သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပထမဆုံး အစုရှယ်ယာဈေးကွက် Yangon Stock Exchange စဖွင့်


(Credit: http://ysx-mm.com/en/)
(Credit: http://ysx-mm.com/en/)

မြန်မာနိုင်ငံရဲ့ ပထမဆုံး အစုရှယ်ယာဈေးကွက် ရန်ကုန် Stock Exchange, YSX ကို ဒီကနေ့ ဗုဒ္ဓဟူးနေ့ ရန်ကုန်မြို့မှာ ဖွင့်လှစ်မှာဖြစ်ပါတယ်။ ရန်ကုန် Stock Exchange ကို မြန်မာ့စီးပွားရေးဘဏ်၊ ဂျပန် Exchange Group နဲ့ ဂျပန်တတ်သိပညာရှင်များ အဖွဲ့ဖြစ်တဲ့ Daiwa သုတေသနအဖွဲတို့ ပူးတွဲ တည်ထောင်တာ ဖြစ်ပါတယ်။

မတည်ငွေ ကျပ် သန်းပေါင်း ၃ သောင်း ၂ ထောင်နဲ့ တည်ထောင်တဲ့ အစုရှယ်ယာဈေးကွက် စဖွင့်တဲ့နေ့ကျရင် ရှယ်ယာထုတ် ရောင်းခွင့်ရမယ့် ကုမ္ပဏီတွေ စာရင်းကို ကြေညာမှာဖြစ်တယ်လို့ ဘဏ္ဍာရေးဒုဝန်ကြီးလည်းဖြစ်၊ မြန်မာ့ငွေချေး သက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်သိမ်းက ပြောကြားထားပါတယ်။

IPO (Initial Public Offering) ခေါ် အစုရှယ်ယာတွေ အများပြည်သူကို ထုတ်ရောင်းခွင့် ရရှိဖို့အတွက် မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီတွေအနေနဲ့ ၂ နှစ် အမြတ်အစွန်းရရှိကြောင်း၊ အခွန်ငွေ မှန်မှန်ပေးဆောင်နေကြောင်း သက်သေပြဖို့ လိုအပ်မယ့်အပြင်၊ ကုမ္ပဏီမှာ အစုရှယ်ယာပေါင်း ၁၀၀ ရှိဖို့ လိုအပ်တယ်လို့ သိရပါတယ်။

အခုလို ကန့်သတ်ချက်တွေကြောင့် အစပိုင်းမှာ ပါဝင်နိုင်မယ့် ကုမ္ပဏီအရေအတွက် နည်းပါးလိမ့်မယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။ ဒါပေမဲ့ ရှယ်ယာ ထုတ်ရောင်းနိုင်မယ့် ကုမ္ပဏီ လောလောဆယ် ၅ ခုလောက် ရှိတယ်လို့ ဦးမောင်မောင်သိမ်း က ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ ဆယ်စုနှစ်နဲ့ချီ အစိုးရထိန်းချုပ်ခဲ့တဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေးလုပ်ငန်းတွေကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာခဲ့ပြီးနောက်မှာ အခုလို အစုရှယ်ယာဈေးကွက်ကို မြန်မာနိုင်ငံမှာ ပထမဆုံး ဖွင့်လှစ်တာဖြစ်ပါတယ်။

အမေရိကန်ရဲ့ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဆက်ပြီးရှိနေသေးသလို မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးစနစ်မှာ အားနည်းချက်တွေ ရှိနေသေးပေမဲ့ အစုရှယ်ဈေးကွက်ကနေ ရလာနိုင်တဲ့ အကျိုးအမြတ် အလားအလာတွေ အများကြီးရှိတယ်လို့ ရန်ကုန် Stock Exchange ကို အားပေးသူတွေက ပြောနေပါတယ်။

ဒါပေမဲ့ အစုဈေးကွက်ထဲမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို ပါဝင်ရောင်းဝယ်ခွင့် မပြုတာနဲ့ အစုရှယ်ယာ အရောင်းအဝယ်အကြောင်း မြန်မာပြည်သူတွေ သိရှိသဘောပေါက်မှု နည်းပါးတာတွေက အစုရှယ်ယာ ဈေးကွက်တိုးတက်ဖို့မှာ စိန်ခေါ်မှုတွေ ဖြစ်တယ်လို့ ရန်ကုန် Stock Exchange ဖွင့်မယ့်အပေါ် အားပေးနေတဲ့ ဂျပန်တာဝန်ရှိသူတယောက်ပြောတာကို Financial Times သတင်းဆောင်းပါးမှာ ကိုးကားဖော်ပြထားပါတယ်။

အခု ရန်ကုန် Stock Exchange ကို တည်ထောင်တဲ့ထဲမှာပါနေတဲ့ မြန်မာ့စီးပွားရေးဘဏ်အပေါ် အမေရိကန်အစိုးရက အရေးယူပိတ်ဆို့မှုတချို့ကို ၂၀၁၃ ခုနှစ်မှာ ဖြေလျှော့ပေးခဲ့တယ်ဆိုပေမဲ့ ခုချိန်ထိ အမေရိကန်ရဲ့ ဒဏ်ခတ်မှုစာရင်းထဲမှာပဲ ရှိနေသေးတဲ့အတွက် လုပ်ငန်းဆောင်ရွက်မှုအပိုင်းမှာ အခက်အခဲတွေ ရှိနိုင်တယ်ဆိုတာကိုလည်း Financial Times သတင်းဆောင်းပါးမှာ ထောက်ပြထားပါတယ်။ ရန်ကုန် Stock Exchange ကို ရန်ကုန်မြို့က မြဝတီဘဏ် ရုံးချုပ်ဟောင်းမှာ ဖွင့်လှစ်ထားမှာ ဖြစ်ပါတယ်။

XS
SM
MD
LG