သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်၊ သာကေတ ဗုံးကွဲမှု ကလေးနှစ်ဦး ဒဏ်ရာရ


သာကေတဗုံးပေါက်ကွဲမှု။ (ရန်ကုန်တိုင်းရဲတပ်ဖွဲ့ facebook မှ ကူးယူဖော်ပြပါသည်။)
သာကေတဗုံးပေါက်ကွဲမှု။ (ရန်ကုန်တိုင်းရဲတပ်ဖွဲ့ facebook မှ ကူးယူဖော်ပြပါသည်။)
အောက်တိုဘာ (၁၃) ရက် မနေ့ ညနေက ရန်ကုန်တိုင်း သာကေတမြို့နယ် အခွန်လွတ်ဈေးရှေ့မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ကလေးငယ် (၂) ဦး ထိခိုက် ဒဏ်ရာရရှိသွားပါတယ်။ ဘယ်သူဘယ်ဝါ လက်ချက်ဆိုတာ မသိရသေးပေမယ့် စုံစမ်းဆဲဖြစ်တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ပြောပါတယ်။ အကြောင်းစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

တနင်္ဂနွေ မနေ့ညနေပိုင်း ၅ နာရီခွဲကျော်လောက် သာကေတမြို့နယ် အမှတ် (၃) မာန်ပြေရပ်ကွက်၊ ယမုံနာလမ်း၊ အခွန်လွတ် ဈေးရှေ့ ပလက်ဖောင်းနား ရပ်ထားတဲ့ နောက်တွဲယာဉ်အောက်က ကြွပ်ကြွပ်အိတ် အတုပ်တစ်ထုပ်ကို ကလေးငယ်တွေက ကောက်ယူပြီး အထဲက စားပွဲတင်နာရီလက်တံကို လှည့်ကြည့်ရာက ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။ ဒီပေါက်ကွဲမှုကြောင့် အသက် (၁၄) နှစ်အရွယ် မောင်ထက် အောင်နိုင်နဲ့ ဝင်းမင်းထွေးတို့နှစ်ဦးရဲ့ ခြေလက်တွေမှာ သွေးထွက်ဒဏ်ရာရရှိသွားပေမယ့် စိုးရိမ်ရမယ့် အခြေအနေမရှိဘူးလို့ ရန်ကုန် ရဲတပ် ဖွဲ့ရဲ့ သတင်းစာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒီလို အခင်းဖြစ်ပွားတဲ့နေရာကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့တာဝန်ရှိသူတွေ သွားရောက်လေ့လာ စစ်ဆေးခဲ့ပေမယ့် ခုချိန်ထိတော့ လက်သည် တရားခံ ဘယ်သူလဲဆိုတာကို မထုတ်ဖော်နိုင်သေးပါဘူး။ အခွန်လွတ်ဈေး နယ်မြေနဲ့သက်ဆိုင်တဲ့ သာကေတ အမှတ် (၁) ရဲစခန်းကို ဗွီအိုအေက ဆက်သွယ်မေးမြန်းကြည့်တော့ တာဝန်ကျ ရဲအရာရှိတဦးက အခုလို စတင်ဖြေကြားပါတယ်။

“ဖြစ်တာက (၃) မာန်ပြေရပ်ကွက်၊ ယမုံနာလမ်း၊ လမ်းဘေးခင်ဗျ - အခွန်လွတ်ဈေးရှေ့။”

မေး။ ။ ထိခိုက်ဒဏ်ရာရမှု အခြေအနေဘယ်လိုရှိလဲခင်ဗျ။

“၁၄ နှစ်အရွယ် ကလေးနှစ်ယောက် ခြေထောက်နဲ့လက်နဲ့ ပွန်းပဲ့ဒဏ်ရာရသွားတယ်။”

မေး။ ။ သေဆုံးတာတွေ ရှိလားခင်ဗျာ။

“မရှိပါဘူးခင်ဗျ။ မရှိပါဘူး။”

မေး။ ။ ဒီဗုံးကွဲတဲ့ လက်သည်တရားခံကိုရော။

“စုံစမ်းဆဲပါခင်ဗျာ။ စုံစမ်းဆဲပါ။”
မေး။ ။ ဟုတ်ကဲ့။ ဘယ်လို အဖွဲ့အစည်းမျိုးက လုပ်တယ်လို့ ယူဆလို့ ရမလဲခင်ဗျ။

“သြော် အဲလိုတော့ ယူဆလို့ မရသေးပါဘူး ခင်ဗျာ။ စုံစမ်းဆဲမို့လို့ပါ။”

မေး။ ။ အဲဒီတော့ ဆရာတို့ မင်္သကာဖြစ်တဲ့လူတွေကို စစ်ဆေးမေးမြန်းတာမျိုးတွေ ရှိနေပြီလား ခင်ဗျာ။

“မရှိပါဘူး ခင်ဗျာ။ မရှိသေးပါဘူး။”

သာကေတမြို့နယ် အမှတ် (၁) ရဲစခန်း တာဝန်ကျရဲအရာရှိဖြေဆိုသွားတာပါ။ ဒီရက်ပိုင်းတွင်း မြန်မာနိုင်ငံမှာ ဗုံးနဲ့ အခြားပေါက်ကွဲမှုတွေ ခပ်စိပ်စိပ် ဖြစ်လာနေတာတွေ့ရပါတယ်။ စနေနေ့ည သန်းခေါင်အချိန် အင်းစိန် စော်ဘွားကြီးကုန်း ကားမှတ်တိုင်နားမှာလည်း ပေါက်ကွဲမှုတခု ဖြစ်ခဲ့ပြီး မပေါက်ကွဲသေးတဲ့ လက်လုပ်မိုင်းတလုံးကို ရှာဖွေတွေ့ရှိကြောင်း ရန်ကုန်ရဲတပ်ဖွ့ဲရဲ့ ဖေ့စ်ဘွတ် သတင်းစာမျက်မှာ ရေးသားထား ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ညကလည်း ပဲခူးတိုင်း တောင်ငူမြို့ တည်းခိုခန်းမှာ ဗုံးပေါက်ကွဲ တာကြောင့် လူ (၂) ဦး သေဆုံးခဲ့ရပါတယ်။

၁၉၈၈ ခုနှစ် လူထုအုံကြွမှုနောက်ပိုင်း ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်ကာလ အထိ လူတွေသေစေခဲ့တဲ့ မြန်မာပြည်တွင်း ဗုံးပေါက်ကွဲမှုတွေ ဖြစ်တိုင်း KNU/ ABSDF စတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ နယ်စပ်အခြေစိုက် အတိုက်အခံနိုင်ငံရေး အဖွဲ့အစည်းတွေကို အစိုးရက သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး စွပ်စွဲလေ့ရှိပေမယ့် အခုနောက်ပိုင်း ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်လို့ အစိုးရက စွပ်စွဲပြောဆိုတာမျိုး မရှိသေးပါဘူး။

အခုတော့ ရန်ကုန်နဲ့ မြို့ကြီးတချို့မှာ လုံခြုံရေးတိုးမြှင့်ချထားတယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ သတင်းအရသိရပြီး မသင်္ကာဖွယ်ရာအထုတ်တွေ တွေ့ရင် ရဲဌာနအရေးပေါ်ဖုန်း ၁၉၉ ကို အကြောင်းကြားကြဖို့ ရဲတပ်ဖွဲ့က နှိုးဆော်ထားပါတယ်။
XS
SM
MD
LG