သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုလိုနီခေတ်ကျန် စုပေါင်းတရားရုံးထိန်းသိမ်းရေး ရှေ့နေတွေ ဆန္ဒပြ


ကိုလိုနီခေတ်ကျန် စုပေါင်းတရားရုံး ထိန်းသိမ်းရေး ရန်ကုန်မြို့မှာ ရှေ့နေတွေဆန္ဒပြ။ ၂၈ မေ၊ ၂၀၁၄ (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)
ကိုလိုနီခေတ်ကျန် စုပေါင်းတရားရုံး ထိန်းသိမ်းရေး ရန်ကုန်မြို့မှာ ရှေ့နေတွေဆန္ဒပြ။ ၂၈ မေ၊ ၂၀၁၄ (ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)
ရန်ကုန်မြို့က သမိုင်းဝင် အဆောက်အဦးတခုအဖြစ် ကျန်ရှိနေဆဲ စုပေါင်းတိုင်းတရားရုံးကြီးကို ဟိုတယ်အဖြစ် ပုဂ္ဂလိကကုမ္ပဏီကို ငှားရမ်းသုံးစွဲခွင့် ပြုခဲ့တဲ့ အစီအစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ ရန်ကုန်မြို့မှာ ရှေ့နေတွေ ဒီကနေ့ ကန့်ကွက်ဆန္ဒပြကြပါတယ်။

ရန်ကုန်မြို့က ကိုလိုနီခေတ် လက်ကျန် ရှေးဟောင်း အဆောက်အဦးတွေကို စောင့်ရှောက်ဖို့ ကြိုးပမ်းနေတဲ့ Yangon Heritage Foundation ကလည်း စုပေါင်းတိုင်းတရားရုံးအပါအဝင် သမိုင်းဝင် အမွေအနှစ်တခုအဖြစ် စောင့်ရှောက်ဖို့ အရေးတကြီး လိုအပ်နေပြီလို့လည်း ပြောပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင် ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က အစိုးရပိုင် အဆောက်အအုံတွေကို ပုဂ္ဂလိကကို ပေးလိုက်ချိန်မှာ ပါဝင်ခဲ့တဲ့ ရန်ကုန်မြို့ ကမ်းနားလမ်းနဲ့ ဘဏ်လမ်းကြားက စုပေါင်းရုံး အဆောက်အဦးကို ပုဂ္ဂလိကပိုင်ဟိုတယ်အဖြစ် ပြောင်းလဲမယ့်အစီအစဉ်ကို ဖျက်ဖို့ တိုက်တွန်းနေတဲ့ကြားက စီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်နေတာကြောင့် ဒီကနေ့ ကန့်ကွက်ဆန္ဒပြကြတာဖြစ်ပါတယ်။

ရန်ကုန်မြို့က ထင်ရှားတဲ့ ဗိသုကာနဲ့ သမိုင်းဝင် အဆောက်အဦးတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ကြိုးပမ်းနေတဲ့ Yangon Heritage Foundation အဖွဲ့ကလည်း ရှေးဟောင်းလက်ကျန် အဆောက်အဦးတွေကို မူလပုံစံတွေ မပျက်အောင် ထိန်းသိမ်းရာမှာ စီမံကိန်းချ ဆောင်ရွက်ဖို့ အရေးကြီးတဲ့အကြောင်း အဲဒီအဖွဲ့ ဥက္ကဌဖြစ်တဲ့ ဒေါက်တာသန်းမြင့်ဦးက ပြောပါတယ်။

“ရန်ကုန်မြို့တမြို့ပဲ Asia မှာကျန်တော့တယ် ဒီလိုမြို့မျိုး။ ဘာလို့လဲဆိုတော့ ကျနော်တို့ကလည်း နှစ် ၅၀ လုံးလုံး သေချာ ဒီ တခြားနိုင်ငံတွေလို Development မရှိတဲ့အတွက် ကျနော်တို့မှာ အဆောက်အဦးအဟောင်းတွေ အများကြီးရှိတယ်။ ဒါက တန်ဖိုးကလည်း အများကြီးရှိတယ်။ ဘာလို့လဲဆိုတော့ အရှေ့တောင်အာရှမှာ ဒီလိုမြို့မျိုး မရှိတော့ဘူး။ အဲတော့ ကျနော်တို့ သေချာစဉ်းစားရမှာက အဲ့ဒီရှိတဲ့ Legacy နဲ့ပေါ့နော် ဒီရှိတဲ့ Heritage နဲ့ ဘယ်လိုသုံးမလဲ။ ပြည်သူလူထုအတွက် ဘယ်လိုသုံးနိုင်မလဲ။ Plan တခုရှိရမယ်။ Funding သေချာရှာရမယ်။ အကုန်လုံး စနစ်တကျနဲ့ လုပ်ရမယ်လို့ ကျနော်ထင်တယ်။”

