သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဆိုင်ရာ ကန်မူဝါဒ သုံးသပ်ဖို့ McCain Institute မှာ ဆွေးနွေး


John McCain Institute Forum တွင် မဇင်မာအောင် ပါဝင် ဆွေးနွေးနေစဉ်။
John McCain Institute Forum တွင် မဇင်မာအောင် ပါဝင် ဆွေးနွေးနေစဉ်။

ရီပတ်ဘလီကန်ခေါင်းဆောင် Jonh McCain ဦးဆောင်ကျင်းပတဲ့ Sedona ဆွေးနွေးပွဲမှာ မြန်မာပြည်ဆိုင်ရာ အမေရိကန်နိုင်ငံခြားရေးမူဝါဒ ပြန် လည် သုံးသပ်ရေးဆိုင်ရာ အကြောင်းတွေကို ဆွေးနွေးခဲ့ကြပြီး ဒီဆွေးပွဲရလဒ်ကို စာတမ်းပြုစုကာ ဝါရှင်တန်နိုင်ငံရေး အသိုင်းအဝိုင်းကို Jonh McCain က တိုက်တွန်းသွားဖို့ မျှော်လင့်နေကြပါတယ်။ အိုဘားမား အစိုးရဟာ ဒီမိုကရေစီအင်အားစုတွေရဲ့ အသံထက် မြန်မာအစိုးရနဲ့သာ ပိုပြီး နီးစပ်လာတဲ့အပေါ် စိုးရိမ်နေတာကြောင့် အမေရိကန် နိုင်ငံခြားရေးမူဝါဒကို ပြန်လည်သုံးသပ်ဖို့ Sedona ဆွေးနွေးပွဲမှာ တိုက်တွန်းပြောဆို ခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စု အာရီဇိုးနားပြည်နယ် Sedona မြို့မှာ Jonh McCain Institute က ကြီးမှူးကျင်းပတဲ့ Sedona Forum ဆွေးနွေးပွဲမှာ လူ့အခွင့်အရေး ချိုးဖေါက်ခံရမှု ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ လူကုန်ကူးမှုနဲ့ ကမ္ဘာ့စီးပွားရေး စတဲ့ကဏ္ဍတွေမှာ အမေရိကန်ရဲ့ဦးဆောင်မှုနဲ့ ပတ်သက်လို့ ဧပြီလ ၂၅ ရက်နဲ့ ၂၆ နှစ်ရက်ကြာ ဝိုင်းဝန်း ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲအတွင်း မြန်မာနိုင်ငံရဲ့ အသွင်းကူးပြောင်းရေးမှာ အမေရိကန်အစိုးရရဲ့ အခန်းကဏ္ဍအရေးကြီးပုံကို ဆွေးနွေးခဲ့ကြပြီး ဒီဆွေးနွေး ချက်တွေကို နိုင်ငံရေးသြဇာကြီးမားတဲ့ ရီပတ်ဘလီကန်ခေါင်းဆောင် Jonh McCain က အမေရိကန်အစိုးရကို ပြန်လည်တိုက်တွန်းသွားဖို့ မျှော်လင့်ကြောင်း Sedona ဆွေးနွေးပွဲမှာ ကိုယ်တိုင် တက်ရောက်ဆွေးနွေးသူ ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်း အုပ်ချုပ်မှု ဒါရိုက်တာအဖွဲ့ဝင် မဇင်မာအောင်က VOA ကို ပြောပါတယ်။

