သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်တိုင်းအတွင်း အခွန်ဆုံးရံှူးမှုကြီးမား


ရန်ကုန်မြို့ ကန်တော်ကြီး ဥယျာဉ် မြင်ကွင်း။
ရန်ကုန်မြို့ ကန်တော်ကြီး ဥယျာဉ် မြင်ကွင်း။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အခွန်ကောက်ခံမှုမှာ ရသင့်ရထိုက်တဲ့ အခွန်ဆုံးရှုံးမှုတွေအများကြီးဖြစ်ပေါ်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်အစီရင်ခံစာက ဖော်ပြထားပါတယ်။ ဒီလိုဆုံးရှုံးရမှုတွေဟာ တနှစ်ကို ကျပ်သန်း ၁၀၀၀ ကျော်ရှိနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ စီမံကိန်းလုပ်ဆောင်မှုအပိုင်းမှာလည်း မသမာ မှုတွေရှိနေတယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်တွေကထောက်ပြမှုတွေရှိနေပါတယ်။ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းက မေခကပေးပို့ထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်အစီရင်ခံစာမှာဖော်ပြထားချက်အရ အခွန်ဆုံးရှုံးမှုဖြစ်နေရတဲ့လုပ်ငန်းတွေမှာ ပြည်သူ့ ဥယျာဉ် ကိုနှစ်ရှည်ငှားရမ်းခမှုနဲ့ ကရဝိတ်ဥယျာဉ်ကို ငှားရမ်းလုပ်ကိုင်နေမှုတို့ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေဟာ နှစ် ၃၀ ငှားရမ်းထားတာတွေဖြစ်ပြီး ၂၀၃၆ မှ ငှားရမ်းမှုအဆုံးသတ်မှာပါ။

ငှားရမ်းတာမှာ ပြည်သူ့ ဥယျာဉ် ကိုနှစ်ရှည် ငှားရမ်းခမှာ ပေါက်ဈေး၊ ငှားရမ်းမှုထပ် တလလျှင် သန်း ၃၀၀ ကျော်နည်းပါးနေကြောင်း၊ တနှစ်စာတွက်ပါက သန်း ၅၀၀၀ ကျော်ခန့်လျော့နည်းကာ ကောက်ခံထားတယ်လို့ ဖော်ပြထားပါ တယ်။ ကရဝိတ်ဥယျာဉ် ငှားရမ်းမှုမှာလည်း မြေဧက ၂၅ ဧကကိုငှားရမ်းခမှာ တနှစ်လျှင် ကျပ်သန်း၃၀သာရရှိထားကြောင်း၊ ကန်တော် ကြီးဥယျာဉ်အတွင်းရှိ Dolphin စားသောက်ဆိုင်မှာလည်း အခွန်ပေးဆောင်မှုမှာ တနှစ်လျှင် ကျပ်သန်း ၁၀၀၀ နီးပါးလျော့နည်းနေကြောင်း ဒါတွေကိုပြန်လည်ပြုပြင်ကာ စာချုပ်ချုပ်ဖို့ လိုအပ်နေတယ်လို့ ဖော်ပြထားပါတယ်။ ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ် ဦးမြင့်အောင်က အခုလိုတင်ပြခဲ့တာပါ။

“ပြည်သူ့ ဥယျာဉ်အတွင်းရှိ Natural World ကုမ္ပဏီသို့မြေငှားရမ်းခြင်းအနေဖြင့် ၂၀၀၉ ခုနှစ်မှ စတင်ငှားရမ်းစဉ် တနှစ်အတွက် ကျပ် ၅၅၅၇.၄၈၀ သန်း ရရှိနိုင်သဖြင့် နိုင်ငံတော်မှ များစွာလျှော့နည်းရရှိလျှက်ရှိကြောင်း စီစစ်တွေ့ရှိရပါသည်။ ဒီငှားရမ်းခကို ထိုက်သင့်သည့် နှုန်းထားများ ရရှိစေရေးအတွက် ပြန်လည်ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်ပါသည်။ ကရဝိတ်ဥယျာဉ်၊ ဥယျာဉ် မြေ ၂၅ ဧကအား ဇေကမ္ဘာကုမ္ပဏီနှင့် စာချုပ်ချုပ်ဆို ၍ ၁ ရက် ၉ လ ၂၀၁၀ နေ့မှ စတင်ကာ နှစ် ၃၀ ငှားရမ်း ခဲ့ရ အဌားချထားသူဘက်အား နှစ်နာစေလျှက် အငှားချထားခြင်း ခံရသူဘက်မှ အခွင့်အလမ်းပိုမိုရရှိစေရန် ဆောင်ရွက်ထားသည့်သဘော ပိုမိုသက်ဝင်နေပါသည်။”