ခေတ်အဆက်ဆက် တရားရုံးဖြစ်ခဲ့တဲ့ စုပေါင်းရုံးကြီးသာ ဟိုတယ်အဖြစ် ဆက်လုပ်နေမယ်ဆိုရင် ရှေ့နေကွန်ရက်က တရားဥပဒေကြောင်းအရ ဖြေရှင်းဖို့ အတွက် ပြီးခဲ့တဲ့နှစ် ဧပြီလတုန်းက ပြည်ထောင်စုအဖွဲ့နဲ့ ဟိုတယ်အဖြစ် ရယူထားတဲ့ Flying Tiger ကုမ္ပဏီကို သတိပေးစာပို့ အကြောင်းကြားထား ပြီးတော့ လာမယ့်ဇွန်လမှာတော့ တရားစွဲတာတွေ စတင် လုပ်ဆောင်တော့မှာ ဖြစ်တယ်လို့ ရှေ့နေကွန်ရက်က တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

“ဥပဒေအရ ကျနော်တို့က တရားမကျင့်ထုံးဥပဒေပုဒ်မ ၈၀ အရ ကျနော်တို့က ရက် ၆၀ အစိုးရကို တရားစွဲမယ်ဆိုရင် သတိပေးစာ ပေးရပါတယ်။ ကျနော်တို့ ၂၀၁၃ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ အစိုးရကို ဒီကိစ္စ ဆက်မလုပ်ဖို့အတွက် Notice စာ ပေးထားပါတယ် လုပ်ရင် တရားစွဲမယ်ဆိုပြီးတော့။ ပေးထားပြီးတော့ တနှစ်ကျော်သည်အထိ ဆက်လုပ်နေတဲ့အတွက်ကြောင့်မို့ ကျနော်တို့ဟာ အခုလိုပေါ့ ဥပဒေနဲ့အညီ သက်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရယ်၊ အမှုသည်အဖြစ် ပူးတွဲပါမယ့် Flying Tiger ကုမ္ပဏီပေါ့ဗျာ အဲ့ဒီဟာကို ယူထားတဲ့ အင်မတန် မမျှမတတဲ့ ငှားရမ်းခနှုန်းနဲ့ ယူထားတဲ့ Flying Tiger ကုမ္ပဏီရယ်၊ ကျနော် ဥပဒေအရ ဒါကို ရပ်စဲပြီးတော့ တရားရုံးကြီးကို အများပြည်သူနဲ့ဆိုင်တဲ့ တရားရုံးကြီးအဖြစ် ပြန်ထားဖို့အတွက် ဥပဒေနဲ့အညီ တရားစွဲဖို့ကို စီစဉ်ရတာဖြစ်ပါတယ်။ ရှေ့လ ဇွန်လထဲမှာပဲ စွဲမှာပါခင်ဗျ။”

စုပေါင်းရုံးအဆောက်အဦးကို ဟိုတယ်အဖြစ် ဆောက်လုပ်သွားမှာကို ရပ်ဆိုင်းဖို့ မဖြစ်နိုင်တဲ့အကြောင်း ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော် အစည်းအဝေးအတွင်းမှာ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြောကြား ခဲ့ပါတယ်။ အခုလို ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး က စုပေါင်းရုံးကြီးကို ဟိုတယ်မဖြစ်ရေး ကန့်ကွက်နေတဲ့ကြားက အခုလို ဆက်လက် အကောင်အထည်ဖော်မယ် လို့ ပြောကြားခဲ့တာကို ရှေ့နေ ကွန်ရက်က တာဝန်ရှိ ခေါင်းဆောင်ပိုင်းတွေက အပြင်းအထန် ကန့်ကွက်ခဲ့ကြပြီး ဒီတကြိမ် ဆန္ဒထုတ်ဖော်တာဟာဆိုရင် ဒုတိယအကြိမ်မြောက် ဖြစ်တယ်လို့လည်း ဦးကြီးမြင့် က ပြောပါတယ်။

