ယီမင်သမ္မတ Abd Rabbuh Mansour Hadi က သူပုန်တွေနဲ့ သဘောတူညီမှုတခု ရပြီလို့ ပြောကြားလိုက်ပါတယ်။ သမ္မတအိမ်တော်ကို သိမ်းပိုက်ထားတဲ့ Houthi သူပုန်တွေလက်မခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲရေး တင်သွင်းအဆိုပြုချက်ကို ပယ်ဖျက်ပေးဖို့ ကမ်းလှမ်းရင်း သဘောတူညီချက်တခု ရခဲ့တာလို့ ဆိုပါတယ်။
Houthi သူပုန်တွေဘက်ကလည်း အပြန်အလှန်အနေနဲ့ စနေနေ့က သူတို့ပြန်ပေးဆွဲထားတဲ့ ယီမင် ထိပ်တန်း အရာရှိကြီးကို ပြန်လွှတ်ပေးဖို့နဲ့ သူတို့ သိမ်းပိုက်ထားတဲ့ နေရာတွေကနေ ပြန်လည်ထွက်ခွာပေးဖို့ သဘောတူခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ယီမင်အခြေစိုက် အယ်လ်ကိုင်းဒါး စစ်သွေးကြွတွေကို တိုက်ထုတ်နေတဲ့ လက်ရှိ ယီမင်အစိုးရကို ထောက်ခံမှု ပေးနေတဲ့ အမေရိကန်နဲ့ ကုလသမဂ္ဂ အဖွဲ့တို့ရဲ့ ပင်လယ်ကွေ့ ဒေသတလွှားအတွက် စိုးရိမ်မှုတွေလည်း ပြေလျော့လာတဲ့ပုံ တွေ့ရပါတယ်။
ယီမင်မြို့တော် Sana’a မှာ အကြမ်းဖက်မှုတွေ သုံးရက်ကြာ ဖြစ်ပွားခဲ့ပြီးတဲ့နောက် အခုလို သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။ ယီမင်နိုင်ငံရဲ့ အခြေအနေကို စောင့်ကြည့်ရေးဟာ အမေရိကန် ပြည်ထောင်စုအတွက် ဦးစားပေး လုပ်ငန်းတရပ် ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ က ပြောပါတယ်။
ယီမင်သမ္မတ ထုတ်ပြန်တဲ့ ကြေညာချက်မှာလည်း နက်နက်ရှိုင်းရှိုင်းကြီး ပြိုကွဲနေတဲ့ ယီမင်နိုင်ငံ ပြန်လည် စည်းလုံးရေးအတွက် လုပ်ဆောင်ရမှာတွေကို ကျယ်ကျယ်ပြန့်ပြန့် ချပြထားပါတယ်။