သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မင်္ဂလာဒုံလေယာဉ်ကွင်း ပုဂ္ဂလိကနဲ့ ဖက်စပ်လုပ်မည်


ရန်ကုန်အပြည်ပြည်ဆိုင်ရာမင်္ဂလာဒုံလေဆိပ်
ရန်ကုန်အပြည်ပြည်ဆိုင်ရာမင်္ဂလာဒုံလေဆိပ်
ရန်ကုန်အပြည်ပြည်ဆိုင်ရာမင်္ဂလာဒုံလေဆိပ်ကြီးကို ပုဂ္ဂလိက အစိုးရ အကျိုးတူ ဆောင်ရွက်ဖို့ နိုင်ငံခြားက ရင်းနှီးမြုပ်နှံသူတွေနဲ့ ပြည်တွင်းက အကျိုးတူဆောင်ရွက်လိုသူတွေကို ဖိတ်ခေါ်ပြီး ဒီကနေ့ မှာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ အခုလိုဖိတ်ခေါ်လိုက်တဲ့အခါမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ်ကြီးကို အဆင့်မြင့် ဖို့ လေဆိပ်တိုးချဲ့မှုလုပ်ငန်း၊ လေဆိပ်ဝန်ဆောင်မှုလုပ်ငန်း စီမံခန့်ခွဲရေး နှင့် ပြုပြင်
ထိန်းသိမ်းရေး လုပ်ငန်းတွေ ဆိုပြီး လုပ်ဆောင်သွားမှာ ဖြစ်တယ် လို့ လေကြောင်းဦးစီးညွန်ကြားမှုဦးစီးဌာန က ပြောဆိုလာပါတယ်။
ဒီသတင်းအပြည့်အစုံကိုတော့ VOA ရန်ကုန် အခြေစိုက်သတင်းထောက် ကိုအောင်ရဲမောင်မောင်က ဆက်သွယ် စုံစမ်းမေးမြန်းထားပါတယ်။

လက်ရှိလေကြောင်းဦးစီးဌာနက တာဝန်ယူနေတဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ်ကြီး ကို ပုဂ္ဂလိကပိုင်း က တာဝန်ယူ ဆောင်ရွက်ချင်တဲ့ ပြည်တွင်းက လုပ်ငန်းရှင်တွေနဲ့ ပြည်ပ က လေဆိပ်လုပ်ငန်း ဆောင်ရွက်နေကြတဲ့သူတွေ ပူးပေါင်းထားတဲ့ အစုအဖွဲ့တွေက လုပ်ငန်းတွေ လုပ်ကိုင်ချင်တယ် ဆိုရင် လွှဲပေးလိုက်မှာ ဖြစ်တယ်လို့ လေကြောင်းဦးစီးညွန်ကြားမှု ဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဦးဝင်းဆွေထွန်း က ပြောပါတယ်။

“ပြည်တွင်းက Local Investors တဖွဲ့ ဖွဲ့ပါရမယ်။ ဒါ Investors အနေနဲ့ ဖြစ်ရင်ဖြစ်မယ်၊ ဒီကကုမ္ပဏီတခုနဲ့ JV ပုံစံ ပေါ့နော်။ ပေါင်းလာပြီးတော့ လုပ်တာမျိုးပေါ့။ ဒီမှာ နိုင်ငံခြား က လေဆိပ်လုပ်တဲ့သူလည်း ဖြစ်ချင်ဖြစ်မယ်ပေါ့နော်။ တည်ဆောက်ရေးလည်း ဖြစ်ချင်ဖြစ်မယ်။ သူတို့က အသင်းအဖွဲ့နဲ့ ကုမ္ပဏီအစုအဖွဲ့နဲ့ စုလာပြီးတော့ ဒီကတဖွဲ့နဲ့ ပေါင်း၊ ပေါင်းပြီးလို့ရှိရင် ကျနော်တို့က လေဆိပ်ကြီးတခုလုံးရဲ့ ကိစ္စကို လွှဲပေးမှာ။”

ပြည်တွင်းရင်းနှီးမြုပ်နှံသူတွေနဲ့ ပြည်ပက ဆောင်ရွက်လိုတဲ့ လုပ်ငန်းရှင်အဖွဲ့တွေ အကျိုးတူ ပူးပေါင်းဆောင်ရွက်ကြဖို့ လေကြောင်းဦးစီးညွန်ကြားမှု ဦးစီးဌာနဖိတ်ခေါ်တာဖြစ်ပါတယ်၊
အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးကို ဆောင်ရွက်ဖို့အတွက် လုပ်ငန်းရှင်တွေ ဘယ်လောက် ပါလာ ပါလာ၊ အစိုးရပိုင်းကတော့ သူတို့စုဖွဲ့ထားတဲ့ လုပ်ငန်းစုကြီးတစ်ခုနဲ့သာ ဆောင်ရွက်မယ် လို့လည်း ဦးဝင်းဆွေထွန်းက ပြောခဲ့ပါတယ်။

လက်ရှိ ပုဂ္ဂလိက အစိုးရအကျိုးတူ ဆောင်ရွက်ဖို့က အစိုးရပိုင်း လေဆိပ်ဝန်ဆောင်မှု နဲ့ ပတ်သက်ပြီး ဆောင်ရွက်လိုသူ တွေက ထင်သာမြင်သာမှုရှိအောင် ဖိတ်ခေါ်လိုက်တာဖြစ်ပြီး ဆက်လက် ဆောင်ရွက်ရမဲ့ လုပ်ငန်း ဆောင်တာအခြေအနေတွေနဲ့ ပတ်သက်ပြီး ဦးဝင်းဆွေထွန်းက အခုလို ရှင်းပြပါတယ်။

