သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စည်ပင်ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်တချို့ ကျန်းသစ္စာကျိန်ဖို့ ဝန်လေး


ရန်ကုန်စည်ပင်သာယာရွေးကောက်ပွဲ မဲပေးစဉ်။
ရန်ကုန်စည်ပင်သာယာရွေးကောက်ပွဲ မဲပေးစဉ်။

ရန်ကုန်စည်ပင်သာယာရွေးကောက်ပွဲမှာ အရွေးခံရတဲ့ကိုယ်စားလှယ်တွေ နိုင်ငံ့ဝန်ထမ်းအဖြစ် ကျမ်းသစ္စာကျိန်ဆိုရမဲ့ ရန်ကုန်တိုင်း အစိုးရအဖွဲ့က အသိပေးလာတဲ့ အပေါ် လက်မခံနိုင်တဲ့ အကြောင်း အနောက်ပိုင်းခရိုင် ကိုယ်စားပြု အရွေးခံ ကိုယ်စားလှယ် က ပြောပါတယ်။ ပြည်သူက ရွေးချယ် လိုက်တဲ့ ကိုယ်စားလှယ်တွေ ဟာ ဝန်ထမ်းတွေ မဟုတ်တဲ့အတွက် ဝန်ထမ်းအဖြစ်ကျမ်းကျိန်စရာ မလိုအပ်ဘူးလို့ ဥပဒေပညာရှင်တွေက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။

ဇန်နဝါရီလ ၆ ရက် ဒီကနေ့ မနက် ၉ နာရီမှာ စည်ပင်သာယာရေးကော်မတီ ဝင်အဖြစ် အရွေးခံထားရတဲ့ ကိုယ်စားလှယ်တွေကို ကျမ်းသစ္စာကျိန်ဆိုဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အသိပေးလာတာပါ။ ဒီလို ကျမ်းကျိန်ဖို့ပေးပို့လာတဲ့ပုံစံထဲမှာ ပြည်သူက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေကို နိုင်ငံဝန်ထမ်းဥပဒေ၊ နည်းဥပဒေတွေအတိုင်း လိုက်နာရမယ်လို့ ပါရှိနေတဲ့အကြောင်း အနောက်ပိုင်းခရိုင် ကိုယ်စားပြုအရွေးခံထားရတဲ့ ဦးခင်လှိုင်က ပြောပါတယ်။ ကျမ်းကျိန်ဖို့ထဲမှာ ဒီအချက်ပါရှိနေတာကို ဘာကြောင့် လက်မခံနိုင်သလဲဆိုတာနဲ့ပတ်သက်ပြီး သူက အခုလို ဆက်ပြောပါတယ်။

“နောက်တခုက ကျနော်တို့ ဘာကြောင့် အခက်တွေ့စေလဲဆိုတော့ နိုင်ငံဝန်ထမ်းဥပဒေ…ကို ကျနော်တို့ လေးစားပါတယ်။ ကျနော်တို့က လိုက်နာဖို့ကျ တာဝန်မရှိဘူးဗျ။ ဘာကြောင့်လဲဆိုတော့ အရိုးသားဆုံး ပြောရမယ်ဆိုရင် နိုင်ငံတော်အတွင်းမှာရှိတဲ့ ဒီဝန်ထမ်းတွေအတွက် လုပ်ကိုင်နေတဲ့ လုပ်ငန်းခွင်တွေကိစ္စရပ်တွေနဲ့ ပတ်သက်လို့ရှိရင် လျှို့ဝှက်ပေါက်ကြားမှု ဆိုတာ ရှိပါတယ်။ အပြင်ကို မပြောရဘူးဆိုတာ ရှိပါတယ်။ ဘာတွေလုပ်ရမယ်၊ ဘယ်လိုဆိုတာ မပြောရဘူးဆိုတာ ပါပါတယ်။ အဲဒါကို ကျနော်တို့ နှုတ်ပိတ်နေလို့ မရပါဘူး။ ပြည်သူက ရွေးချယ်လိုက်ပြီးတော့မှ ကျနော်တို့က ဒီအထဲမှာ နှုတ်ပိတ်ပြီးနေရမယ်ဆိုရင် ကျနော်တို့ မလုပ်လိုပါဘူး။ ဒီကိစ္စကို။ ပြည်သူကိုလည်း ကျနော်တို့ အသိပေးရမှာဖြစ်ပါတယ်။ ပြည်သူက ရွေးလိုက်တာဖြစ်လို့ ပြောရမယ့်တာဝန် ရှိပါတယ်။ အဲဒီတော့ နိုင်ငံ့ဝန်ထမ်း ဥပဒေအရ၊ နည်းဥပဒေအရ ကျနော်တို့ ချုပ်ကိုင်လိုက်မယ်ဆိုရင် ပြည်သူကို ကျနော်တို့ ဘာမှ သတင်းပေးလို့ မရဘူးဖြစ်နေပါတယ်။ ကျနော်တို့က သတင်းပေးလိုက်မယ်ဆိုလည်း လျှို့ဝှက်ဥပဒေကို ပေါက်ကြားစေမှုနဲ့ ပြဿနာတက်နိုင်ပါတယ်။ ဒါကြောင့် ဒီဟာကို ကျနော်တို့ မဆိုနိုင်ပါဘူး။ ကျနော် မလုပ်ပေးနိုင်ပါဘူး။”

