သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန် မန္တလေး သံဃာဆန္ဒပြမှု ဖြစ်ပွား


မန္တလေးမြို့ အိမ်တော်ယာကျောင်းမှာ သံဃာတော်တွေ ထိုင်သပိတ် ဆင်နွှဲနေကြစဉ်။ (နိုဝင်ဘာလ ၃၀၊ ၂၀၁၂။)
မန္တလေးမြို့ အိမ်တော်ယာကျောင်းမှာ သံဃာတော်တွေ ထိုင်သပိတ် ဆင်နွှဲနေကြစဉ်။ (နိုဝင်ဘာလ ၃၀၊ ၂၀၁၂။)
ကြာသပတေးနေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြသံဃာတော်တွေနဲ့ ဒေသခံပြည်သူတွေကို အကြမ်းဖက်နှိမ်နှင်းမှုတွေကို မကျေနပ်ကြတဲ့ မန္တလေးမြို့က သံဃာတော်တွေကလည်း ဒီကနေ့ ထိုင်သပိတ်ဆင်နွှဲခဲ့ကြပါတယ်။ မန္တလေးမြို့ အိမ်တော်ယာကျောင်းမှာ သံဃာတော်အပါး ၁၀၀ကျော်ကနေ ထိုင်သပိတ် ဆင်နွှဲခဲ့တာဖြစ်ပြီးတော့ လက်ပန်းတောင်းတောင် နှိမ်နင်းမှုကိစ္စ ကို တောင်းဆိုခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ ထိုင်သပိတ်ဆင်နွှဲတဲ့နေရာကို သတင်းယူဖို့ရောက်နေတဲ့ ဗွီအိုအေဝိုင်းတော်သား ကိုသိန်းထိုက်ဦးကို ဘန်ကောက်ရုံးကနေ မစုမြတ်မွန်က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ကိုသိန်းထိုက်ဦး- “ ဟုတ်ကဲ့ခင်ဗျ။ ပထမတော့ သံဃာအပါး ၁၅၀လောက် ထိုင်သပိတ် နောက်ပိုင်းတော့ ၂၀၀ကျော်လောက်ဖြစ်လာပါတယ်။ သူတို့နေ့ခင်း ၁နာရီလောက်က စပြီးတော့ ၃နာရီအထိ နှစ်နာရီ သူတို့ထိုင်သပိတ်ဆင်နွှဲကြတာပါ။

မစုမြတ်မွန်-“အဲ့သလိုထိုင်သပိတ်ဆင်နွှဲဆန္ဒပြမှုမှာ တောင်းဆိုမှုတွေ ဘယ်လိုမျိုးရှိပါသလဲ”

ကိုသိန်းထိုက်ဦး- “ဟုတ်ကဲ့။ အဓိက တောင်းဆိုတာကတော့ အကြမ်းဖက်ဖြိုခွင်းမှုမှာ အဓိက တာဝန်ရှိတဲ့ ပြည်ထောင်စုအစိုးရအနေနဲ့ သံဃာတော်တွေနဲ့ ပြည်သူတွေ ကျေနပ်လက်ခံတဲ့အထိ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ တာဝန်ယူဖြေရှင်းပေးဖို့ သူတို့က တောင်းဆိုပါတယ်။ နောက် ထိခိုက်ဒဏ်ရာရတဲ့သံဃာတော်တွေကို ကျမ်းမာရေး စောင့်ရှောက်မှုတွေပေးဖို့ တာဝန်ယူဖို့လည်း သူတို့ကတောင်းဆိုပါတယ်။ အဓိကကတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လူတွေကို မီးလောင်ကျွမ်းစေတဲ့ လက်နက်တွေ သုံးပြီးတော့ သံဃာတော်တွေကို အကြမ်းဖက် တိုက်ခိုက်ခဲ့တယ်ဆိုပြီးတော့ သူတို့က တာဝန်ယူပေးဖို့ပြောတာပါ။
ဆန္ဒပြပွဲမှာ သံဃာတော်တစ်ပါးက အခုလိုမိန့်ကြားသွားပါတယ်။