“ဒီ ဆီးနိတ်တာ Jonh McCain ကလည်း အားလုံး သိတဲ့အတိုင်းပဲ၊ မြန်မာ့အရေးနဲ့ ပတ်သက်ရင်ကော သူက စိတ်ပါဝင်စားမှု ရှိပြီးတော့ အမေရိကန်နိုင်ငံရေးလောကမှာလည်း သြဇာရှိတဲ့ ဆီးနိတ်တာ တယောက် ဖြစ်တယ်ပေါ့နော်။ ဆိုတော့ ဒီဟာတွေကို သူတို့ Document လုပ်ပြီးတဲ့အခါမှာ ဒီ ဝါရှင်တန် Politics မှာတော့ တစုံတရာ Input လုပ်ဖို့ ကြိုးစားတဲ့ ဖိုရမ် မျိုးပါ။ ဖိုရမ်ကနေပြီးတော့ အသံတွေ နားထောင်မယ်။ ပြန်လည် သုံးသပ်မယ်။ သုံးသပ်ပြီးတော့ ဒါတွေကို အခြေခံပြီးတော့ ဆီနိတ်တာ Jonh McCain အနေနဲ့ ဒီ ဝါရှင်တန် Politics မှာ တစုံတရာ Input ပေးနိုင်ဖို့လို့ အထောက်အပံ့ ဖြစ်စေတဲ့ ဖိုရမ်မျိုးပါ။ ဒီဖိုရမ်က။”

မြန်မာပြည်နဲ့ပတ်သက်လို့ အိုဘားမားအစိုးရရဲ့ ဆက်ဆံမှုတွေဟာ နေပြည်တော ်မြန်မာအစိုးရနဲ့သာ ပိုနီးစပ်နေတာကို သတိပြုမိတာကြောင့် အခြေနေမှန်တွေကို လေ့လာပြီး ပြန်လည်သုံးသပ်မှုတွေ လုပ်သင့်တယ်လို့ Sedona Forum မှာ သူဆွေးနွေးခဲ့ကြောင်း မဇင်မာအောင်က ပြောပါတယ်။

“ကျမ ပါခဲ့တဲ့ Panel က ဒီ လူ့အခွင့်အရေးနဲ့ အမေရိကန်ရဲ့ အခန်းကဏ္ဍပေါ့နော်။ ဆိုတော့ မြန်မာ အသွင်ကူးပြေင်းရေးမှာ ရပ်တည်နေတဲ့ အမေရိကန် အစိုးရရဲ့ အခန်းကဏ္ဍနဲ့ ရပ်တည်ချက်တွေအပေါ်မှာ ဘာပြောချင်သလဲဆိုတဲ့ဟာပါ၊ အဓိက ကတော့လေ။ ဆိုတော့ ကျမကတော့ အဓိက ကတော့ အမေရိကန် အခန်းကဏ္ဍက (Still) အရမ်း အရေးကြီးတယ်။ သူ့ရဲ့ ရပ်တည်ချက် မှားရင်၊ ဒါမှမဟုတ်လဲ Information မှန်မှန်ကန်ကန် မရဘဲနဲ့ ဆုံးဖြတ်ချက်တွေ၊ သုံးသပ်ချက်တွေ၊ မှားမယ်ဆိုလို့ရှိရင် ဒီမိုကရက်တစ် အင်အားစုတွေအတွက် စိတ်ပျက်စရာ ဖြစ်လာနိုင်ဖွယ်ရာ ရှိတယ်ဆိုတာမျိုး ဒါကို သတိထားဖို့နဲ့၊ နောက်ပြီးတော့ အမေရိကန်က လာကြတဲ့၊ ဘယ်လိုပြောမလဲ၊ ဝါရှင်တန်က ပုဂ္ဂိုလ်တွေ အနေနဲ့ ဆိုလို့ရှိရင်လည်း အစိုးရနဲ့ချည်းပဲ၊ နေပြည်တော်နဲ့ချည်းပဲ လုံးလား ထွေးလား လုပ်နေတာထက်စာလို့ရှိရင် အောက်ခြေမှာ တကယ့် ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ဒီထက်ပိုပြီးတော့ သိဖို့လို့ လိုအပ်တယ် ဆိုတဲ့ အသံတွေကို နားထောင်ဖို့ ဆိုတာမျိုးပဲ ကျမက ပြောခဲ့ပါတယ်။”

အမေရိကန်ပြည်ထောင်စုက ကမ္ဘာလုံးဆိုင်ရာ ပထဝီနိုင်ငံရေးကို စဉ်းစားရတာ မှန်ပေမယ့် မြန်မာပြည်အရေးမှာ လက်တွေ့ အခြေအနေတွေနဲ့ ကွာဟသွာတာမျိုး မဖြစ်သင့်ဘူးလို့ မဇင်မာအောင်က သုံးသပ်ပါတယ်။

