သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအထူးကိုယ်စားလှယ် ကချင်ပြည်နယ်သွားရောက်စုံစမ်း


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်သစ် မစ္စ် Yanghee Lee
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်သစ် မစ္စ် Yanghee Lee

အသစ်ခန့်အပ်လိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms Yang Hee Lee (ယန်ဟီလီ) ဟာ ဒီကနေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို သွားရောက်ခဲ့ပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ကချင်ပြည်နယ်တွင်း တရားဥပဒေ စိုးမိုးမှု၊ ကလေးစစ်သားအသုံးပြုမှုနဲ့ ငြိမ်းချမ်းရေးမှာ အမျိုးသမီးများပါဝင်မှု အကြောင်းအရာတွေကို ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ဆုံစဉ် မေးမြန်းခဲ့ပါတယ်။ ဒါ့အပြင် စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေကိုလည်း ဆက်လက်သွားရောက်မှာဖြစ်တယ်လို့လည်း သိရပါတယ်။ အပြည့်အစုံကို ကိုစည်သူက ဆက်သွယ်မေးမြန်းထားပါတယ်။

မြန်မာအစိုးရရဲ့ ဖိတ်ကြားမှုနဲ့ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်သစ် Ms Yang Hee Lee ဟာ ဒီကနေ့မနက်ပိုင်းမှာ မြစ်ကြီးနားမြို့ကို ရောက်ရှိသွားပြီးတော့ ကချင်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် ကချင်ပြည်နယ် အစိုးရအဖွဲ့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ကချင်ပြည်နယ်တွင်း စစ်ဘေးရှောင် ဒုက္ခသည်တွေအရေး အပါအဝင် အရွယ်မရောက်သေးတဲ့ ကလေးစစ်သား အသုံးပြုမှုတွေ၊ ကချင်ပြည်နယ်တွင်း အကျင့်ပျက်ခြစားမှုဖြစ်စဉ်တွေကို ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ဆုံစဉ် မေးမြန်းခဲ့ကြောင်း ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာက အခုလိုပြောပါတယ်။

“သူသိချင်တာက ဖမ်းဆီးနှိပ်စက်တာတွေ ဘယ်လိုလဲ၊ ဒါမျိုးတွေ ရှိသလားပေါ့။ ဒါမျိုးလေးတွေကို သူက မေးတယ်။ နောက်ပြီးတော့မှ Peace Talk ပေါ့နော်- ငြိမ်းချမ်းရေးစကားပြောတဲ့အခါမှာ အမျိုးသမီးတွေက ဘယ်လောက်လောက် ပါဝင်သလဲ၊ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍပေါ့။ နောက်ပြီးတော့မှ အရွယ်မရောက်တဲ့ စစ်မှုထမ်းကိစ္စ၊ ပျက်စီးသွားတဲ့ရွာတွေမှာ မိုင်းကိစ္စတွေ မေးတယ်။ နောက် IDP camp ဘယ်လောက် ရှိသလဲ။ ဘော်ဒါဘက်မှာရော Beyond government ပေါ်မှာလည်း ဘယ်လောက်ရှိတာကို အဲဒါကတော့ ကျမ ကြိုတင်ပြီးမှ သူတို့ကို Profile တခါတည်း လုပ်ပေးလိုက်တယ်။ တရားဥပဒေဌာနတွေမှာ-တဲ့- corruption ကြောင့် ရေငုံနှုတ်ပိတ်နေတာတွေ ရှိသလား-တဲ့၊ အဲဒါတွေ ပြောတယ်။ နောက်ဆုံး မေးတာကတော့ မြေယာ ဆုံးရှုံးမှု ကိစ္စတွေ ဘယ်လောက်လောက် များသလဲဆိုတာမျိုး၊ အဲဒါလေးတွေ သူက အစမ်းသဘောမျိုးနဲ့ မေးသွားတာပေါ့။”

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်သစ် Ms. Yang Hee Lee (ယန်ဟီလီ) ဟာ ဒီကနေ့ နေ့လည်ပိုင်းမှာ ဗန်းမော်မြို့ကို သွားရောက်ခဲ့ပြီး စစ်ဘေးရှောင် ဒုက္ခသည် စခန်းတွေဆီကိုလည်း သွားရောက်ဦး မှာဖြစ်တယ်လို့ သိရပါတယ်။ Ms. Yang Hee Lee ဟာ မြန်မာနိုင်ငံခရီးစဉ် ပထမနေ့မှာပဲ အင်းစိန်ထောင်ကို သွားရောက်ခဲ့ပြီး ရခိုင်ပြည်နယ်ကိုလည်း သွားရောက်ခဲ့ပါသေးတယ်။ မနေ့က ဇူလိုင်လ (၂၀) ရက်နေ့မှာတော့ ရန်ကုန်မြို့ ကုလသမဂ္ဂရုံးမှာ လူ့အခွင့်အရေး ဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေ၊ ဥပဒေဆိုင်ရာ အဖွဲ့တွေအပါအဝင် သတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