ဒီလိုလျော့နည်းကောက်ခံ နေတဲ့နေရာတွေမှာ ကရဝိတ်ဥယျာဉ်ကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်ရွှေပိုင်တဲ့ ဇေကမ္ဘာကုမ္ပဏီ ကလုပ်ကိုင်နေခြင်းဖြစ်ပြီး ပြည်သူ့ဥယျာဉ် က Natural World ကုမ္ပဏီကလုပ်ကိုင်နေတာဖြစ်ပါတယ်။ ဒီပြင် ကရဝိတ်ဥယျာဉ်ကို ငှားရမ်းတာတွင်လည်း အများပြည်သူစိတ်အေးချမ်းသက်သာစွာ အနားယူအပန်းဖြေခွင့်သက်သာမှုမရှိတာကိုလည်း အခုလို စာရင်းစစ်ချုပ် ဦးမြင့်အောင်က အခုလိုထောက်ပြထားပါ တယ်။

“ဇေကမ္ဘာကုမ္ပဏီ က လူဝင်ကြေး၊ မော်တော်ယာဉ်ဝင်ကြေးများ ကောက်ခံခြင်းမှာလည်း လူတဦးလျှင် ကျပ် ၃၀၀၊မော်တော်ယာဉ်တစီးလျှင် ကျပ် ၃၀၀ ကောက်ခံခြင်း ၊ ဆိုင်ခန်းငှားခများ သက်မှတ်ရာတွင်လည်း ငှားရမ်းမှုစာချုပ်တွင် သက်မှတ်ဖော်ပြမှုများ မပါဝင်သဖြင့်၊ အငှားချထားခြင်းခံရသည့် ဇေကမ္ဘာကုမ္ပဏီကိုယ်တိုင်က စိတ်တိုင်းကျ ကောက်ခံခွင့်ရရှိထားပြီး ကုမ္ပဏီပိုင် ကျွန်းသဖွယ် သက်ရောက်နေသဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအနေဖြင့် အများပြည်သူ စိတ်အေးချမ်းသာ ၊ သက်သာစွာ အနားယူ အပန်းဖြေခွင့် သက်သာစွာ ရရှိရေးအတွက် စနစ်တကျ ကြီးကြပ်ဆောင်ရွက်ရန်လိုအပ်ပါသည်။ လက်ရှိ လူဝင်ခ သက်မှတ်နှုန်းထားအတိုင်းသာ အတိအကျ ကောက်ခံခဲ့မည်ဆိုပါက ၊ အခါကြီးရက်ကြီး၊ နေ့ကြီးရက်ကြီးများနှင့် အများပြည်သူ ရုံးပိတ်ရက်များတွင် တနေ့လျှင် လူဦးရေ ၃၀၀ ခန့် ဝင်ရောက်လျှင်ပင်၊ စာချုပ်တွင်တနေ့တာ ငှားရမ်းခ နှုန်းထားအား လုံလောက်စေပါသည်။”

ဒီပြင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအနေနဲ့ မြကျွန်းသာအပန်းဖြေစခန်းကို ကုမ္ပဏီ ၈ခုကို နှစ် ၆၀ ငှားရမ်းမှုမှာလည်း ပွင့်လင်းစွာတင်ဒါခေါ်ယူထားခြင်း လည်းမရှိဘူး။မြကျွန်းသာအပန်းဖြေစခန်းနဲ့ပတ်သတ်ပြီး ရန်ကုန်တိုင်းဒေသကြီး ဗဟန်းလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက အခုလိုပြောဆိုပါတယ်။