ဆန္ဒပြသံဃာတော်- “လောင်ကျွမ်းတဲ့အထဲ တချို့ကိုယ်တော်များ မျက်စိ ထိခိုက်ပါတယ်ဘုရား၊ တချို့ မျက်နှာတော်တခုလုံး ရုပ်လုံးမလှဖြစ်သွားပါတယ်ဘုရား၊ ပျံလွန်တော်မူ ရတာမှ အဓိပ္ပါယ်ရှိပါသေးတယ်။ မျက်နှာကို တပည့်တော်တို့ သွားရောက်ကြည့်ရှု့ခဲ့ပါတယ်ဘုရား၊ ဒါ့အပြင် တချို့ဆရာတော်တွေဆို ခါးအစပ်ကနေ အောက်ကို ဖွာစာကျဲနေတာပဲ ဘုရား၊ တပည့်တော်များ မုသာဝါဒ မပြောပါဘူး ဘုရား၊ ဓတ်ပုံတွေနဲ့ ပြထားပါတယ်ဘုရား၊ သတင်းစာရှင်းလင်းပွဲမှာ ဘယ်လိုလိမ်သလဲဆိုရင် ကျနော်တို့ မျက်ရည်ယိုဗုံးပဲ ခွဲပါတယ်လို့ ဒီလိုမီးလောင်ဗုန်းတွေ မသုံးပါဘူးလို့ အခုနက ရှင်းလင်းသွားတာ ကြားရပါတယ်။ အဲ့သလို မျက်ရည်ယိုဗုံးခွဲရင် ဒီလိုမျိုး ဘာကြောင့် ဒဏ်ရာတွေရ ရသလဲ၊ ယခုလို မင်းမဲ့စရိုက်ဆန်ဆန်စွာ၊ လူမဆန်စွာနဲ့ ရက်ရက်စက်စက် တိုင်းတပါးကောင်းစားဖို့အတွက် ကိုယ်လူကိုယ် သတ်ဖြတ်တဲ့လုပ်ငန်းတွေ ရပ်တန်းက ရပ်အောင်ဆိုပြီး တပည့်တော်တို့ ထိုင်သပိတ်များ ထိုင်ပြီးတော့ အခုလိုမျိုး ရှုံ့ချရခြင်းဖြစ်ပါတယ်ဘုရား။”

ကိုသိန်းထိုက်ဦး- “ ဒါကတော့ ထိုင်သပိတ်ဆန္ဒပြပွဲမှာ သံဃာတော်တစ်ပါး မိန့်ကြားတာပါခင်ဗျာ။”

မစုမြတ်မွန်- “ မန္တလေးအိမ်တော်ယာဘုရားမှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲမှာ သံဃာတော်တွေပဲလားရှင့်။ တခြားရော ပြည်သူတွေ ပါဝင်ပြီး ဆန္ဒပြတာမျိုးရော ရှိပါသလားရှင့်။”

ကိုသိန်းထိုက်ဦး- “ပြည်သူတွေကတော့ ကျနော်နောက်ပိုင်း သတိထားမိတာကတော့ ၂၀၀၊ ၃၀၀လောက် ရောက်လာကြပြီးတော့ သံဃာတော်တွေနဲ့အတူ လိုက်ပြီးတော့ ထိုင်ကြပါတယ်ခင်ဗျာ။ ဒီရှေ့မှာလည်း သံဃာတော်တွေ ထိခိုက်ဒဏ်ရာရတဲ့ ဓာတ်ပုံတွေ၊ တော်တော်များများ ကို ထောင်ထားတော့ ဒီပုံတွေကို ကြည့်ပြီးတော့ ဒါတွေကို ကြည့်ပြီးတော့ လာပူးပေါင်းကြတာပါ ခင်ဗျာ။ နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ် အထက်မြန်မာပြည်က ကျောင်းသား ၂၀လောက်လည်း သူတို့ ကျောင်းသားသမဂ္ဂအလံ ထောင်ပြီးတော့ သံဃာတော်တွေနဲ့ အတူ ထိုင်သပိတ်မှာ ပါဝင်လာတာကို တွေ့ရပါတယ်ခင်ဗျာ။

