သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူထုမျှော်မှန်းချက် အစိုးရသစ် ဖြည့်ဆည်းရေး ကုလအားပေး


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Ban Ki-moon ။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Ban Ki-moon ။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီခိုင်မြဲရေး၊ အရပ်ဖက်နိုင်ငံရေးအဆောက်အအုံတွေ ပီပြင်လာရေး၊ တည်ငြိမ်ပြီးအားလုံးလွှမ်းခြုံတဲ့ တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် မတူကွဲပြားတဲ့ နိုင်ငံရေး စီးပွါးရေး အုပ်စုတွေ သက်ဆိုင်သူတွေအားလုံး ပူးပေါင်းဆောင်ရွက်ကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်း လိုက်ပါတယ်။ မြန်မာ့အရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ အစည်းအဝေးမှာ Mr Ban Ki Moon ကအခုလိုပြောကြားလိုက်တာပါ။ အသေးစိတ် ဦးကျော်ဇံသာက တင်ပြပေးထားပါတယ်။.

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ရဲ့ မြန်မာ့အရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ရဲ့ မနေ့ကပြုလုပ်တဲ့ အစည်းအဝေးဟာ မနှစ်က စက်တင်ဘာမှာတွေ့ဆုံခဲ့ပြီးတဲ့နောက် တနှစ်လောက်အကြာမှာ အခု ထပ်တွေ့မှာဖြစ်ပါတယ်။ တနည်းပြောရရင် ၂၀၁၅ နိုဝင်ဘာရွေးကောက်ပွဲအပြီးမှာ ပထမဦးဆုံးအကြိမ် ကျင်းပတဲ့ အစည်းအဝေးလည်းဖြစ်ပါတယ်။ ဒီကာလအတွင်း ဖြစ်ထွန်းခဲ့တဲ့ အပြောင်းအလဲတွေနဲ့ ပါတ်သက်ပြီး မစ္စတာ ဘန်ကီမွန်းက မြန်မာပြည်သူတွေကို ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။

တချိန်ထည်းမှာပဲ သမ္မတဟောင်း ဦးသိန်းစိန် ရဲ့ အပြောင်းအလဲဖော်ဆောင်ပေးမှု ကိုလည်း အသိအမှတ်ပြုတယ်လို့ပြောကြားသွားပါတယ်။ ဒီအစည်းအဝေးမှာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မှတ်ချက်စကားကို သူ့ရဲ့ ပြောခွင့်ရ ဖာရင်ဟတ် - က ဗွီအိုအေမြန်မာပိုင်းအတွက် အခုလိုဖတ်ပြခဲ့ပါတယ်။

"၂၀၁၅ နိုဝင်ဘာရွေးကောက်ပွဲမှာ သိသိသာသာ ငြိမ်းချမ်းပြီးတော့ ဂုဏ်သိက္ခါရှိရှိ နဲ့ တက်တက်ကြွကြွ ပါဝင်မဲပေးခဲ့ကြတဲ့ အတွက် မြန်မာပြည်သူလူထုကို အတွင်းရေးမှူးချုပ်က ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။ ဒီအရေးကြီးတဲ့ကာလ အပြောင်းအလဲ အတွက် အရင် သမ္မတ ဦးသိန်းစိန် ရဲ့ မဆုတ်မနှစ်သော ခေါင်းဆောင်မှုကိုလည်း သူက အသိအမှတ်ပြုပါတယ်"

ရွေးကောက်ပွဲမှာ ပြည်သူလူထုပေးအပ်ထားတဲ့ တာဝန် နဲ့ သူ့ရဲ့မြင့်မား တဲ့ မျှော်မှန်းချက်ကို အမျိုးသားဒီမိုကရေစီ အစိုးရက အကောင်အထည်ဖော်ပေးဖို့ အရေးကြီးတယ်လို့လည်း ဆိုပါတယ်။

"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒီအဖွဲ့ရဲ့ခေါင်းဆောင်တို့ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ကြီးမားတဲ့စွန့်လွှတ်စွန့်စားလုပ်ခဲ့တာကို မြန်မာပြည်သူလူထုက အသိအမှတ်ပြုကြောင်း ရွေးကောက်ပွဲရလဒ် က ပြသလိုက်ပါပြီ။ သူတို့အနေတဲ့ လုံးဝဥသုံ တာဝန်ပေးအပ်လိုက် သလို မျှော်လင့်ချက် လည်း မြင့်မြင့်မားမား ထားရှိနေကြတာပါ။ ဒါ့ကြောင့် နိုင်ငံရေးအခင်းအကျင်းကိုပါပြောင်းလဲပြီး လူထုရည်မှန်းချက်ကို အကောင်အထည်ဖော်ပေးရမှာဖြစ်ပါတယ်။ အတွင်းရေးမှူးချုပ်က မကြာသေးခင်က သမ္မတ ဦးထင်ကျော် ဒေါ်အောင်ဆန်း စုကြည် တို့နဲ့ တယ်လီဖုန်း နဲ့ ဆက်သွယ် စကားပြောရာမှာ ဒါကို အလေးအနက်ထောက်ပြခဲ့ပါတယ်။"

