သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်စည်ပင်ရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှုရှိ


ဒလမြို့နယ်အတွင်း စည်ပင်သာယာရွေးကောက်ပွဲ လာရောက်မဲပေးသူ မဲဆန္ဒရှင်ပြည်သူတစ်ဦး။ (ဒီဇင်ဘာ ၂၇၊ ၂၀၁၄)
ဒလမြို့နယ်အတွင်း စည်ပင်သာယာရွေးကောက်ပွဲ လာရောက်မဲပေးသူ မဲဆန္ဒရှင်ပြည်သူတစ်ဦး။ (ဒီဇင်ဘာ ၂၇၊ ၂၀၁၄)

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် အဆင့်ဆင့်ရွေးကောက်ပွဲတွေကို ဒီကနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။ ဒီရွေးကောက်ပွဲမှာ လာရောက်မဲပေးသူဦးရေ နည်းတာ၊ မဲစာရင်းမှာ အမည်မပါလို့ မဲမပေးရတဲ့သူတွေ ရှိတာတွေအတွက် အငြင်းပွားစရာ ဖြစ်ရတယ်လို့လည်း ကိုယ်စားလှယ်လောင်းတွေ နဲ့ မဲဆန္ဒရှင် ပြည်သူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ စည်ပင်ရွေးကောက်ပွဲကျင်းပရာမှာ ကိုယ်တိုင် သွားရောက်သတင်းရယူထားတဲ့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။

နှစ်ပေါင်း ၆၅ နှစ်ကြာပြီးမှ တစ်ကျော့ပြန် ပြန်လည်ကျင်းပတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် အဆင့်ဆင့် ရွေးကောက်ပွဲတွေကို ဒီကနေ့ ရန်ကုန်တိုင်းအတွင်းက (၄) ခရိုင်မှာ မနက် ၉ နာရီက စပြီးညနေ ၅ နာရီအထိ မဲပေးနိုင်အောင် စီစဉ်ကျင်းပပေးခဲ့တာပါ။

ဒါပေမဲ့ အစောပိုင်းကတည်းက စည်ပင်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ လူထုကြားမှာ အတွေ့အကြုံနဲ့ လုပ်ထုံးလုပ်နည်းတွေ၊ အကျိုးသက်ရောက်မှုတွေပျံနှံမှု အားနည်းသလို၊ စိတ်ဝင်စားမှုလည်း သိပ်မရှိတဲ့အတွက် ဒီကနေ့ ရွေးကောက်ပွဲမှာ မဲပေးသူ သိသိသာသာနည်းနေတယ်လို့ အနောက်ပိုင်းခရိုင် ကိုယ်စားပြု ကိုယ်စားလှယ်လောင်း ဒေါ်မေအုန်းညွန့်ဝေက ဗွီအိုအေကို ပြောပါတယ်။

“ဒီနေ့ လာပေးတဲ့သူနည်းတယ်၊ အန်တီမြင်တာတော့ပေါ့နော်- အန်တီဝင်လာတဲ့နေရာတွေမှာတော့၊ စမ်းချောင်းမှာတော့ လာပေးတဲ့သူများတယ်။ တခြားမြို့နယ်တွေကတော့ နည်းတယ်။ နောက်တခုကတော့ တချို့တွေကတော့ ပေးရပေမယ့်လည်း စိတ်မဝင်စားတာတွေ ရှိတယ်။ အဲဒါကလည်း သူတို့အခွင့်အရေး နစ်နာသွားတာပေါ့နော်၊ သူတို့အတွက် တကယ် လုပ်ကိုင်ပေးနိုင်မယ့်သူမျိုးကို ရွေးပြီးတော့ မဲပေးနိုင်မယ်ဆိုရင် သူတို့အတွက်လည်း အကျိုးရှိတာပေါ့။ အဲဒီသဘောပါပဲ။”

နောက်ထပ် ပြဿနာတစ်ခုကတော့ အိမ်ထောင်စုစာရင်းရှိပြီး မဲပေးခွင့်ရှိသူ မဲစာရင်းထဲမှာ နာမည်ပါမလာလို့ မဲမပေးကြရတာဖြစ်ပါတယ်တယ်။ ဒလမြို့နယ်ထဲမှာ မဲပေးခွင့်ရှိသူ အတော်များများဟာ မဲဆန္ဒရှင်တွေရဲ့နာမည်စာရင်းမှာမပါလာတဲ့အတွက် ပြည်သူတွေရဲ့အခွင့်အရေး နစ်နာတယ်ဆိုပြီး ဒီကနေ့ နေ့လည် ၃ နာရီမှာပဲ အဲဒီမြို့နယ်မှာ ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ ဒလမြို့နယ် မဲဆန္ဒရှင် ဒေါ်ခင်လှလှက ပြောပါတယ်။