မစုမြတ်မွန်-“ အခုလိုမျိုးဖြစ်နေတဲ့အခြေအနေ လူပ်ရှားမှုတွေကို ကြည့်ခြင်းအားဖြင့် ၂၀၀၇ခုနှစ်တုန်းက ဖြစ်တဲ့ ရွှေဝါရောင်သံဃာလူပ်ရှားမှု အခြေအနေမျိုး ရောက်သွားနိုင်တဲ့ အနေအထားမျိုးရော ကိုသိန်းထိုက်ဦး သုံးသပ်မိပါလားရှင့်။”

ကိုသိန်းထိုက်ဦး-“ကျနော်လည်း ဒီမေးခွန်းကို လှုပ်ရှားတဲ့ သံဃာတော်တွေကို မေးကြည့်ပါတယ် ခင်ဗျာ။ အဲ့ဒီ့မှာ မဟာဂန္ဓာရုံ ကျောင်းတိုက်က ဆရာတော် ဦးသောဘိတကတော့ အခုလိုဖြေကြား သွားပါတယ်ခင်ဗျ။”

မဟာဂန္ဓာရုံ ကျောင်းတိုက် ဆရာတော် ဦးသောဘိတ-“တာဝန်ရှိသူအစိုးရအနေနဲ့ ဒီကိစ္စကို ပြေပြေလည်လည်ဖြေရှင်းမယ်ဆိုလို့ရှိရင် ဒီနေ့ဖြေရှင်းရင် မနက်ဖြန်ခါ ပြေငြိမ်းသွားမှာပဲ။ အဲ့လိုမှ မဟုတ်ဘူး ဆိုလို့ရှိရင် ဒီကိစ္စကို ဦးဇင်းတို့က တဖြေးဖြေးနဲ့ ပိုအင်အားကောင်းလာအောင် လုပ်သွားမယ်။ အခု ဒီနေ့ ဘာကြောင့် မလုပ်နိုင်သလဲဆိုရင် ပခုက္ကူက သံဃာတော် အတော်များများ လက်ပန်းတောင်းတောင် ရောက်နေတယ်။ ဘာဖြစ်လို့ဆိုရင် ဆေးရုံမှာ အများကြီးရောက်နေကြတယ်။ အဲ့အခါကျတော့ ပခုက္ကူမှာ ရုတ်တရက်ထလုပ်ဖို့ ခက်ခဲသွားတယ်။ အဲ့တာကြောင့်မို့လို့ တုန့်ပြန်မှုတွေ မကောင်းခဲ့ဘူးဆိုရင် လိုချင်တဲ့အဖြေမထွက်ဘူးဆိုရင် အဲ့လို ရွှေဝါရောင်ပုံစံမျိုး ထိအောင် သွားဖို့စိတ်ကူးတယ်။”

ကိုသိန်းထိုက်ဦး-“ဒါကတော့ ထိုင်သပိတ်ဆန္ဒပြပွဲမှာပါဝင်တဲ့ မဟာဂန္ဓာရုံ ကျောင်းတိုက်က ဆရာတော် ဦးသောဘိတ မိန့်ကြားသွားတာပါခင်ဗျ။ ဒီနေ့ပွဲက မန္တလေးမှာ ဒါပထမဆုံး လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကိစ္စနဲ့ ပတ်သက်ပြီးတော့ ပထမဆုံး သံဃာတော်တွေရဲ့ ထိုင်သပိတ်ဆန္ဒပြပွဲပါ။ ဒီလိုဆန္ဒပြပွဲတွေ မကြာ မကြာ ဆက်လုပ်သွားမယ်။ သူတို့တောင်းဆိုတာ မလိုက်လျောဘူးဆိုရင် မကြာ မကြာ ဆက်ပြီးတော့ လုပ်သွားမယ်လို့လည်း သံဃာတော်တွေက မိန့်ကြားပါတယ်။”

မန္တလေးမှာ သံဃာတော်တွေ ထိုင်သပိတ်ဆင်နွှဲခဲ့ကြတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ သတင်းရယူဖို့ရောက်နေတဲ့ VOA ဝိုင်းတော်သား ကိုသိန်းထိုက်ဦးကို ဘန်ကောက်ရုံးကနေ မစုမြတ်မွန်က ဆက်သွယ်မေးမြန်းခဲ့တာပါ။

