သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြမှုတွေကို ဥပဒေနဲ့အညီ ကိုင်တွယ်ဖို့ ပြည်ထောင်စု အစိုးရ ညွန်ကြားခဲ့


အရပ်ဝတ်လူအင်အားဖြင့် ဆန္ဒပြကျောင်းသားများအား ဝင်ရောက်အကြမ်းဖက်- သတင်းဓာတ်ပုံ- Credit to ရှစ့်ဆယ့်ရှစ်မျိုးဆက်
အရပ်ဝတ်လူအင်အားဖြင့် ဆန္ဒပြကျောင်းသားများအား ဝင်ရောက်အကြမ်းဖက်- သတင်းဓာတ်ပုံ- Credit to ရှစ့်ဆယ့်ရှစ်မျိုးဆက်

ရန်ကုန်မြို့က ကျောင်းသားတွေရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရက အရပ်သားတွေ အသုံးပြု ဖြိုးခွင်းခဲ့မှုဟာ တည်ဆဲ ဥပဒေတွေကို လိုက်နာကျင့်သုံး ဆောင်ရွက် တာသာ ဖြစ်တယ်လို့ ပြည်ထောင်စု အစိုးရက ပြောပါ တယ်။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဘက် ကတော့ အခုလို ဆန္ဒပြပွဲတွေကို အရပ်သားတွေသုံး ဖြိုခွဲမှုဟာ ဥပဒေ အရ ညီညွတ်တဲ့ အထောက်အထား မတွေ့သေးဘူးလို့ပြောဆိုလိုက်ပါတယ်။ မသိင်္ဂ ီထိုက်က စုစည်းတင်ပြထားပါတယ်။

လက်ပံတန်းမြို့မှာ အာဏာပိုင်တို့ရဲ့ ပိတ်ဆို့ခံထားရတဲ့ ကျောင်းသားသပိတ် စစ်ကြောင်းကို ရန်ကုန်ကို ချီတက်ခွင့်ပြုရေး ရန်ကုန်မြို့က ဆန္ဒပြပွဲကို ရန်ကုန်တိုင်းဒေသကြီး အစိုးရက အရပ်သားတချို့ကို အကြမ်းဖက်ခွင့်ပေးပြီး ဆန္ဒပြပွဲကို ဖြိုခွင်းခဲ့တာပါ။ ကြာသပတေးနေ့ အခုလို အရပ်သားတွေ အသုံးပြု ဖြိုခွဲခဲ့မှုမှာ ဆန္ဒပြသူ ၈ ဦးဖမ်းဆီးခံရပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့တာပါ။

အခုလို ရန်ကုန်တိုင်းဒေသကြီး အစိုးရက အရပ်သား တချို့ကို တာဝန်ဆိုတဲ့ လက်ပတ်နီတွေ ဝတ်ဆင်စေပြီး လက်နက်မပါ ငြိမ်းချမ်းစွာ ဆန္ဒပြကြသူတွေကို ဝင်ရောက် ရိုက်နှက် ဖမ်းဆီးခဲ့တဲ့ လုပ်ရပ်ဟာ လက်ရှိ တည်ဆဲ ဥပဒေကို ကျင့်သုံးတာ ဖြစ်တယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။

"ကျနော်တို့ သုံးတာက ရန်ကုန်တိုင်းဒေသကြီး သုံးတာ။ ပြည်ထောင်စု အစိုးရက သုံးတာ မဟုတ်ဘူး။ ပြည်ထောင်စု အစိုးရက တိုင်းဒေသကြီး အစိုးရနဲ့ ပြည်နယ် အစိုးရကို ပြောတာ ၂ ခုဘဲ ရှိတယ်။ ပထမ တချက်က ဒီတိုင်းဒေသကြီး ပြည်နယ် အတွင်းမှာ ဆူပူအုံကြွမှုတွေ မတည်မငြိမ် ဖြစ်မှုတွေ အဲလိုမျိုးတွေ မဖြစ်ဖို့၊ ထိန်းသိမ်းဖို့ ပြောတယ်။ နံပတ် ၂ အချက်က အဲဒီလိုမျိုး ထိန်းသိမ်းတဲ့ အခါမှာ ဥပဒေနဲ့ ညီညွတ် ဆောင်ရွက်ဖို့ ပြောတယ်။ ဒါဘဲ ကျနော်တို့ ဗဟိုက ပြည်ထောင်စု အစိုးရက ပြောထားတဲ့ဟာ။ ဥပဒေကတော့ ရှိပြီး တည်ဆဲ ဥပဒေတွေ ဖြစ်နေ တယ်ပေါ့နော်။ အဲတော့ အဲဒီ ဥပဒေအပေါ် Exercise (ကျင့်သုံး) လုပ်တဲ့ အပေါ်မှာ ဒါတွေက ဝိဝါဒ ကွဲပြားစရာတွေ ဖြစ်တယ်ပေါ့နော်။ ဖြစ်တော့ အခု ပြဌာန်းထားတဲ့ တည်ဆဲဥပဒေ ၁ ရပ်ကို သုံးတယ်လို့တော့ ကျနော်တို့လည်း သိရှိထားတယ်။ ဒါပေမယ့် ဒီသုံးတဲ့ ဥပဒေက ဥပဒေရဲ့ Condition ပေါ့နော်။

