဥပဒေ အချက်အလက်တွေပြီးတော့ လူ့အခွင့်အရေးဆိုင်ရာ သတင်းအချက်အလက်တွေကို တတိယအဖွဲ့အစည်း တခုခုနဲ့ ပြန်လည် ချိန်ထိုး ဆန်းစစ်ဖို့ အကြံပေးခဲ့တယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

“ပြည်တွင်းက သတင်းအချက်အလက် စုဆောင်းတဲ့အခါမှာ သတင်းအချက်အလက်တွေကို Third Party ပေါ့နော်။ တတိယ အဖွဲ့အစည်းတခုခုနဲ့ အတည်ပြုပါ။ နောက်တခု ဥပဒေတွေ ညွှန်ကြားချက်တွေကို ဘာသာပြန်ပြီး ပြည်တွင်းက အဖွဲ့အစည်းတချို့က ပေးတဲ့အခါမှာ ပေးပို့ပေးတဲ့ မူရင်းအဓိပ္ပာယ်နဲ့ လွဲနေတာရှိတယ်။ အဲဒါမျိုးကိုလည်း ခင်ဗျားတို့ တတိယ အဖွဲ့အစည်းအနေနဲ့ ဘာသာပြန်ချက်ကို တိုက်ဆိုင်ပြီး စစ်ဆေးသင့်တယ်။ တကယ်လို့ရှိရင်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို တိုက်ရိုက်ဆက်သွယ်ပြီး မေးပါလို့ ပြောခဲ့တယ်။”

မစ် Yanghee Lee အနေနဲ့ ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့လည်း ဒီကနေ့ တွေ့ဆုံခဲ့တာကြောင့် သူ့ရဲ့ လူ့အခွင့်အရေး အစီရင်ခံစာထဲမှာ အငြင်းပွားစရာ ဖြစ်နေတဲ့ မြန်မာ့ ပညာရေး မူဝါဒ အခြေအနေ နဲ့ပတ်သက်ပြီး ရေးသားဖို့လိုတယ်လို့ တက္ကသိုလ်များ ကျောင်းသားများသမဂ္ဂက ခေါင်းဆောင်ပိုင်းတဦးဖြစ်တဲ့ ကိုစည်သူမောင်က ပြောပါတယ်။

“ကျနော်တို့ နိုင်ငံရဲ့ ဒီနိုင်ငံရေး ပြုပြင်ပြောင်းလဲမှု စသဖြင့် အခြားခြားသော ကဏ္ဍတွေဖြစ်တဲ့ ပညာရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေပေါ်မှာ အာရုံစိုက်ပြီးတော့ အလေးထားစေချင်တယ်။ ဒီအပေါ်မှာ သူတို့အနေနဲ့ တောင်းဆိုပေးမယ်၊ တိုက်တွန်းပေးမယ်ဆိုရင် ဒါကလည်း နိုင်ငံတကာရဲ့ အာရုံစိုက်မှုနဲ့ နိုင်ငံတကာရဲ့ တိုက်တွန်းမှုတွေနဲ့ ကျနော်တို့ နိုင်ငံရဲ့ ပြောင်းလဲမှုဟာ ဘာပဲပြောပြော တနည်းတဖုံနဲ့ အထောက်အကူ ဖြစ်မယ်လို့ ယုံကြည်တယ်။”

မစ် Yanghee Lee အနေနဲ့ သူ့ရဲ့ မြန်မာနိုင်ငံ ခရီးအတွင်းမှာပဲ နိုင်ငံရေး အကျဉ်းသားတွေ၊ အကျဉ်းသားအရေး လှုပ်ရှားသူတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းက တက်ကြွလှုပ်ရှားသူတွေ ပြီးတော့ မြန်မာ့အရေး လေ့လာ အကဲဖြတ်တချို့ အပါအဝင် မီဒီယာလောကထဲက တာဝန်ရှိသူ အချို့နဲ့လည်း တွေ့ဆုံခဲ့တာပါ။

မနေ့တုန်းကလည်း နေပြည်တော်မှာ နေထိုင်ပြီးတော့ သမ္မတရုံးဝန်ကြီးတွေ၊ နိုင်ငံခြားရေးဝန်ကြီး၊ ရှေ့နေချုပ်တို့နဲ့ တွေ့ဆုံခဲ့တာပါ။ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက လူ့အခွင့်အရေး အခြေအနေတွေကိုလည်း သူမကိုယ်တိုင် ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက သွားရောက် လေ့လာခဲ့ပါတယ်။ အခုခရီးစဉ်က တွေ့ရှိချက်တွေကိုတော့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို အစီရင်ခံစာ တင်သွင်းဖို့ ရှိပါတယ်။

XS
SM
MD
LG