သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းဒေသ လူ့အခွင့်အရေးချိုးဖောက်မှု စုံစမ်းဖော်ထုတ်ဖို့ ကုလကို တိုက်တွန်း


Houses were leveled by the wildfire in Paradise, California. The California Department of Forestry and Fire Protection said the wildfire that destroyed the town of Paradise is now 40 percent contained.
Houses were leveled by the wildfire in Paradise, California. The California Department of Forestry and Fire Protection said the wildfire that destroyed the town of Paradise is now 40 percent contained.

စစ်ရေးပဋိပက္ခတွေဖြစ်နေတဲ့ ရှမ်းပြည်နယ်တွင်း လက်နက်ကိုင်တပ်တွေ က ဒေသခံ ပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်တာတွေကို ကုလသမဂ္ဂ အနေနဲ့ စုံစမ်းဖော်ထုတ် အရေးယူဆောင်ရွက်ပေးဖို့ ရှမ်းလူ့အခွင့်အရေးအဖွဲ့တွေ က မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူး Ms. Yanghee Lee နဲ့တွေ့ဆုံချိန်မှာ ပြောလိုက်ကြပါတယ်။ ရှမ်းပြည်နယ်က လူ့အခွင့်အရေးအခြေအနေတွေကို ကုလအထူးကိုယ်စားလှယ်က သွားရောက် လေ့လာခဲ့သလို ရှမ်းလူမှုအဖွဲ့တွေနဲ့လည်း တွေ့ဆုံမေးမြန်းခဲ့တာပါ။ Ms. Yanghee Lee ရဲ့ ရှမ်းပြည်နယ်ခရီးစဉ် နောက်ဆုံးအခြေအနေတွေကို မဆုမွန်က တင်ပြထားပါတယ်။

စနေနေ့ညပိုင်းက ကချင်ပြည်နယ်ကနေ ရှမ်းပြည်နယ် လားရှိုးမြို့ကို ရောက်သွားတဲ့ ကုလအထူးကိုယ်စားလှယ် Ms. Yanghee Lee ဟာ ဒီကနေ့ တနင်္ဂနွေနေ့မှာတော့ ရှမ်းပြည်နယ်၊ လားရှိုးမြို့မှာပဲ ရှမ်းပြည်နယ် ရပ်မိရပ်ဖတွေ၊ ရှမ်းလူမှုအဖွဲ့ အစည်းတွေနဲ့ ရှမ်းလူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့တွေ့ဆုံခဲ့တာပါ။ စစ်ရေးတင်းမာမှုတွေရှိနေတဲ့ ရှမ်းပြည်နယ်တွင်းက လူ့အခွင့်အရေး အခြေအနေတွေနဲ့ပတ်သက်လို့ ရှမ်းပြည်နယ်ကို လာရောက်လေ့လာခဲ့တဲ့ ကုလအထူးကိုယ်စားလှယ် Ms. Yanghee lee ကို စစ်ပွဲတွေအတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ရှမ်းဒေသခံပြည်သူတွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ ကိုယ်တိုင်ရှင်းပြခွင့်ရခဲ့တဲ့ ရှမ်းလူငယ်ကွန်ရက်အဖွဲ့ဦးဆောင်ကော်မတီက အလုပ်အမှုဆောင်အဖွဲ့ဝင် နန်းဆန်လောင်ဝ်က အခုလိုပြောပါတယ်။

“Ms. Yanghee lee နဲ့တွေ့ဖို့ ကျမတို့ကိုဖိတ်ခေါ်တယ်။ ကျမတို့ကလည်း သွားတက်ရောက်ခဲ့တယ်။ လားရှိုးမြို့မှာ တွေ့ခဲ့တယ်ပေါ့။ ကျမတို့ဘက်ကလည်း အခုပြီးသွားတဲ့တိုက်ပွဲတွေထဲက ကျောက်မဲဒေသ၊ မိန်းဝီးဒေသကရယ် ပြီးရင် ရှမ်းပြည်နယ် ဒေသအနှံ့အပြားမှာ ဖြစ်ပျက်ခဲ့တဲ့ လူ့အခွင့်အရေး ရှုထောင့်ဆိုင်ရာ အဖြစ်အပျက်တွေကို သွားတင်ပြခဲ့တာပေါ့နော်။ ဥပမာ ရွာမီးရှို့ခံရ တာတွေ၊ ပြည်သူတွေ မတရားသတ်ဖြတ်ခံရတာတွေကို ကျမတို့က လူ့အခွင့်အရေးရှုထောင့်ကနေပဲ တင်ပြခဲ့တာပါ။

