သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်ဒုက္ခသည်စခန်း ကုလအထူးသံ သွားရောက်ခွင့်မရ


(Photo Credit - Yanghee Lee (leeyh78) on Twitter)
(Photo Credit - Yanghee Lee (leeyh78) on Twitter)

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee ဟာ ဒီကနေ့ သူ့ခရီးစဉ်အတွင်းမှာ နေပြည်တော်က အစိုးရအရာရှိ အာဏာပိုင်တွေနဲ့ တွေ့ဆုံခဲ့ပါ တယ်။

ပြည်ထောင်စုဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာနက အဆင့်မြင့် အရာရှိတွေ အပါအဝင်၊ သမ္မတရုံး ပြည်ထောင်စုဝန်ကြီးတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ UN ရန်ကုန်ရုံးရဲ့ ပြန်ကြားရေး တာဝန်ခံ ဦးအေးဝင်း က ပြောပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုအောင်ရဲမောင်မောင် က တင်ပြထားပါတယ်။

Yanghee Lee ရဲ့ (၇) ရက်မြောက်နေ့ မြန်မာနိုင်ငံခရီးစဉ် အတွင်းမှာ နေပြည်တော်က အစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ UN ရန်ကုန်ရုံးရဲ့ ပြန်ကြားရေး တာဝန်ခံ ဦးအေးဝင်း က ပြောပါတယ်။

“နိုင်ငံခြားရေး ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့တယ်၊ ပြီးတော့ ကာကွယ်ရေး ဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်နဲ့ တွေ့ပါတယ်။ ရှေ့နေချုပ် ဒေါက်တာထွန်းရှင်နဲ့ တွေ့တယ်။ နိုင်ငံတော် သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်းနဲ့လည်း တွေ့တယ်။ နောက်တခါ ဝန်ကြီး ဦးအောင်မင်းနဲ့တကွ Myanmar Peace Centerက ပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ပါတယ်။”

Yanghee Lee အနေနဲ့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနဲ့ တွေ့ဆုံချိန်မှာ မြန်မာငြိမ်းချမ်းရေး စင်တာ MPC က တာဝန်ရှိသူတွေနဲ့ပါ တွေ့ဆုံဖြစ်ခဲ့တာပါ။ ဒီတွေ့ဆုံမှုမှာ ပါဝင်ခဲ့တဲ့ မြန်မာငြိမ်းချမ်းရေးစင်တာရဲ့ အကြီးတန်း အရာရှိတဦးက တွေ့ဆုံဖြစ်ခဲ့ချိန်မှာ ဆွေးနွေးခဲ့တာတွေကို အခုလို ပြန်ပြောပြပါတယ်။

“ရှမ်းပြည်နယ် ၂ နေရာ သွားချင်တယ်။ အဲဒီနေရာကို အစိုးရက သွားခွင့်မပြုဘူး။ အဲဒါသူ ဟိုဟာဖြစ်တယ်ပေါ့။ ဝန်ကြီး ဦးအောင်မင်းက ပြန်ပြောလိုက်တယ်။ ဒီဟိုဟာကတော့ အခုလောလောဆယ် ဟိုဟာပေါ့ Nationwide Ceasefire Argeement မထိုးနိုင်သေးတဲ့အတွက် လုံခြုံရေးအရ အန္တရာယ် ဖြစ်တဲ့အတွက် အစိုးရက ခွင့်မပြုတာပါပေါ့။ လာရှိုးမှာ IDP Camp ရှိလားပေါ့၊ လားရှိုးက IDP Camp ဆိုတာက တိုက်ပွဲဖြစ်တဲ့ အခါကျရင် ရွာကလူတွေ မြို့ပေါ်တက်လာတယ်။ တိုက်ပွဲအရှိန် ကျသွားတဲ့အခါကျရင် သူတို့က ပြန်ဆင်းတယ်။ နံပါတ် ၂ က - သူ ရခိုင်ကိစ္စနဲ့ ပတ်သက်ပြီး ရခိုင် Action Plan ကို သူသိချင်တယ်ပေါ့၊ ဒီအခု ဒုသမ္မတစိုင်းမောက်ခမ်း ဦးဆောင်ပြီးလုပ်နေတဲ့ ကျနော်တိ့ု ရခိုင်ကော်မရှင်က တင်ပြတဲ့ဟာ သိချင်တယ်တဲ့။ သူသက်ဆိုင်တဲ့ဟာကို သူတောင်းလို့ရှိရင် ရမှာပါလို့ ဝန်ကြီးဦးအောင်မင်းက အဲဒီ ရခိုင် Action Plan မှာ မပါဘူး။ မပါတဲ့အခါကျတော့ သူက ဒုသမ္မတဖြစ်ဖြစ် အဲဒီထဲက ဝန်ကြီးတယောက်ဆီဖြစ်ဖြစ် သွားပြီး သူတို့နဲ့ ဆက်သွယ်လိုက်ပါလို့။ တတိယအချက်က ဘာလို့ Nationwide Ceasefire Agreement မထိုးနိုင်တာလဲလို့ အဲဒါကို သူကမေးတယ်။ ဒါကို ဝန်ကြီးက ပြန်ရှင်းပြတယ်။ အဲဒါသူတို့လည်း ကြိုးစားနေတယ်ဆိုတာကို ပြန်ရှင်းပြတယ်။ ဖြစ်နိုင်ရင် ဖေဖော်ဝါရီလလောက် ဖြစ်နိုင်မယ်လို့ ယူဆတယ်ပေါ့ဗျာ။ မဖြစ်ရင်လည်း မဖြစ်ဘူးပေါ့။”