“ဒီနေ့ဖြစ်ရတာကတော့ အန်တီတို့က စည်ပင်ရွေးချယ်ပွဲကို မဲပေးဖို့သွားတယ်။ အန်တီ့နာမည်က မဲစာရင်းမှာမပါဘူး။ အဲဒါနဲ့ အန်တီတို့က မဲစာရင်းကို ရှာတယ်။ အဲလိုပဲ အန်တီထိုင်နေတဲ့အချိန်မှာ နာမည်မပါတဲ့သူတွေက များနေတယ်။ တယောက်ပြီးတယောက်ပေါ့နော်၊ ဟိုလူလည်း နာမည်မပါလာ၊ အများက နာမည်မပါလာကြဘူး။ အဲလိုဖြစ်နေတဲ့အတွက် အန်တီတို့က စည်ပင်သာယာရုံးကို သွားမေးတော့ စည်ပင်သာယာရုံးမှာ တချို့က စာရင်းတွေ မပြည့်စုံလို့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကလည်း စည်ပင်သာယာရုံးကချပေးတာဆိုပြီး သူတို့နှစ်ယောက်က ဘောလုံးပုတ်နေတယ်။ လောလောဆယ်တော့ ကိုယ်စားလှယ်တွေနဲ့ မဲပေးခွင့်မရှိတဲ့ပြည်သူတွေရဲ့ လူ့အခွင့်အရေးက အရမ်းနစ်နာနေတယ်။ အဲဒါကြောင့် အန်တီတို့က ဒီမမှန်မကန်ရွေးချယ်ပွဲကို ဆန္ဒပြမှာဖြစ်ပါတယ်။”

စည်ပင်သာယာရေး ကော်မတီဝင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကတော့ ဒီကနေ့ စည်ပင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အငြင်းပွားမှု အနည်းငယ် ရှိခဲ့ပေမဲ့လည်း အောင်မြင်တယ်လို့ ပြောပါတယ်။

“များသောအားဖြင့်တော့ အဆင်ပြေပါတယ်ဗျ။ တချို့နေရာတွေမှာ နည်းနည်းလေးတော့ (အဆင်မပြေတာ) ရှိပါတယ်။ ကျနော်တို့ ဆင်းပြီး ဖြေရှင်းပေးနေပါတယ်။ သိပ်တော့ ကြီးကြီးကျယ်ကျယ်ပြဿနာ မရှိပါဘူးဗျ။ အဓိက-ကတော့ မဲစာရင်းကျန်ခဲ့တဲ့သူတွေရဲ့ ပြဿနာပါပဲ။ တခြားတော့ သိပ်ကြီးကြီးကျယ်ကျယ် မရှိပါဘူးဗျ။”

ဒီစည်ပင်ရွေးကောက်ပွဲ ကို မကျင်းပခင်ကတည်းက ပြည်သူတွေအကြား ပျံ့နှံ့မှုနဲ့အာရုံစိုက်မှုပိုင်း သိပ်မရှိဘူးလို့ အများက ထောက်ပြနေကြတာပါ။ ဒါ့အပြင် မဲစာရင်းပိုင်းမှာလည်း မဲပေးခွင့်ရှိတဲ့သူတွေ နည်းနေတယ်ဆိုပြီးတော့လည်း ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။

စည်ပင်ရွေးကောက်ပွဲမှာ ခရိုင်တွေအလိုက် ရွေးချယ်ခံရမယ့်သူတွေကို ရွေးကောက်ပွဲကျင်းပပြီး ၄၈ နာရီအတွင်း ထုတ်ပြန်ပေးမယ်လို့ ကော်မရှင်က ပြောထားပါတယ်။ စည်ပင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သူ ကိုယ်စားလှယ်လောင် ၂၉၃ ဦး ရှိခဲ့ပါတယ်။

ဒီနေ့ကျင်းပတဲ့ စည်ပင်ရွေးကောက်ပွဲမှာ ထင်ရှားတဲ့နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေထဲက ဦးဝင်းချို၊ ဒေါ်စူဆန်နာလှလှစိုး တို့လည်း ဝင်ရောက်ယှဉ်ပြိုင် ရွေးချယ်ခံခဲ့သလို ထင်ရှားတဲ့ စီးပွားရေးလုပ်ငန်းရှင်အချို့နဲ့ အစိုးရအငြိမ်းစား အရာရှိအချို့လည်း ဝင်ရောက်အရွေးခံကြပါတယ်။

အခုရွေးကောက်ပွဲကနေ ရန်ကုန် စည်ပင်သာယာရေးကော်မတီကို အသစ် ပြန်လည် ဖွဲ့စည်းမှာဖြစ်ပြီး အဲဒီ ကော်မတီမှာပါဝင်မယ့် ကိုယ်စားလှယ်တွေကို ရွေးချယ်တာလည်းဖြစ်ပါတယ်။

မြို့တော်ဝန်ကိုတော့ နိုင်ငံတော်သမ္မတက တိုက်ရိုက်ခန့်အပ်မှာဖြစ်ပြီး အခုရွေးကောက်ပွဲကနေ ပြည်သူရွေးချယ်ထားတဲ့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီဝင် လေးဦး၊ တိုင်းဒေသကြီးအစိုးရက တိုက်ရိုက်ရွေးချယ်ပေးမယ့်သူ လေးဦးနဲ့ ပြန်လည်ဖွဲ့စည်းမှာဖြစ်ပါတယ်ခင်ဗျာ။

XS
SM
MD
LG