မဆုမွန်။ ။ Ms. Yanghee lee ဘက်က ဘာများ ပြန်ပြီးဆွေးနွေးပါလဲရှင့်။

“အော်ဟုတ်ကဲ့။ သူ့ဘက်ကလည်း သူ ဘာများ ပြန်ကူညီနိုင်မလဲပေါ့နော်။ ကျမတို့ဘက်ကလည်း ရိုးရိုးလေးပါပဲ။ ပြည်သူအားလုံးပေါ့နော်။ တိုင်းရင်းသား သာမက ပြည်သူဆိုတဲ့ အသုံးအနှုန်းနဲ့ လူ့အခွင့်အရေးရှုထောင့် ကနေ ပြည်သူတွေအားလုံး လူ့အခွင့်အရေးချိုးဖောက်ခံရမှု မရှိဘဲနဲ့ အစိုးရဘက်ကနေ ကာကွယ်ပေးနိုင်ဖို့ တွန်းအားပေးနိုင်ဖို့ပဲ ကျမတို့ ပြောခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူတွေက ရိုးသားတဲ့ပြည်သူတွေဖြစ်တယ်။ ပြီးရင် သူတို့မှာ ဘာအာဏာ၊ ဘာအကာအကွယ်မှ မရှိဘူး။ အဲ့ဒီ့အတွက် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ မဖြစ်စေချင်ဘူး။ ကျမတို့ကလည်း ပြည်သူတယောက်အနေနဲ့ သူတို့အစိုးရဘက်ကနေ ကာကွယ်ပေးစေချင်တယ် ဆိုတဲ့စကားပဲ ကျမတို့ပြောဖြစ်ခဲ့ ပါတယ်။”

ရှမ်းပြည်နယ်တွင်းမှာ အစိုးရနဲ့အပစ်ရပ်ထားတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ အပစ်မရပ်ရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချင်းချင်းကြား နယ်မြေ ပိုင်နက်အငြင်းပွားမှုပြဿနာ တိုက်ပွဲတွေရော တိုင်းရင်းသားလက်နက်ကိုင်နဲ့ အစိုးရတပ်ကြားပါ တိုက်ပွဲတွေဖြစ်နေလို့ ထောင်ချီတဲ့ ဒေသခံ ရှမ်း၊ ပလောင်ဝ်၊ တအာင်းတိုင်းရင်းသားပြည်သူတွေဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတာဖြစ်ပါ တယ်။ ကုလသမဂ္ဂအနေနဲ့ ရှမ်းပြည်နယ်တွင်း တည်ငြိမ်အေးချမ်းရေး၊ စစ်ပြေး ဒုက္ခသည်တွေအရေးနဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ အခွင့်အရေး ချိုးဖောက်ခံနေရတဲ့အခြေအနေတွေနဲ့ပတ်သက်လို့ ကြားဝင်ကူညီဖြေရှင်းပေးစေ ချင်ပါတယ် လို့လည်း Ms. Yanghee lee ကို အဖြစ်အပျက်နဲ့ တကွ ပြောပြနိုင်ခဲ့တယ်လို့ နန်းဆန်လောင်ဝ်ကပြောပါတယ်။

“ဖြစ်သွားတဲ့ အဖြစ်အပျက်တွေ၊ ဥပမာ ရွာသား ဘယ်နှစ်ယောက်၊ ဘယ်နေရာမှာ မီးရှို့ခံခဲ့ရတယ်ကို တွေ့ခဲ့ရတယ်ပေါ့။ အဲ့လိုမျိုးလေးတွေပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ကလည်း ပြည်သူပါပဲ။ လူငယ်ဆိုတာလည်း ပြည်သူပါပဲ။ ကျမတို့ ပြည်သူတွေ၊ မတရားခံရမှု လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကိုပဲ အဓိကထားတင်ပြပါတယ်။”