“ အဓိကကတော့ ရန်ကုန်လေဆိပ်တခုလုံးကို Private Sector Pariticipation ကို ဖိတ်ခေါ်တယ်။ ဖိတ်ခေါ်ချက်ကို အဲ့ဒီ့အတွက်ကို လိုလားချက်တွေနဲ့ ကျနော်တို့ဘက်က Prequalification Invite လုပ်တယ်ပေါ့။ ဒီနေ့သတင်းစာထဲမှာလည်း Invitation ပါလာပြီးပြီ။ နောက်ဆုံးရက်ကို ဒီဇင်ဘာ ၅ရက်ကို Prequalificationအတွက်ကို Application တင်ရမယ်ပေါ့။ အဲတ့ာတင်ပြီးရင် ကျနော်တို့က အောင်တဲ့အဖွဲ့ပေါ့။ အောင်တဲ့အဖွဲ့ကို assessment လုပ်မယ်။ အဲ့ဒီ့က အောင်တဲ့အဖွဲ့ကို တင်ဒါတင်ခိုင်းမယ်။”

ရန်ကုန်အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ်ကြီးကို ပုဂ္ဂလိက အခန်းကဏ္ဍ နဲ့ အကျိုးတူဆောင်ရွက်တဲ့ အခါ လေဆိပ် တိုးချဲ့တည်ဆောက် ခြင်းလုပ်ငန်းတွေ လေဆိပ် ဝန်ဆောင်မှုလုပ်ငန်းတွေ စီမံခန့်ခွဲရေး နဲ့ ပြုပြင်ထိန်းသိမ်းရေး ပိုင်းတွေကို ပါ လုပ်ငန်းလုပ်ကိုင်ခွင့် ရရှိတဲ့ လုပ်ငန်းစုကြီးက ဆောင်ရွက်ရမယ်လို့ ဦးဝင်းဆွေထွန်း က ပြောခဲ့ပါတယ်။

အခုလိုဆောင်ရွက်တဲ့ အတွက် လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိတဲ့ လုပ်ငန်းစုကြီး ရရှိမဲ့ အကျိုးအမြတ်တွေ ဘာလို ရရှိနိုင်မလဲ ဆိုတာတွေနဲ့ပတ်သက်ပြီး ဦးဝင်းဆွေထွန်း က အခုလို ရှင်းပြခဲ့ပါတယ်။

“လေယာဉ်ဆင်းသက်ခ၊ ရပ်နားခ၊အဲ့တာပြီးရင် တခြားသော လုပ်ငန်းတွေ၊ ဥပမာ Personal Serivce Charges ပေါ့။ နိုင်ငံခြား အထွက်ခရီးသည်တယောက် ၁၀ဒေါ်လာကောက်တယ်။ အဲ့လိုကောက်တဲ့ဟာတွေ သူတို့ ပြန်ရမှာပေါ့။ နောက်အလားတူပဲ ကားရပ်နားနေရာတို့၊ အရောင်းဆိုင်တို့၊ အဲ့တာမျိုးတွေလည်း ဝင်ငွေအနေနဲ့ ပြန်ရမှာပေါ့။”

ရန်ကုန်အပြည်ပြည်ဆိုင်ရာမင်္ဂလာဒုံလေဆိပ်ကြီးကို ပုဂ္ဂလိက အခန်းကဏ္ဍနဲ့ အကျိုးတူဆောင်ရွက် မှာ ဖြစ်ပေမဲ့ အစိုးရ လေကြောင်းဦးစီးဌာနကလည်း စည်းမျဉ်းစည်းကမ်း စံချိန်စံညွှန်းတွေကို ဆက်လက်ထိန်းညှိပေးဖို့အတွက် ရှိနေဦးမယ်လို့ လည်း သူက ပြောပါတယ်။

“ရှိနေဦးမှာပါ။ ကျနော်တို့ လေကြောင်းဦးစီးအနေနဲ့က Safety အနေနဲ့က စည်းမျဉ်းစည်းကမ်း၊ စံချိန်စံညွန်း ကို ထိန်းသိမ်းပေးရမှာပါ။”

မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့ လက်ရှိ တစ်နှစ်လုံးစာ ပြည်တွင်း ပြည်ပ ခရီးသည်လက်ခံနိုင်စွမ်းဟာ ၂. ၇ သန်းသာ ရှိနေတာကြောင့် နောက်ပိုင်း ဆက် လက်ဆောင်ရွက်ရမဲ့ ပုဂ္ဂလိ က လုပ်ငန်းရှင်တွေဘက်ကနေ ၂၀၁၆ ခုနှစ်ထိ ခရီးသည်လက်ခံနိုင်စွမ်းဟာ ၅.၅သန်း ထိ ရှိနေအောင်ဆောင်ရွက်ရမယ်လို့ လေကြောင်းဦးစီး ဘက်က လုပ်ငန်းရှင်တွေကို တောင်းဆို ထားပါတယ်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ်ဟာ အကျယ်အဝန်း အားဖြင့် ၁၀၇၂ ဧက သာ ရှိပြီး ခရီး သည် လက်ခံဖို့က နောက်ဆုံး ၅.၅ သန်း သာ ရရှိနိုင်တော့မှာ ဖြစ်တာကြောင့် အကျယ် အဝန်း အားဖြင့် ၉၆၆၀ ဧက ရှိလာမဲ့ ပဲခူး အပြည်ပြည်ဆိုင်ရာ ဟံသာဝတီလေဆိပ် ကို လည်း စီမံကိန်းတစ်ခု အနေနဲ့ ဆောင်ရွက်နေပြီလို့ ဦးဝင်းဆွေထွန်းက ပြောခဲ့ပါသေးတယ်။
XS
SM
MD
LG