ဒီအချက်နဲ့ပတ်သက်ပြီး စည်ပင်ရွေးကောက်ပွဲတွေ မကျင်းပခင်ကတည်းက သူ့အနေနဲ့ကန့်ကွက်ခဲ့ပြီး စည်ပင်ဥပဒေမှာ နိုင်ငံဝန်ထမ်းအဖြစ် ကျမ်းကျိန်ရမယ်ဆိုတဲ့အချက်မပါရှိသလို ကော်မရှင်ကရွေးဆွဲတဲ့ နည်းဥပဒေထဲမှာကျမှ ဒီအချက်ပါဝင်ခဲ့တာလို့လည်း ဦးခင်လှိုင်က ပြောပါတယ်။

“ကျနော်ပြောတာနော်၊ ကျနော်ဆန့်ကျင်တာက ရန်ကုန်မြို့တော် ရွေးကောက်ပွဲကော်မရှင်မှာ နည်းဥပဒေမှာ ပါတဲ့ဟာကို ဆန့်ကျင်တာဖြစ်ပါတယ်။ ….. ဥပဒေကို ကျနော် ထောက်ခံပါတယ်။ ထောက်ခံလို့ ဒီစကားပြောတာပါ။ -- ဥပဒေမှာ ဒါကို ပယ်ဖျက်ပြီးသား ဖြစ်ပါတယ်။ ဒါကြီးကို --- တော့ ဘာဖြစ်လဲဆိုတော့ ဝန်ကြီးချုပ်အနေနဲ့လည်း သိက္ခာကျပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်လို့ရှိရင် ကျနော် ဘာပြောသေးလဲဆိုတော့ ဒေါ်ညိုညိုသင်းတို့၊ ကျနော်တို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အတွင်းမှာလည်း ဒီကိစ္စကို ပြောပြပြီးသားဖြစ်တဲ့အခါ၊ သူက ဘာပြောလဲဆိုတော့ အဲဒီမှာ ပါတဲ့ဥစ္စာတွေက ကျမတို့ မဆွဲလိုက်ရဘူး၊ ကျမတို့ မသိရဘူးလို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေက အဲဒီကျရင် အခုလာမယ့် သူတို့ရဲ့…ရန်ကုန်တိုင်းဒေသကြီး (အစည်းအဝေးကျရင်) တင်ပြမှာဖြစ်ပါတယ်။”

နိုင်ငံ့ဝန်ထမ်းအဖြစ်ကျမ်းကျိန်ဖို့ သက်ဆိုင်ရာက တွန်းအားပေးလာတာဟာ အစိုးရဝန်ထမ်းနဲ့ ပြည်သူကိုယ်စားလှယ်ကို ကွဲကွဲပြားပြားနားမလည်နိုင်တဲ့ သဘောကြောင့် အခုလို တွန်းအားပေးတဲ့ပုံစံ ဖြစ်နေတာလ ရှုမြင်နိုင်တဲ့အကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောပါတယ်။

