သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ ရာစုပင်လုံညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီအစည်းအဝေး စတင်


 ၂၁ ရာစုပင်လုံညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီအ စည်းအဝေး စတင်- သတင်းဓာတ်ပုံ ဦးလှမောင်ရွှေ။
၂၁ ရာစုပင်လုံညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီအ စည်းအဝေး စတင်- သတင်းဓာတ်ပုံ ဦးလှမောင်ရွှေ။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီရဲ့ ညှိနှိုင်းအစည်းအဝေး ကို ဒီလ ၃ ရက်နေ့ကနေစတင်ပြီး ၆ ရက်နေ့ အထိ နေပြည်တော် မှာ တနင်္ဂနွေနေ့က စတင်ကျင်းပခဲ့နေပြီး ဒီကနေ့မှာတော့ အကြိုပြင်ဆင်ရေးကော်မတီ နဲ့ တပြည်လုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူ စာချုပ် NCA ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နတ်ကိုင် အဖွဲ့ (၈) ဖွဲ့က ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ကြပါတယ်။ တချိန်တည်းမှာတော့ ကချင်ပြည်နယ် အတွင်းမှာ ပစ်ခတ်တိုက်ခိုက်တွေ ဆက်လက်ဖြစ်နေဆဲရှိပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီ ရဲ့ ညှိနှိုင်း အစည်းအဝေးကို ဒီလ ၃ရက်နေ့ကစတင်ပြီး ၆ရက်နေ့အထိ ကျင်းပနေရာမှာ ဒီကနေ့မှာတော့ အကြိုပြင်ဆင်ရေးကော်မတီနဲ့ တပြည်လုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုး ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ဖွဲ့က ကိုယ်စားလှယ်တွေ ဆွေးနွေးကြတာဖြစ်ပါတယ်။

အစိုးရကိုယ်စားလှယ်အဖွဲ့
အစိုးရကိုယ်စားလှယ်အဖွဲ့

ဒီကနေ့ ဆွေးနွေးတဲ့အခြေအနေကို အကြိုပြင်ဆင်ရေးကော်မတီအတွင်းရေးမှူး ဦးလှမောင်ရွှေက အခုလို ပြောဆိုပါတယ်။

"ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံပြင်ဆင်ရေးကော်မတီအနေနဲ့ မနေ့က စပြီးတော့ ကျနော်တို့ရဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွေ နေပြည်တော်မှာ လုပ်ပါတယ်။ ဒီနေ့တော့ မနေ့က ကျနော်တို့ကော်မတီအချင်းချင်း ညှိနှိုင်းလို့ ရတာတွေကို လက်မှတ်ထိုးထားတဲ့ (၈)ဖွဲ့ကို ကျနော်တို့ကပြန်လည် ရှင်းလင်းတင်ပြတာပေါ့နော်။ နောက်တခုကတော့ ကော်မတီတွင်းက ဆောင်ရွက်တဲ့အထဲမှာ ဆပ်ကော်မတီ ၂ အနေနဲ့ ဆောင်ရွက်ထားတဲ့ ကိစ္စတွေကိုလည်း သူတို့ကို ရှင်းလင်းတင်ပြတာပေါ့နော်။ ပြီးရင်တော့ ကျနော်တို့ ရှေ့လာမယ့်ပေါ့ ဩဂုတ်လ မကုန်ခင်မှာ ဆောင်ရွက်မယ့် ညီလာခံအတွက် လိုအပ်မယ့်ညှိနှိုင်းမှုတွေကို ဆက်ပြီးတော့ ကျနော်တို့လုပ်ကြပါမယ်ဗျ။"

ဆွေးနွေးပွဲမှာ NCA လက်မှတ်မရေးထိုးသေးတဲ့အဖွဲ့တွေ ပါဝင်လာရေးနဲ့ နိုင်ငံရေး မူဘောင်ကို သြဂုတ်လဆန်းပိုင်းမှာ အချောသတ်ပြင်ဆင်ရေးတွေ လည်း ဆွေးနွေးခဲ့တယ်လို့ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖက်ကဆွေးနွေးပွဲကို ပါဝင်တက်ရောက်ခဲ့တဲ့ ပဒိုစောကွယ်ထူးဝင်းကတော့ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေဟာ ဆပ်ကော်မတီ (၁) ဟာ နိုင်ငံရေးမူဘောင်တွေကိ အဓိက ပြန်လှန် သုံးသပ်ဖို့ ဆောင်ရွက်နေပြီး NCA လက်မှတ်မထိုးသေးတဲ့အဖွဲ့တွေ ပါဝင်လာတဲ့အချိန်မှာ နိုင်ငံရေး မူဘောင်တွေကို အချောသတ်ပြင်ဆင်ကြ မှာဖြစ်ကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့လ ၂၈ရက်နေ့တော့ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံဆွေးနွေး ခဲ့သလို ဒီလ ၁ရက်နေ့နဲ့ ၂ရက်နေ့တွေမှာတော့ NCA လက်မှတ်မထိုးသေးတဲ့ အဖွဲ့ (၁၀) ဖွဲ့နဲ့ ဆပ်ကော်မတီ (၂) က တွေ့ဆုံခဲ့ပါတယ်။