“နောက် ကမ်းနားလမ်းမှာရှိတဲ့ ရုံးတွေအားလုံး စုပေါင်းထားတဲ့ ခရိုင်အဆင့်၊ တိုင်းအဆင့်၊ မြို့နယ်တွေပေါင်းထားတဲ့ စုပေါင်းတရားရုံးကြီးရယ်ကို ပြတိုက်နဲ့ ဟိုတယ်တွေ လုပ်မယ်ဆိုတဲ့ကိစ္စရယ်၊ နောက်တခါ ရုံးခွန်၊ တံဆိပ်ခွန်တွေကို အခွန်မျိုးစုံကို အဆ ၁၀၀ - ၁၅၀၀ ထိ တိုးလိုက်တဲ့ကိစ္စကို ကျနော်တို့က မကျေနပ်လို့ ဆန္ဒပြတာပါခင်ဗျာ။ အဲ့ဒီလို ဆန္ဒပြပြီးတဲ့နောက် ၁၀ ရက်အကြာမှာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက နေပြည်တော်ကနေ ဆင်းလာပြီး ကျနော်တို့နဲ့ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှာ ကျနော်တို့ မြန်မာနိုင်ငံ ရှေ့နေကွန်ရက်နဲ့ ဆွေးနွေးပါတယ်ခင်ဗျာ။ ဆွေးနွေးပြီးတော့ ပြည်သူမကြိုက်တဲ့ဟာ ပြည်သူမလိုလားတဲ့ဟာ မလုပ်ပါဘူးဆိုပြီးတော့ ကျနော်တို့ ပန်းဆိုးတန်းက တရားလွှတ်တော်ချုပ်ရုံးကြီးကို ပြတိုက် လုပ်မယ့်ဥစ္စာကို ရပ်ထားပေးပြီးတော့ရင် ရုံးခွန်၊ တံဆိပ်ခွန်တွေကိုလည်းပဲ ကျနော်တို့ ဝန်ကြီးဦးအောင်သောင်းနဲ့ ညှိပြီးတော့ ကျနော်တို့ ၆၀ ရာခိုင်နှုန်းလောက် ပြန်လျှော့ပေးပါတယ်။ ဒါပေမဲ့လို့ ကမ်းနားလမ်းက ကျနော်တို့အတွက် အသက်တမျှ အရေးပါတဲ့ တိုင်းသူပြည်သားတွေ အများပြည်သူ အဆင်ပြေနေတဲ့ နှစ်ပေါင်း ၈၅ နှစ်ကျော်ကြာရှိတဲ့ စုပေါင်းတရားရုံးကြီးကို ဟိုတယ်လုပ်တာကို လျှော့မပေးဘဲနဲ့ ဆက်လုပ်နေတာကြောင့် ဒုတိယအကြိမ် ဆန္ဒပြရခြင်း ဖြစ်ပါတယ်ခင်ဗျ။”

ဒီကနေ့ မဟာဗန္ဓုလပန်းခြံလမ်းနဲ့ ဆူးလေဘုရာလမ်းမှာ လမ်းလျှောက်ကန့်ကွက် ဆန္ဒထုတ်ဖော်မှုမှာ ရန်ကုန်အခြေစိုက် ရှေ့နေ ၁၀၀ နီးပါး ပါဝင်ခဲ့ပါတယ်။ အစိုးရအဖွဲ့ကတော့ ဒီစုပေါင်းတိုင်းတရားရုံးကြီးကို ဟိုတယ်အဖြစ် အသွင်ပြောင်းဖို့ လုပ်ရတာဟာ အစိုးရအနေနဲ့ ဒီအဆောက်အအုံကြီးကို ဆက်လက် ထိန်းသိမ်းဖို့ ငွေကြေး မတတ်နိုင်တာကြောင့် ဖြစ်တယ်လို့ အကြောင်းပြချက် ပေးထားပါတယ်။ Yangon Heritage Foundation အဖွဲ့ကတော့ ရန်ကုန်မြို့မှာ ထိန်းသိမ်းစောင့်ရှောက်ဖို့ အဆိုပြုထားတဲ့ အဆောက်အဦးတွေကတော့ ပန်းဘဲတန်းမြို့နယ်နဲ့ ကျောက်တံတား မြို့နယ်တွေမှာရှိတဲ့ ဝန်ကြီးများရုံးလို အဆောက်အဦးတွေ၊ တရားရုံးချုပ်ကြီးလို အဆောက်အဦးတွေ၊ ပြီးတော့ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးလို အဆောက်အဦးတွေ အပါအဝင် စုစုပေါင်း ၃၀ ကျော်လောက် ပါဝင်ပါတယ်။
XS
SM
MD
LG