ဒါတွေ ပြန်ပြီးတော့ ပြန်သုံးသပ်ပြီးတော့ ဆောင်ရွက်ဖို့ ဆိုပြီးတော့ ပြောထား အဲ ပြောထားတယ်ပေါ့နော်။ ပြောထားတော့ အခု ကျနော်တို့က အခုဟာက ဒီတခုတည်းတင် ကွက်ပြီး ကြည့်လို့ မရတော့ဘူးပေါ့နော်။ ကျနော်တို့က ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့် နဲ့ ဒီဘက်က တည်ငြိမ်အေးချမ်းရေးပေါ့နော် Public Order မထိခိုက်ရေးပေါ့။ အဲဒီပေါ်မှာ ကျနော်တို့က တခုလုံးကို ပြန်ပြီး သုံးသပ်ရမယ့် သဘောဖြစ်တာပေါ့။"

ကြာသပတေးနေ့တုန်းက ဆန္ဒပြပွဲ အကြမ်းဖက် နှိမ်နင်းမှုမှာ ဆိုရင် အာဏာပိုင်တို့ စေခိုင်းထားတဲ့ လက်ပတ်နီဝတ် အရပ်သား အမျိုးသား နှစ်ဦးက ဆန္ဒပြသူ အမျိုးသမီး တဦးကို လည်ပင်းကိုညှစ်၊ လက်ကိုဖမ်းချုပ်ပြီး ရဲကားပေါ်ကို ဆွဲခေါ်ဖမ်းဆီးသွားတဲ့ ဓာတ်ပုံဟာဆိုရင်လည်း လူမှုကွန်ယက်ပေါ်မှာ အတော်လေး ပျံ့နှံ့ခဲ့ပြီး လူထုကြားမှာလည်း မကျေနပ်မှုတွေလည်း အတော်များခဲ့တာပါ။ ဒီလို ဖမ်းဆီးမှုတွေ အပြင် ရဲတွေနဲ့ လက်ပတ်နီဝတ် အရပ်သား အမျိုးသားတွေက နံပတ်တုတ်တွေနဲ့လည်း ဆန္ဒပြသူတွေကို ရိုက်ခဲ့တာပါ။

ဒီလို အကြမ်းဖက်မှုတွေက လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်စေပါသလား ဆိုတာကိုလည်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရဲ့ ဒုတိယ ဥက္ကဋ္ဌဦးစစ်မြိုင်က အခုလို ပြောပါတယ်။

"ရာဇသတ်ကြီးထဲမှာတော့ ပုဒ်မ ၁၂၇၊ ၁၂၈ ဒီမှာတော့ အင်အားဖြိုခွင်းဖို့ အတွက် အရံအင်အားတွေ သုံးနိုင်တယ်ဆိုတဲ့ ပြဌာန်းချက် ပါပါတယ်။ ဒါပေမယ်လို့ အရံ အင်အား ဥပဒေမှာတော့ အဲဒါတွေက ကျနော်တို့ သီးခြား ဒီလို ကိစ္စမှာ သုံးဖို့ အရံ မဟုတ်ဘဲနဲ့ နိုင်ငံတော် လုံခြုံရေး အတွက် သုံးမယ့် အရံမျိုး လို့ဘဲ ကျနော်က တွေ့တယ်။ ဆိုလိုချင်တာကတော့ မည်သည့် ဥပဒေကို ကိုးကားပြီးတော့ ဒီအရံ အဖွဲ့တွေကို သုံးတယ်ဆိုတာကတော့ သူတို့ ကျနော့်ရဲ့ လေ့လာမှု အရ ကွဲကွဲပြားပြား ကျနော် မသိရသေးပါဘူး။ ဒါကြောင့်လည်း ကျနော် ဥပဒေ လေ့လာနေတယ်လေ။ သူတို့ ဘယ်ဥပဒေကို ကိုးကားပြီး အသုံးပြုသလဲ ဆိုတာကို ကျနော်တို့ ရှာဖွေ လေ့လာနေတယ်။ လောလောဆယ် လေ့လာ သလောက်တော့ ဒီ … ဥပဒေ အထောက်အထားတော့ ကျနော့် အနေနဲ့ မတွေ့ဘူး။ အဲတော့ ကျနော်တို့ ပြောလို တာကတော့ နံပတ် ၁ - ဥပဒေနဲ့ အညီ ဆောင်ရွက် တာကိုတော့ ကျနော်တို့ ပြောစရာ မရှိပါဘူး။ ဥပဒေနဲ့ မညီဘူး ဆိုရင်တော့ ဒါ လူ့အခွင့်အရေးကို ထိခိုက်ပါတယ်။"

ရန်ကုန်က ပြည်သူတွေရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲ အကြမ်းဖက် ဖြိုခွင်းခံရမှု အပေါ် အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဘက်က ဥပဒေ ကျင့်သုံးမှုတွေ ကို လေ့လာနေတယ် ဆိုပေမယ့်လည်း အရေးယူ ဆောင်ရွက်ဖို့တော့ အခုအချိန်ထိ အစီအစဉ် မရှိသေးဘူးဆိုပြီးလည်း ဒုတိယ ဥက္ကဌ ဦးစစ်မြိုင်က ပြောခဲ့ပါတယ်။

XS
SM
MD
LG