“နိုင်ငံ့ဝန်ထမ်းဆိုတာက နိုင်ငံတော်ရဲ့လစာကို စားပြီးတော့ ပြည်သူ့ဝန်ကိုထမ်းဖို့၊ အရွေးကောက်ခံရတဲ့ပုဂ္ဂိုလ်တွေရဲ့ အဓိပ္ပာယ်ကျတော့ သူက ပြည်သူ့ကိုယ်စားလှယ်ဖြစ်နေတယ်။ ပြည်သူ့ဝန်ထမ်းမဟုတ်ဘူး။ ပြည်သူတို့ရဲ့ကိုယ်စားလှယ်၊ ပြည်သူတို့ရဲ့ကိုယ်စား ဒီလုပ်ငန်းတာဝန်တွေကို ဆောင်ရွက်ရမှာ။ ဒါကြောင့် သူတို့ကို ပြည်သူ့ဝန်ထမ်းစည်းမျဉ်းကို လိုက်နာမယ်ဆိုတဲ့ ကျန်းကျိန်ခိုင်းလို့ မရဘူး။ အဲဒါဆိုရင်တော့ တော်တော့်ကို မဆီလျော်သောကိစ္စ ဖြစ်သွားပြီ။ ”

စည်ပင်သာယာရေး ကော်မတီဝင်တွေကို အခုလို နိုင်ငံ့ဝန်ထမ်းအဖြစ် အလုပ်လုပ်ခိုင်းဖို့ ရည်ရွယ်တယ်ဆိုရင် အစောပိုင်းထဲက ရွေးကောက်ပွဲဝင်ခိုင်း စရာတောင် မလိုအပ်ဘူးလို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်း လူမှုအဖွဲ့အစည်းက ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဂျင်မီက ပြောပါတယ်။

“စည်ပင်သာယာရွေးကောက်ပွဲကတက်လာတဲ့ ကိုယ်စားလှယ်တွေပေါ့။ ဒါ ပြည်သူလူထုရဲ့ကိုယ်စားလှယ်တွေပဲ။ အဲဒီကိုယ်စားလှယ်တွေကတော့ လူထုကိုယ်စား ဆောင်ရွက်နိုင်ခွင့် ရှိမယ်လို့ မျှော်လင့်ထားတယ်လေ။ အခုက ဝန်ထမ်းဥပဒထဲကို သွတ်သွင်းတယ်ဆိုတဲ့အခါကျတော့ မေးစရာ တခုရှိတာက ဘာလဲဆိုတော့ ဒါ အစိုးရဝန်ထမ်းလား၊ ပြည်သူလူထုကိုယ်စားလှယ်လားဆိုတဲ့ မေးခွန်းတစ်ခုပဲ ကျနော်တို့ မေးကြရလိမ့်မယ်။ အစိုးရဝန်ထမ်း၊ စည်းမျဉ်းစည်းကမ်းအောက်မှာလုပ်မယ်ဆိုရင် လူထုက ရွေးချယ်စရာအကြောင်းကို မရှိဘူး။”

နှစ်ပေါင်း ၆၅ နှစ်ကြာပြီးမှ တစ်ကျော့ပြန် ပြန်လည်ကျင်းပတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်အဆင့်ဆင့် ရွေးကောက်ပွဲတွေကို ဒီဇင်ဘာလ ၂၇ ရက်က ကျင်းပခဲ့တာပါ။

ရန်ကုန် စည်ပင်သာယာရေးကော်မတီကို အသစ်ပြန်လည်ဖွဲ့စည်းမှာဖြစ်တဲ့အတွက် အဲဒီ ကော်မတမှာ ပါဝင်မဲ့ ကိုယ်စားလှယ်တွေကို ရွေးချယ်တာလည်း ဖြစ်ပါတယ်။ မြို့တော်ဝန်ကိုတော့ နိုင်ငံတော်သမ္မတက တိုက်ရိုက်ခန့်မှာဖြစ်ပြီး ပြည်သူက မဲပေးရွေးချယ်တဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ၄ ဦး၊ တိုင်းဒေသကြီးအစိုးရက တိုက်ရိုက်ရွေးချယ်မယ့်သူ ၄ ဦးနဲ့ပြန်ဖွဲ့မှာလည်း ဖြစ်ပါတယ်ခင်ဗျား။

XS
SM
MD
LG