တဆက်တည်းမှာပဲ လက်ပန်းတောင်းတောင် စီမံကိန်းကို ဆန့်ကျင်ကန့်ကွက်တဲ့ သပိတ်စခန်းတွေကို အာဏာပိုင်တွေက အကြမ်းဖက်နှိမ်နင်းခဲ့တာနဲ့ ပတ်သက်ပြီး ကန့်ကွက်ရှုံ့ချတဲ့ ဆန္ဒဖော်ထုတ်မှုကို ရန်ကုန်မှာလည်း သံဃာတော်တွေ စုဝေးပြုလုပ်ခဲ့ပါတယ်။ ညနေ ၄နာရီလောက်မှာ သံဃာအင်အား ၂၀လောက်နဲ့ ပြည်သူ့အင်အား ၂၀ ခန့်မှန်းခြေ စုစုပေါင်း အင်အား ၄၀လောက်ဟာ ဆူးလေဘုရားမှာ စတင် စုဝေး ဆန္ဒပြခဲ့ကြတာပါ။

ဆန္ဒပြသံဃာတော်တွေဟာ မနေ့မနက်ပိုင်းက လက်ပန်းတောင်းတောင် စီမံကိန်း ကန့်ကွက်ဆန္ဒပြပွဲမှာ အာဏာပိုင်တွေ အကြမ်းဖက်မှုကြောင့် မီးလောင်ထိခိုက်ဒဏ်ရာရခဲ့ကြတဲ့ သံဃာတော်တွေရဲ့ ဓာတ်ပုံတွေကို ကိုင်ဆောင်ထားကြပါတယ်။ ဆူးလေရင်ပြင်တော်မှာ တစ်ပတ်ပတ်ပြီးတော့ မဟာဗန္ဓုလလမ်းအတိုင်း လမ်းလျောက်၊ နောက် လမ်း ၅၀ထိပ်မှာ ရှိတဲ့ မြန်မာစီးပွားရေးဦးပိုင်လီမိတက်ရုံးရှေ့ကန့်ကွက်ဆန္ဒပြပြီး လူစုခွဲခဲ့ကြတယ်လို့ မျက်မြင်သက်သေတဦးက ဗွီအိုအေကို ပြောပါတယ်။

“ဆူးလေကနေပြီးတော့ စီးပွားရေးဦးပိုင်လီမိတက်အထိ ချီတက်လာတယ်။ ပြီးတော့ စီးပွားရေးဦးပိုင်လီမိတက်ရှေ့မှာ ကြွေးကြော်သံကိုအော်တယ်။ အော်နေရင်း အခု၊ ခနနေ ပြီးတော့မယ်ခင်ဗျ။ အခုပြန်ထွက်ကြတော့မယ်။ ပထမတော့ စီးပွားရေးဦးပိုင်လီမိတက် အလိုမရှိဆိုတဲ့ ကြွေးကြော်သံ အော်ကြတယ်။ ပြီးတော့ ဆရာတော်တွေ တရားစာရွတ်ကြလား မသိဘူးဗျ။ ကျနော်အခုပြောနေချိန်မှာပဲ တစ်ပါးချင်းစီ ပြန်ကြွနေပြီခင်ဗျ။ အခု အားလုံးပြန်ကြွကုန်ပြီ။ အခုတော့ ဦးပိုင်လီမိတက်ရှေ့မှာ လူတော့ရှင်းသွားပြီခင်ဗျ။ ဆရာတော်တွေက အခု ကားနဲ့ပြန်ကြွနေတယ်ခင်ဗျ။ ဆရာတော်တွေ ကားတစ်စီးပေါ်ကို စုတက်ပြီးတော့ ပြန်ကြွနေတယ်။”

နာရီဝက်လောက်ကြာတဲ့ ဒီဆန္ဒပြပွဲကိုတော့ အာဏာပိုင်တွေဘက်က စောင့်ကြည့်မှုတွေရှိခဲ့ပေမဲ့၊ ထင်ထင်ရှားရှား လုံခြုံရေးတပ်တွေ ထားရှိတာ၊ အနှောင့်အယှက်ပေးတာမျိုးတော့ မရှိဘူးလို့သိရပါတယ်။
XS
SM
MD
LG