သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူးအပေါ် ရင့်သီးစွာပြောဆိုမှု ကုလရှုတ်ချ


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး Yanghee Lee အပေါ် ဦးဝီရသူက စကားလုံးကြမ်းတမ်းစွာသုံးစွဲပြီး ခေါ်ဆိုခဲ့တဲ့အပေါ် လက်ခံနိုင်စရာ မရှိဘူးလို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Zeid Ra’ad Al Husseinu က ပြစ်တင်ဝေဖန်လိုက်ပါတယ်။

မစ် Lee ဟာ မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေး အခြေအနေအရပ်ရပ်ကို စုံစမ်းလေ့လာဖို့ ၁၀ ရက်ကြာ မြန်မာနိုင်ငံကို ရောက်ရှိစဉ်မှာ အခုလိုမျိုး သူ့အပေါ် ထိုးနှက်မှုတွေနဲ့ ကြုံခဲ့ရတာပါ။ ဒီအကြောင်း ကိုအောင်အောင်က တင်ပြထားပါတယ်။

ဇန်နဝါရီလ ၁၆ ရက်နေ့က ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်တဲ့ ဆန္ဒထုတ်ဖော်ပွဲမှာ မန္တလေးမြို့ မစိုးရိမ်တိုက်သစ်က ဦးဝီရသူက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးမှူး မစ် Yanghee Lee ကို စကားလုံး ရင့်သီးစွားသုံးစွဲပြီး ခေါ်ဝေါ်ခဲ့တဲ့အပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid Ra’ad Al Hussein က ပြစ်တင်ဝေဖန်လိုက်ကြောင်း နယူးယောက် ကုလပြန်ကြားရေးအရာရှိ Andre Michel Essoungou က ပြောပါတယ်။

“မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သတ်ပြီး သွားရောက်လေ့လာနေတဲ့ ကုလ အဆင့်မြင့် သံတမန်တဦးကို အခုလိုမျိုး လိင်ကိစ္စနဲ့ နှိုင်းယှဉ်ပြီး စော်ကားမှုအပေါ် လုံး၀ လက်ခံနိုင်စရာမရှိပါဘူး။ မစ် Lee ဟာ သူလုပ်ရမယ့် အလုပ်တွေကိုပဲ လုပ်ခဲ့တာပါ။ ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးအနေနဲ့ တာဝန်ပေးခဲ့တာကိုပဲ သူလုပ်တာပါ။ ဘာသာရေးနဲ့ နိုင်ငံရေး ခေါင်းဆောင်တွေအနေနဲ့လည်း မစ် Lee တွေ့ရှိခဲ့တဲ့ လူမှုအသိုင်းအဝန်းတွင်းက ကိစ္စရပ်တွေကို ဖြေရှင်းဖို့ ကျနော်တို့ ပြောလိုပါတယ်။”

မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးမှူး မစ် Yanghee Lee ဟာ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာဖို့ ဒုတိယအကြိမ်ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ရောက်ရှိနေတာပါ။ ဒီခရီးစဉ်အတွင်း ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေကို သွားရောက်လေ့လာခဲ့ပြီး ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ လူ့အခွင့်အရေး အခြေအနေ ဆိုးရွားမှုအပြင် နိုင်ငံသားဖြစ်ရေးနဲ့ ပတ်သတ်ပြီး တိုက်တွန်း ပြောဆိုမှုတွေကြောင့် အခုလို တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိပေမဲ့ ဦးဝီရသူရဲ့ ပြောဆိုမှုနဲ့အပေါ် အမေရိကန် ပြည်ထောင်စုမှာ ရောက်ရှိနေတဲ့ ဦးဇဝနက အခုလို မိန့်ကြားပါတယ်။

“ဦးဇင်းတို့ဗုဒ္ဓဘာသာ ဆိုတာကလည်း တဘက်ကပြောလာတိုင်းလည်း လက်ခံမှာမဟုတ်ဘူးပေါ့နော်။ ဝေဖန်ပိုင်းခြားပြီးတော့မှ အကျိုးနဲ့အကြောင်းနဲ့ လက်ခံရင်လည်း ဘယ်အကြောင်းကြောင့် လက်ခံတယ်၊ လက်မခံရင်လည်း ဘယ်လိုအကြောင်းကြောင့် လက်မခံဘူးဆိုတာက ဖြစ်သင့်ဖြစ်ထိုက်တဲ့ လမ်းကြောင်းပေါ့။ အဲ့ဒီမှာ ဗုဒ္ဓဘာသာ ရဟန်းတော်တပါးအနေနဲ့ ကိုယ့်သိက္ခာပုဒ်တွေ တားမြစ်ထားတဲ့ ဥစ္စာကို ချိုးဖောက်ပြီးတော့ လူတွေအချင်းချင်းတောင်မှ မပြောဆိုသင့်တဲ့ စကားမျိုးကို ရဟန်းတော်တပါးက ပြောလိုက်တဲ့အခါကျတော့ ဘာတွေဖြစ်သွားသလဲဆိုရင် ဦးဇင်းတို့ ဗုဒ္ဓဘာသာရဲ့ ပုံရိပ်ရော၊ ရဟန်းတော်တွေရဲ့ပုံရိပ်ရော အားလုံး ပျက်စီးသွားတယ်လို့ ဦးဇင်းထင်တယ်။”

သမ္မတ ပြောခွင့်ရ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကလည်း ဒီလိုပြောဆိုမှုနဲ့ ပတ်သတ်ပြီး စုံစမ်းစစ်ဆေးဖို့ သာသနာရေးဝန်ကြီးဌာနကို မေးမြန်းထားကြောင်း ဧရာဝတီ သတင်းဌာနကို ပြောဆိုပါတယ်။ ဥရောပရောက် ရိုဟင်ဂျာကောင်စီကလည်း အခုလို ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်တဦးအပေါ် ထားရှိတဲ့ ဦးဝီရသူရဲ့ သဘောထားနဲ့ ပတ်သတ်ပြီး စိုးရိမ်မကင်းဖြစ်ကြောင်းနဲ့ မြန်မာအစိုးရအနေနဲ့ ဒီကိစ္စအပေါ် ကိုင်တွယ်ဖို့ ကုလသမဂ္ဂအနေနဲ့ ဖိအားပေးသင့်ကြောင်း ဇန်နဝါရီလ ၂၁ ရက်နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန် တိုက်တွန်းထားပါတယ်။

XS
SM
MD
LG