“ကျနော်တို့နဲ့ပတ်သက်ပြီး အဓိက သူမေးတာကတော့ တရားဥပဒေပြဌာန်းတဲ့ စနစ်ပေါ့။ နိုင်ငံတကာ အရပ်ရပ်မှာ တိုင်းပြည်ဖွံ့ဖြိုးမှု တိုးတက်လာစေရေး သိပ်ပြီးတော့ တကယ်ကို ခေတ်မီတဲ့ ဥပဒေကို ပြဌာန်းလာတယ်ပေါ့။ ကျနော်တို့ဆီမှာ သူလေ့လာသလောက် ဥပဒေအဟောင်းတွေ ဖြစ်နေတယ်ပေါ့။ ဒါတွေကို အသစ်တွေနဲ့ ခေတ်မီအောင် ပြုပြင်ပြောင်းလဲဖို့ အခြေအနေ ဘယ်လို ရှိသလဲဆိုတဲ့ ကိစ္စတွေ မေးတယ်ပေါ့ဗျာ။ သူ့ဘက်က မေးတာတွေပဲများပါတယ်။ ကျနော်တို့ဘက်ကတော့ ကျနော်တို့ဆီက ဖြေဆိုချက်တွေကိုပဲ တင်ပြတာပေါ့လေ။”

တရားဥပဒေအသစ်ရေးဆွဲနေမှုတွေနဲ့ လက်ရှိ ကျင့်သုံးနေတဲ့ ဥပဒေတွေအကြောင်း Ms. Yang Hee Lee (ယန်ဟီလီ) နဲ့ တွေ့ဆုံစဉ် ပြောဆိုခဲ့တဲ့အကြောင်း တရားလွှတ်တော် ရှေ့နေ ဦးကိုနီ ပြောသွားတာပါ။ Ms. Yang Hee Lee (ယန်ဟီလီ) နဲ့ တွေ့ဆုံခဲ့တဲ့အထဲ ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ယက်က မသင်းသင်းအောင်လည်း ပါဝင်ခဲ့ပါတယ်။

“ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ပတ်သက်ပြီးတော့မှ ဒီမှာ ပြည်သူတွေအနေနဲ့ ဘယ်လောက်အထိ သိရှိမှု ရှိသလဲ၊ အထူးသဖြင့် အမျိုးသမီးတွေပေါ့နော်၊ အမျိုးသမီးတွေအနေနဲ့ရော ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဘယ်လောက် သိကြသလဲဆိုတဲ့ဟာကို မေးတယ်ပေါ့နော်။”

မစ္စ် Yang Hee Lee ဟာ ၂၀၁၄ ခုနှစ်မှာ တာဝန်ကုန်ဆုံးခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်ဟောင်း မစ္စတာကင်တားနား နေရာမှာ တာဝန်ထမ်းဆောင်တာဖြစ်ပါတယ်။ ကိုယ်စားလှယ်အသစ်ဟာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်တာတွေကို ပြတ်ပြတ်သားသား ထောက်ပြနိုင်လိမ့်မယ်လို့ နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့တွေက မျှော်လင့်ကြပါတယ်။ တရားလွှတ်တော် ရှေ့နေ ဦးကိုနီကတော့ သူ့ရဲ့အမြင်ကို ပြောပြပါတယ်။

“မစ္စ် ယန်ဟီလီက အခုမှ ရက်ပိုင်းပဲရှိသေးတော့ သူ့ရဲ့စွမ်းဆောင်ရည်ကို ကျနော်တို့ အခု အကဲဖြတ်လို့တော့ မရသေးဘူး၊ သို့သော် သူရောက်လာတဲ့အနေအထားက မစ္စတာ ကင်တားနားနဲ့ နည်းနည်းကွာသွားပြီ။ မစ္စတာကင်တားနားတုန်းက ကျနော်တို့က အကြီးအကျယ် ဖိနှိပ် ချုပ်ခြယ်ခံထားရတဲ့ အခြေအနေမျိုးမှာ တာဝန်ထမ်းဆောင်ရတာ ဖြစ်ပြီးတော့ အခု မစ္စ ယန်ဟီလီရောက်တဲ့အခါကျတော့ အတော်အတန် လွတ်လပ်ခွင့်ပေးတဲ့အချိန်မျိုးနဲ့ သွားပြီးတော့ ကြုံကြိုက်နေတယ်။ မစ္စတာကင်တားနားရဲ့ ဆောင်ရွက်မှုအပေါ်မှာလည်းပဲ အထူးသဖြင့်ပေါ့ဗျာ သူ့ကို oppose လုပ်တဲ့သူ၊ ကျနော်တို့ကတော့ ထောက်ခံတယ်။ သို့သော်လည်းပဲ အစိုးရဘက်ပါတဲ့လူတချို့ကတော့ သူ့အပေါ်မှာ နည်းနည်းလေး အကောင်းမမြင်တာ တွေ့ရတယ်။ တချို့အပိုင်းတွေပေါ့နော်။ မစ္စ် ယန်ဟီလီကျတော့ - ကျနော်ထင်တယ်၊ သူက ကျနော်တို့ရဲ့ အရှေ့တိုင်းရဲ့ ဓလေ့စရိုက်ကို သူက အတော်အတန် သူကိုယ်တိုင် အရှေ့တိုင်းသူဖြစ်တော့ပေါ့ဗျာ- ဒီဟာကို အတော်အတန် နားလည်ထားပြီး ဖြစ်တဲ့အခါကျတော့ သူ ပိုပြီးတော့များ အံဝင်ဂွင်ကျ ဝင်နိုင်မလားဆိုတဲ့ဟာလေးတချက်ပဲ ကျနော် မျှော်မှန်းမိတယ်ဗျ။”

မစ္စတာကင်တားနားနေရာမှာ တာဝန်ယူတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်သစ် တောင်ကိုရီးယားနိုင်ငံသူ Ms. Yang Hee Lee ရဲ့ ဆယ်ရက်ကြာ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်အတွင်း လေ့လာတွေ့ရှိချက်တွေကိုတော့ လာမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အစီရင်ခံစာတင်သွင်းသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

XS
SM
MD
LG