သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Zimmerman မပြစ်မရှိကြောင်း ဂျူရီအဖွဲ့ဆုံးဖြတ်


တရားရုံးဆုံးဖြတ်ချက်အပြီး Zimmerman ကိုတွေ့ရစဉ်။ (ဇူလိုင်လ ၁၄ ရက်၊ ၂၀၁၃)
တရားရုံးဆုံးဖြတ်ချက်အပြီး Zimmerman ကိုတွေ့ရစဉ်။ (ဇူလိုင်လ ၁၄ ရက်၊ ၂၀၁၃)
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်တုန်းက လူမည်း ဆယ်ကျော်သက် တယောက်ကို ပစ်သတ်ခဲ့သူအဖြစ် မသင်္ကာသူ George Zimmerman ကို ဂျုရီလူကြီးအဖွဲ့က လူသတ်မှု ဒါမှမဟုတ် လူသေစေမှုနဲ့ အပြစ်မရှိဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ လူမျိုးရေးကွဲပြားမှုဆိုတဲ့ ကိစ္စတွေ လွှမ်းမိုးခဲ့တဲ့ အမှုစစ်ဆေးကြားနာခဲ့ပြီးနောက်မှာ အမျိုးသမီး ၆ ယောက်ပါတဲ့ ဂျူရီအဖွဲ့က Zimmerman အပေါ် စွဲဆိုထားတဲ့ အမှုတွေအားလုံးအတွက် အပြစ်မရှိဘူးဆိုပြီး တရားသေလွှတ်ပေးခဲ့ပါတယ်။

သေဆုံးခဲ့သူ အသက် ၁၇ နှစ်အရွယ် Trayvon Martin ဟာ လူမည်းဖြစ်တဲ့အတွက် Zimmerman က ပစ်ခတ်ခဲ့တာလို့ Trayvon Martin ဘက်က ထောက်ခံသူတွေက ပြောပါတယ်။ တရားရုံးရဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့ပြီး ချက်ချင်းဆိုသလို Trayvon Martin ရဲ့ မိသားစုဝင်တွေ အပါအဝင် ထောက်ခံသူတွေက ဒီဆုံးဖြတ်ချက်အပေါ် စိတ်ပျက်တဲ့အကြောင်း လူမှုကွန်ယက်တွေပေါ်မှာ ရေးသားဖော်ပြခဲ့ကြပါတယ်။ တရားရုံးအပြင်ဘက်မှာလည်း ငြိမ်သက်စွာနဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

အမှုစစ်ဆေးကြားနာတဲ့ Sanford မြို့မှာ ရဲအင်အားကို တိုးချဲ့ချထားပါတယ်။ ဖလော်ရီဒါ ပြည်နယ်နဲ့ မိုင်ထောင်ချီဝေးတဲ့ အနောက်ခြမ်းက ဆန်ဖရန်ဆစ္စကို မြို့အပါအဝင် တခြားမြို့တချို့မှာလည်း ဆန္ဒပြမှုတချို့ရှိခဲ့ပါတယ်။ ဆန္ဒပြမှုတွေက အတော်လေး ငြိမ်းငြိမ်းချမ်းချမ်းရှိပေမဲ့ မှန်တွေ ရိုက်ခွဲ၊ မီးပုံရှို့မှု တချို့တော့ ရှိခဲ့ပါတယ်။

အမှုကနေလွတ်သွားတဲ့ Zimmerman ရဲ့ ဖခင်က လူဖြူဖြစ်ပြီး မိခင်က စပိန်စကားပြော တောင်အမေရိက နွယ်ဖွားဖြစ်ပါတယ်။ ရပ်ကွက်လုံခြုံရေး တာဝန်ယူထားခဲ့သူ Zimmerman က ကိုယ့်ကိုကိုယ် ခုခံတဲ့အနေနဲ့ Trayvon Martin ကို ပစ်ခဲ့မိတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
XS
SM
MD
LG