မနက်ဖြန်မှာလည်း မစ္စ Yanghee Lee အနေနဲ့ နေပြည်တော်မှာပဲ ရှိနေမှာ ဖြစ်ပါတယ်။ အစိုးရအဖွဲ့က တွေ့သင့်သူတချို့နဲ့ တွေ့ဆုံပွဲတွေ ရှိဦးမယ်လို့လည်း ဦးအေးဝင်း က ပြောပါတယ်။ မူလက သဘောတူထားပြီးဖြစ်တဲ့ ကုလသမဂ္ဂ မဟာမင်းကြီးရုံး မြန်မာနိုင်ငံမှာ အမြန်ဖွင့်ခွင့် ရရေးအတွက် သူ့ခရီးစဉ်အတွင်းမှာ အစိုးရအဖွဲ့ကို တွန်းအားပေးဖို့ လိုတယ်လို့လည်း မြန်မာ့အရေး လေ့လာအကဲဖြတ် ဒေါက်တာ ရန်မျိုးသိမ်းက ပြောပါတယ်။

“မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ်က ပုံမှန် မြန်မာနိုင်ငံကို လာရောက်တာလည်းပဲ ဒါက မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို ဆန်းစစ်တဲ့ နေရာမှာ ကျနော် ထိရောက်တယ်လို့ ယူဆလို့ရတယ်။ နောက်တဘက်ကကျတော့ ဘာလဲဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး ဖွင့်ဖို့ကိစ္စပေါ့။ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ရုံးဖွင့်ပြီးတော့ အဲဒီရုံးကနေပြီးတော့ မြန်မာနိုင်ငံမှာ ရုံးထိုင်ပြီးတော့ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေတွေကို စဉ်ဆက်မပြတ် လေ့လာနိုင်ဖို့က ပိုပြီးတော့ အရေးကြီးတယ်လို့ ကျနော်က မြင်တယ်ဗျ။”

Yanghee Lee အနေနဲ့ သူ့ခရီးစဉ်အတွင်းမှာ နိုင်ငံရေး အကျဉ်းသားတွေ၊ အကျဉ်းသားအရေး လှုပ်ရှားသူတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းက တက်ကြွလှုပ်ရှားသူတွေ၊ ပြီးတော့ မြန်မာ့အရေး လေ့လာအကဲဖြတ်တချို့ အပါအဝင် မီဒီယာ လောကထဲက တာဝန်ရှိသူတချို့နဲ့လည်း တွေ့ဆုံခဲ့တာပါ။ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက လူ့အခွင့်အရေး အခြေအနေတွေကိုလည်း ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက လေ့လာခဲ့ပါတယ်။ အခုခရီးစဉ်က တွေ့ရှိချက်တွေကိုတော့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို အစီရင်ခံစာ တင်သွင်းဖို့ ရှိပါတယ်။

XS
SM
MD
LG