သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ရွေးကောက်ပွဲ ကုလလူ့အခွင့်အရေးကိုယ်စားလှယ်ကြိုဆို


 မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Yanghee Lee
မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Yanghee Lee

မြန်မာနိုင်ငံမှာ မကြာသေးခင်က ကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲတွေဟာ နိုင်ငံသမိုင်းမှာကဏ္ဍသစ်တခု ဖြစ်တယ်လို့ဆိုပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Yanghee Lee က ကြိုဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံက လူထုအားလုံးအတွက် လူ့အခွင့်အရေးအခြေအနေ တိုးတက်စေဖို့ သက်ဆိုင်သူအားလုံးနဲ့ လက်တွဲလုပ်ဆောင်မယ် ဆိုတဲ့ သူ့ရဲ့သန္နိဋ္ဌာန်ကိုလည်း ထပ်ပြီး အာမခံပြောဆိုပါတယ်။

လူထုက သူတို့ရဲ့ဆန္ဒကို ထုတ်ဖော်လိုက်ပြီဖြစ်ပြီး အခုဆို နောက်ကြောင်းပြန်လှည့်ဖို့ မရှိတော့ဘူးလို့ တနင်္လာနေ့ထုတ်ပြန်ချက် တခုထဲမှာ မစ္စ ယန်ဟီးလီကပြောထားပါတယ်။

ဒီမိုကရေစီအသွင်ကူးပြောင်းရေး နောက်ထပ်လုပ်ဆောင်တာတွေမှာ အစိုးရသစ်နဲ့ လက်တွဲလုပ်ဆောင်ချင်သူတွေကို အကာ အကွယ်ပေးဖို့နဲ့ အထောက်အကူပြုဖို့ ရွေးကောက်ပွဲပြီး အခင်းအကျင်းသစ်မှာ လူ့အခွင့်အရေးကို လေးစားလိုက်နာပြီးတော့ ဒီမိုကရေစီနည်းကျ လုပ်ကိုင်ခွင့်ရရှိရေး သေချာအောင်လုပ်ရပါမယ်လို့ ထုတ်ပြန်ချက်မှာပြောထားပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့က လူထောင်ပေါင်းများစွာ မဲရုံတွေကိုသွားကြတာကို တွေ့ရတာကို တကယ့်ကို အားတက်ဝမ်းသာစရာပါ လို့ ဆိုသလို အဲဒီထဲကအများအပြားဟာ သူတို့ဘဝမှာ ပထမဆုံးအကြိမ် မဲပေးကြတာဖြစ်တယ်ဆိုတာကိုလည်း ထောက်ပြထား ပါတယ်။

တချိန်ထဲမှာပဲ ရွေးကောက်ပွဲမတိုင်ခင် ကာလတွေမှာ လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်ချက်တွေ ရှိခဲ့တာကိုလည်း ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်က ထောက်ပြပါတယ်။ အဲဒီထဲမှာ လူထောင်ပေါင်းများစွာ မဲပေးခွင့်မရတာ၊ မူစလင်ကိုယ်စားလှယ်အများအပြား အပယ်ခံရတာ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ဖွဲ့စည်းခွင့်တွေ ဆက်ပြီး ကန့်သတ်ခံထားရတာတွေကို ဥပမာပေး ဖော်ပြထားပါတယ်။

အဲဒီစိုးရိမ်ချက်တွေဟာ အစိုးရသစ်အနေနဲ့ ချက်ခြင်း အာရုံစိုက်လုပ်ဖို့ လိုအပ်တဲ့ လူ့အခွင့်အရေးဆိုင်ရာ ကျယ်ပြန့်တဲ့စိန်ခေါ်မှု တွေ ဖြစ်ပါတယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စ ယန် ဟီးလီက ပြောထားပါတယ်။

XS
SM
MD
LG