“အမေရိကန်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ မြန်မာပြည်ကတကယ်တော့ Geopolitics အရသာ သူတို့ စိတ်ဝင်စားစရာ ကောင်းနေတာ။ ကျွန်မတို့ စိုးရိမ်တာသည် ဒေသတွင်း နိုင်ငံရေးပေါ့နော်။ ပြောရမယ်ဆိုရင် ကျွန်မတို့ နိုင်ငံလေးတခုရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ နိုင်ငံကြီးတွေရဲ့ ဦးစားပေးဖြစ်တဲ့ ဒေသတွင်း နိုင်ငံရေးချိန်ခွင်လျှာပေါ့ ၊ အဲဒီချိန်ခွင်လျှာနဲ့ ချိန်လိုက်လို့ရှိရင် ဒုတိယတန်းစားလောက် ဖြစ်သွား တယ်ပေါ့။ ဒါ Real Politics မှာ ဒီအတိုင်းပဲ။ ကျွန်မစိုးရိမ်တာလည်း ဒီအတိုင်းပါပဲ။ အဲဒါတော့ ဒီဖက်မှာလဲ ကျွန်မပြောဖြစ်တယ်။ ဆိုလိုတာက စစ်ရေးအရ၊ နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လွှမ်းမိုးလာတဲ့ တရုတ်ကိုပဲ Counter လုပ်ဖို့၊ ဒါမှမဟုတ် ထိန်းညှိဖို့လို့ လုပ်တယ် .. အဲဒါက ပိုများ တယ်လို့ ကျွန်မက မြင်တယ်။”

တကယ်တော့ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးမှာ အကြီးအကျယ် စိန်ခေါ်မှုရှိနေဆဲပဲလို့ မဇင်မာအောင်က ထောက်ပြပါတယ်။

“ကျွန်မတို့ စိန်ခေါ်မှုတွေ ရှိနေသေးတုန်းပဲလို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကို ရိုးရိုးရှင်းရှင်း ဖြောင့်ဖြောင့်နဲ့ လုပ်နေတာထက် စာလို့ရှိရင် ကိုယ့် ရှိရင်းစွဲအာဏာကို ဘယ်လို ဆက်ပြီးတော့ တည်မြဲအောင် လုပ်ရမလဲ။ တဖက်ကလည်း ဒီမိုကရက်တစ် အင်အားစုတွေရဲ့ အကြိုက်ပေါ့ .. အထူးသဖြင့် နိုင်ငံတကာရဲ့ အကြိုက်လည်း ဖြစ်ရအောင် ဆိုတဲ့ဟာမျိုးကို သူက Strategy-ဗျူဟာ ပြောင်းသွားတာပဲ ဖြစ်တယ်။ ရည်ရွယ်ချက်က မပြောင်းသွားဘူး ပေါ့နော်…ဆိုတာကို သွားတွေ့ရတယ်။ ဒါ ကျွန်မတို့အတွက်ကတော့ အထူးသဖြင့် ဒီမိုကရက်တစ် အင်အားစုတွေ အတွက်ကတော့ အကြီးအကျယ် စိန်ခေါ်မှုတွေ ရှိနေတုန်းပဲ။”

အာရီဇိုးနားပြည်နယ် Sedona Forum ဆွေးနွေးပွဲမှာ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း Tony Blair လဲလည်းတက်ရောက်ပြီး နိုင်ငံတကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးမှာ သူပါဝင်ခဲ့ရတဲ့ အခြေအနေတွေကို ဆွေးနွေးသွားခဲ့သလို၊ John McCain ရဲ့ဇနီး Cyndy McCain ကလည်း လူကုန်ကူးမှုတိုက်ဖျက်ရေး အခြေနေတွေကို ဆွေးနွေးသွားခဲ့တယ်လို့ သိရပါတယ်။

XS
SM
MD
LG