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့တိုးနိုင်ဖို့အတွက် ကုလသမဂ္ဂ ရဲ့ ထောက်ခံမှု အရေးကြီးတယ်လို့လည်း မစ္စတာ ဘန်ကီမွန်းက ဖော်ပြထားပါတယ်။ ဒီနေရာမှာ အစိုးရသစ်အနေနဲ့ ပြည်လုံးကျွတ်အပစ်အခတ်ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေနဲ့ရော လက်မှတ်ရေးထိုးမထားတဲ့ အဖွဲ့တွေနဲ့ပါ ဆက်ဆံတဲ့နေရာမှာ ရှုတ်ထွေးပြီး အကဲဆတ်တဲ့ ပြသနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သုံးသပ်ထားပါတယ်။

၂၁ ရာစု ပင်လုံညီလာခံ ခေါ်ယူလိုက်ရင်တော့ ဒီကိစ္စတွေပြေလည်နိုင် စရာ ငြိမ်းချမ်းရေး ရရှိနိုင်စရာဖြစ်တယ်လို့လည်း သူက ထောက်ခံ အားပေးထားပါတယ်။

"၂၁ ရာစု ပင်လုံညီလာခံဟာ ပြည်လုံးကျွတ် အပစ်အခတ် ရပ်စဲရေး ဖော်ဆောင်ဖို့ အတွက် အခွင့်ကောင်းတရပ်ဖြစ်တယ်လို့ လူတိုင်း ယူဆထားကြပါတယ်။ ဒီညီလာခံဟာ အခု NCA မှာ လက်မှတ်ရေးမထိုး ထားတဲ့ အဖွဲ့အစည်းတွေ အရေးကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ ပြည်ထောင်စုငြိမ်း ချမ်းရေး ဆွေးနွေးပွဲဖော်ဆောင်နိုင်ဖို့ တခုထည်းသော ပူးတွဲကော်မတီ တခုကို အားလုံးပါဝင် ဖွဲ့စည်းဖို့ လိုအပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဩဂုတ်လ အကုန်မှာ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပချင်တယ် လို့ ဆိုပါတယ်။ အစိုးရ စစ်တပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ မေတ္တာရပ်ခံချက်အရ NCA အတိုင်းဖွဲ့စည်းထားတဲ့ ပူးတွဲကြီးကြပ်မှုကော်မတီကို ဘက်လိုက်မှု မရှိတဲ့ နိုင်ငံတကာ အထောက်အပံ့ပေးနိုင်ရေးအတွက် ကုလသမဂ္ဂ က ဆောင်ရွက်နေပါတယ်။"

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရဲ့ ဘန်ကီမွန်းရဲ့ မှတ်ချက်စကားကို သူ့ရဲ့ ပြောခွင့်ရ ဖာရင်ဟတ် က ဗွီအိုအေမြန်မာပိုင်းအတွက် ဖတ်ပြသွားတာဖြစ်ပါတယ်။

တချိန်ထည်းမှာပဲ ရခိုင်ပြည်နယ်က ပြသနာနဲ့ ပါတ်သက်ပြီးတော့ လည်း ဒေါ်အောင်ဆန်းစုကြည် နဲ့ အစိုးရ အရာရှိကြီးတွေက ချဉ်းကပ်မှုသစ်နဲ့ ချမှတ်ဆောင်ရွက်ဖို့ လုပ်နေတယ်ဆိုတဲ့ ကိစ္စကိုလည်း မစ္စတာ ဘန်ကီမွန်းက ကြိုဆိုလိုက်သလို တင်းမာမှုဖြစ်ပွါးလာနိုင်မယ့် ကိစ္စတွေကို ကြိုတင် သတိထားနိုင်မယ့်လုပ်ရပ်မျိုး ဘာသာစုံ ချစ်ကြည်ရင်းနှီးမှု နဲ့ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး တည်ဆောက်နိုင်ဖို့ ကိစ္စတွေဟာလည်း အရေးကြီးတယ်လို့ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်













XS
SM
MD
LG