အခုအချိန်အထိလည်း စစ်ရေးတင်းမာနေဆဲဖြစ် သလို ဒေသတွင်း တည်ငြိမ်မှု မရှိသေးလို့ စစ်ပြေးစစ်ရှောင်ဒုက္ခသည်တွေ နေရပ်ရင်းကိုပြန်ခွင့်မရသေးတဲ့ ဒီလိုအခြေအနေမျိုးမှာ ကုလသမဂ္ဂလို အဖွဲ့အစည်းအနေနဲ့ ရှမ်းဒေသခံပြည်သူ လူထုအတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေနဲ့အတူ ဒေသခံတွေရဲ့ ဘဝလုံခြုံရေး လူနေမှုဘဝတွေ ရေရှည်ရပ်တည်နိုင်ရေး ကူညီဆောင်ရွက်ပေးဖို့ ကုလအထူးကိုယ်စားလှယ် Ms. Yanghee lee ကို တောင်းဆိုလိုတယ်လို့လည်း ရှမ်းပြည်နယ်တွင်း စစ်ပွဲတွေရပ်ရေး ငြိမ်းချမ်းစွာ ဦးဆောင်ဆန္ဒပြခဲ့တဲ့ ရှမ်းပြည်နယ် ကျောက်မဲမြို့က ရှမ်း ဒေသခံ ဦးစိုင်းဝီရိယကပြောပါတယ်။

“ကုလသမဂ္ဂလာရင် ကျနော်တို့ နယ်စွန်နယ်ဖျား ဒုက္ခရောက်နေတဲ့ ဒုက္ခသည်တွေကို ကူညီသင့်တဲ့နေရာတွေ။ နောက်ပြီးတော့ အစိုးရဘက်နဲ့ ဗမာ့တပ်မတော်ဘက်က တောရွာရောက်သွားရင် သူပုန်ရွာဆိုပြီးတော့ မီးရှို့တဲ့ဟာတွေကို ညှိနှိုင်းပေးစေချင်တယ်။ တောင်သူဆိုတော့ ရိုးရိုးလေးပဲ ဘာမှလည်း မပြောတတ်ဘူး။ ကြောက်တာပဲသိတယ်။ အဲ့ရွာမှာလည်း မနေရဲတော့ဘူး။ လူသေအလောင်းတွေလည်း သူတို့အိမ်သာထဲ ပစ်ထားတယ်။ မြောင်းထဲမှာ ပစ်ထားတယ်။ တတ်နိုင်ရင်တော့ သူတို့ ဒုက္ခသည်စခန်းလေး ဖွင့်ပေးရင် ကောင်းမယ်ပေါ့။

“တန်းတူညီမျှ ဒီဖက်ဒရယ်စနစ်နဲ့ အစိုးရသစ်ဖော်ဆောင်ပေးမယ်ဆိုရင် ကျနော်တို့ ကိုယ့်ရိုးရာ၊ ကိုယ့်ဘာသာပေါ့ ကျနော်တို့ လွတ်လွတ်လပ်လပ်နဲ့ ကျနော်တို့ အခွင့်အရေး ရချင်တာပေါ့။ ကိုယ့်ဒေသ၊ ကိုယ့်နေရာ၊ ကိုယ်စခန်းနဲ့ပေါ့ အဲ့လိုမျိုး ပြောခွင့်ရှိရင်တော့ သုံးလေးငါးခွန်းတော့ တောင်းကြည့်မယ်ပေါ့။”

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဦးဆောင်တဲ့ အရပ်သား အစိုးရသစ် လက်ထက် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေကို Ms. Yanghee Lee လာရောက် လေ့လာပြီး အချက်အလက် စုဆောင်းရယူနေတာပါ။

သူဟာ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်ကိုလည်း သွားရောက်ပြီး အစိုးရအဖွဲ့၊ အရပ်ဖက် အဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေနဲ့ စစ်ပြေးစစ်ရှောင် ဒုက္ခသည် စခန်းတွေကို သွားရောက် လေ့လာခဲ့သလို ရှမ်းပြည်နယ်တွင်းက လူ့အခွင့်အရေး အခြေအနေတွေကိုလည်း ကိုယ်တိုင်သွားရောက်စုံစမ်းတာဖြစ်ပါတယ်။

ဒီကနေ့ တနင်္ဂနွေနေ့ ညနေပိုင်းမှာတော့ ကုလအထူးကိုယ်စားလှယ် Ms. Yanghee Lee ဟာ ရှမ်းပြည်နယ်က နေ ရန်ကုန်မြို့ကို လေယာဉ် နဲ့ ပြန်လည်ထွက်ခွာသွား ပြီဖြစ်ကြောင်း လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Leeရဲ့ ခရီးစဉ်မှာ အတူလိုက်ပါနေတဲ့ ကုလသမဂ္ဂပြန်ကြားရေးအရာရှိ ဦးအေးဝင်းက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG