ယီမင်နိုင်ငံမှာ Shi'ite Houthi သူပုန်တွေက မြို့တော် Sana'a ကို တိုးချဲ့သိမ်းပိုက် လာနေတာနဲ့အမျှ သမ္မတ Abd Rabbuh Mansour Hadi အိမ်ကိုလည်း အပြင်ကနေ ဝိုင်းထားလိုက်ပါတယ်။
Sana'a မြို့တော်မှာ ယီမင် လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ခဲ့ပြီး တရက်ကြာ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာပဲ သမ္မတအိမ်ကို ဝိုင်းထားတာပါ။ သမ္မတ Hadi ကတော့ သူ့အိမ်ထဲမှာ ဘေးကင်းလုံခြုံစွာ ရှိနေပါတယ်လို့ ပြောပါတယ်။
သူပုန်ခေါင်းဆောင် Abdel Malik Al Houthi အင်္ဂါနေ့နှောင်းပိုင်းက ရုပ်မြင်သံကြားကနေ ပြောကြားတဲ့ မိန့်ခွန်းမှာတော့ သူတို့အဖွဲ့ဟာ ယီမင်နိုင်ငံတွင်း အကျင့်ပျက် ခြစားမှုတွေနဲ့ အာဏာရှင်စနစ်ကို အဆုံးသတ်ချင်တာ ဖြစ်တယ်လို့ ပြောသွားပါတယ်။ အစိုးရကို ထွက်ပေးဖို့ တောင်းဆိုတာမျိုး မရှိပေမဲ့ အစိုးရကို ဖိအားပေးတဲ့ လုပ်ဆောင်မှုတွေကိုတော့ တတ်နိုင်သမျှ ဆက်လုပ်သွားမယ်လို့ သူက ပြောသွားပါတယ်။
ဒီအတောတွင်း သီးခြားဖြစ်ရပ်တခုမှာတော့ တောင်ပိုင်းမြို့ Aden မှာရှိတဲ့ လေဆိပ်ကို အာဏာပိုင်တွေက ဒီကနေ့ ပိတ်ပစ်လိုက်ပြီး မစ္စတာ Hadi ရဲ့ အာဏာနဲ့ တိုင်းပြည်ရဲ့ အချုပ်အချာအာဏာကို တိုက်ခိုက်နေတာတွေကို ကန့်ကွက်တဲ့အနေနဲ့ အခုလို လေဆိပ်ကို ပိတ်ပစ်လိုက်တာလို့ သူတို့က ပြောပါတယ်။