“ခုနက Nature World က တနှစ်ကို သူက ၅ ထောင့် ၅၀၀ ဘီလီယံနစ်နာတာဆိုတော့ နှစ် ၆၀ အထိ ငှားထားတာ။အင်မတန်ဆိုးတာ ၊ ၅ နှစ် သက်တမ်းပဲရှိတဲ့ အစိုးရ က ဘာကြောင့် နှစ်ရှည်တွေ ငှားနေတာလဲ၊ နှစ် ၆၀ တို့၊ နှစ် ၇၀ တို့ ပေါ့နော်။ ပြည်သူပိုင်မြေတွေကို အဲဒီလို ငှားတယ်ဆိုတဲ့ကိစ္စက ဘယ်လိုမှ မဖြစ်သင့်၊ မဖြစ်ထိုက်တဲ့ကိစ္စ ။ နောက်ပြီးတော့ သူက တနှစ်ကို ၁၀ ရာခိုင်နှုန်းပဲတိုးရမယ်ဆိုပြီးလုပ်ထားတာကလည်း အင်မတန် မဖြစ်သင့် ၊ မဖြစ်ထိုက်တာလေ။ ပြည်သူ့ဘဏ္ဍာငွေတွေ အရမ်းနစ်နာတာပေါ့နော်။ အခု နှစ် ၂၀ ဆိုလို့ရှိရင် အန်တီတို့ဘီလီယံ ထောင်ချီပြီးတော့၊ သောင်းချီပြီးတော့ ပေါ့နော်။ နှစ် ၇၀ ဆိုရင် ဘယ်လောက်ဖြစ်မလဲနော်၊ အများကြီးနစ်နာမယ်လေ။”

မြကျွန်းသာအပန်းဖြေစခန်းကို လုပ်ကိုင်ခွင့်ရတဲ့ ကုမ္ပဏီတွေက မက်စ်မြန်မာ၊ ဧဒင်၊ Inya Palace၊ Magic Land ၊Nay La Pwint Service ၊MGS Resort & Entertainment ၊Good Shan Brotherနဲ့ Rya Ji တို့ဖြစ်ပါတယ်။ Magic Land ၊Nay La Pwint Service ၊MGS Resort & Entertainment၊Good Shan Brotherနဲ့ Rya Ji အဲဒီကုမ္ပဏီတွေ ဟာအရင် စစ်အစိုးရလက်ထပ်ကတည်းကလုပ်ငန်းလုပ်ကိုင်လာတဲ့ ကုမ္ပဏီတွေဖြစ်ပါတယ်။ ဒီပြင် ငှားရမ်းခ စာချုပ်ချုပ်ဆိုစဉ်ပါတဲ့အချက်တွေကိုလည်း ကုမ္ပဏီတွေဘက်က ချိုးဖောက်ထားတယ်လို့ဖော်ပြထားပါတယ်။ ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၇၃ ခုနှစ် မတ် ၃၁ ရက်အထိ နှစ် ၆၀ အတွက် တစ်နှစ်လျှင် တစ်ဧကလျှင် ကျပ် ၁၂ သန်းနှင့် ငှားရမ်း စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း၊ မြေငှားရမ်းခနှင့် စပ်လျဉ်း၍ တစ်နှစ်ပြည့်သည့် အခါတိုင်း ငှားရမ်းခကို လက်ရှိ ငှားရမ်းနှုန်းထား၏ ၁၀ ရာခိုင်နှုန်းထက် မပိုဘဲ တိုးမြှင့်ရန် ပါရှိထားပေမယ့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် ကြိုတင်ငှားရမ်းခ ပေးသွင်းတာမှာ ၁၀ ရာခိုင်နှုန်း တိုးမြှင့်သတ်မှတ်၍ ကောက်ခံထားခြင်း မရှိသလို ကုမ္ပဏီဘက်ကလည်း ပေးသွင်းထားခြင်းမရှိဘူးလို့အစီရင်ခံစာမှာဖော်ပြထားပါတယ် ။

XS
SM
MD
LG