ဒီလို ဆွေးနွေးနေတဲ့ရက်ပိုင်းတွေမှာတော့ ကချင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA ရဲ့ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှုးကြီး နော်ဘူက ပြောပါတယ်။

"လွန်ခဲ့တဲ့ ဇွန်လ ၂၈ ၂၉ ကနဲ့ ကြိုကြား ကြိုကြား ဖြစ်တဲ့တိုက်ပွဲကတော့ အဲဒီ နမ်ခမ်ရမ် ရဲ့ အနောက်ဖက်ပေါ့ နဘိန်ဂုန် ဆိုတဲ့ရွာလေးနားမှာ ဖြစ်ပါတယ်။ ၃ ရက်နေ့ညမှာတော့ ခိုင်ရာဆိုတဲ့ နေရာကနေ တပ်မတော်ဘက်က လက်နှက်ကြီးနဲ့ ထုတာ တာတော့ရှိပါတယ်။ အခု ဒီနေ့အခြေအနေကတော့ ဘာမှသတင်း မတက်သေးဘူး"

ကချင်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး တပ်မတော်ပြောခွင့် ရ သူ နဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဆက်သွယ်မေးမြန်း ခဲ့ပေမဲ့ ပြန်ကြားချက် မရခဲ့ပါဘူး။ မြဝတီသတင်းစာမှာတော့ ဝိုင်းမော်မြို့နယ် နန့်ဆန်ယန်မှာ ရိက္ခာစုပုံရေးအတွက ် လမ်းကြောင်းလုံခြုံရေးရှင်းလင်းနေတဲ့ တပ်မတော် စစ်ကြောင်း ကို KIA တပ်ဖွဲ့က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲပြီး လက်နက်ကြီးငယ်တွေနဲ့ ပစ်ကြောင်း ဇူလိုင်လ ၂ရက်နေ့ ရက်စွဲနဲ့ ဖော်ပြပါတယ်။

လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးမယ့်ကာလမှာ KIA က စစ်ဆင်ရေးတွေ လုပ်မှာ မဟုတ်ကြောင်းလည်း ဒုဗိုလ်မှုးကြီး နော်ဘူက ဆက်ပြောပါတယ်။

"အခု ကျနော်တို့ နိုင်ငံရေးဆွေးနွေးတဲ့ အချိန်ပေါ့ ငြိမ်းချမ်းရေး တို့ နိုင်ငံရေးဆွေးနွေးနေတဲ့ အချိန်မှာ အခုလို ဒီ တိုက်ပွဲနဲ့ ဖြေရှင်းတဲ့နည်းမျိုးတော့ ကျနော်တို့က မလိုလားပါဘူး။ အဲဒါကြောင့် အခုကတော့ နိုင်ငံရေးဆွေးနွေးတဲ့ နည်းလမ်းနဲ့ပဲ ကျနော်တို့ ပြည်တွင်းငြိမ်းချမ်းရေးကို ဖြစ်စေချင်တာပေါ့။ ဒါမျိုးတွေဆန္ဒတော့ရှိပါတယ်။ အဲဒါကြောင့် အပစ်အခတ် တိုက်ခိုက်တာမျိုးတို့ စစ်ဆင်ရေးလုပ်တာမျိုးတို့တော့ ကျနော်တို့က မလုပ်ချင်ဘူး။ အဲလို ကျနော်ပြောလိုပါတယ်"

ဒီလ ဒုတိယပတ်အတွင်းမှာတော့ KIA ဒုဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး အင်ဘန်လ အပါအဝင် NCA လက်မှတ် မရေးထိုးသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၉) ဖွဲ့က ခေါင်းဆောင်တွေဟာ ဇူလိုင်လ ဒုတိယပတ်မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဖို့ ရှိနေသလို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံကိုလည်း သြဂုတ်လ မကုန်ခင် ကျင်းပနိုင်ဖို့အတွက် ပြင်ဆင်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG