သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားလုံခြုံရေးကိစ္စ အနောက်အိမ်နီးချင်းများနဲ့ ဒေါ်စု ဆွေးနွေးဖွယ်ရှိ


 နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi နဲ့ လာအိုနိုင်ငံ ဗီယင်ကျန်းမှာ သီးသန့်တွေ့ဆုံခဲ့စဉ်။ (စက်တင်ဘာ၊ ၂၀၁၆)
နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi နဲ့ လာအိုနိုင်ငံ ဗီယင်ကျန်းမှာ သီးသန့်တွေ့ဆုံခဲ့စဉ်။ (စက်တင်ဘာ၊ ၂၀၁၆)

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မနက်ဖန်စတင်မယ့် အိန္ဒိယနိုင်ငံ ခရီးစဉ်အတွင်း တက်ရောက်မယ့် ဒေသတွင်း အစည်းဝေးတွေကနေ အိမ်နီးချင်း အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် ခေါင်းဆောင်တွေနဲ့ လုံခြုံရေး ကိစ္စရပ်တွေကို ဦးစားပေး ဆွေးနွေးနိုင်တယ်လို့ နိုင်ငံရေးသုံးသပ်သူတွေက ခန့်မှန်းကြ ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယခရီးစဉ် မစတင်ခင် လတ်တလော ဖြစ်ပွါးနေ တဲ့ မောင်တော အရေးအခင်းအတွက် ပေါ့ပေါ့ဆဆ မတွက်သင့်ဘူးလို့လည်း သုံးသပ်ကြပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္ဂနွေနေ့ အိန္ဒိယကို ရောက်ချိန်မှာပဲ Goa မှာ ကျင်းပမယ့် BRICS-BIMSTEC ထိပ်သီးအစည်းဝေးကို တက်ရောက်မှာ ဖြစ်သလို အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi နဲ့ တွေ့ဆုံပြီး ၂ နိုင်ငံ အရေးကိစ္စတွေနဲ့ အတူ ဒေသတွင်း ကိစ္စရပ်တွေကိုပါ ဆွေးနွေးဖို့ ရှိပါတယ်။

အိန္ဒိယ မြန်မာ ၂ နိုင်ငံကြား လုံခြုံရေးကိစ္စနဲ့ ပါတ်သက်ရင် အိန္ဒိယဘက်က အမြဲတမ်းစိုးရိမ်နေရတာတွေကို သြဂုတ်လဆန်းပိုင်းက သွားရောက်ခဲ့တဲ့ သမ္မတ ဦးထင်ကျော်ရဲ့ အိန္ဒိယခရီးစဉ်မှာ ဆွေးနွေးခဲ့တာဖြစ်ပြီး အခု ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံချိန်မှာလည်း ထပ်မံဆွေးနွေးဖို့ ရှိသလို မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းမှာ လတ်တလော ဖြစ်လာတဲ့ အစွန်းရောက် လက်နက်ကိုင် ပြဿနာနဲ့ ပါတ်သက်ပြီး မြန်မာနိုင်ငံက အကူအညီတွေ ရယူနိုင်တယ်လို့ မြင်ကြောင်း အိန္ဒိယနိုင်ငံမှာ နှစ်ပေါင်းများစွာ အခြေစိုက်နေထိုင်ခဲ့သူ မြန်မာ့အရေး သုတေသီ ဒေါက်တာတင့်ဆွေကပြောပါတယ်။

"အိန္ဒိယအစိုးရကို လက်နက်ကိုင်ပုန်ကန်နေတဲ့အဖွဲ့ လေးငါးခြောက်ခုလောက်က ဗမာ့မြေပေါ်မှာ မြန်မာနိုင်ငံမှာ စစ်အစိုးရ ရှိကတည်းက အစရှိခဲ့တယ်ဆိုတဲ့ အခြေခံပေါ်မှာ အိန္ဒိယက စိုးရိမ်ပါတယ်။ ဒီအတွက်လည်းပဲ အိန္ဒိယက အစည်းဝေးတိုင်း အစည်းဝေးတိုင်းမှာ ဒီကိစ္စကို တင်ပြတယ်။ မြန်မာနိုင်ငံဘက် ကတော့ ဒါတွေကို ရှင်းပေးမယ် မရှိစေရပါဘူး ဆိုတဲ့ ကတိတွေပေးခဲ့ပါတယ်။

အခုတခါတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အခြားစစ်ခေါင်းဆောင်တွေနဲ့ မတူတဲ့ခေါင်းဆောင် အနေနဲ့ ဘယ်လိုအပြုသဘော လုပ်ပေးနိုင်မလဲဆိုတာကို အိန္ဒိယ ဝန်ကြီးချုပ်က မျှော်လင့်နိုင်မယ်လို့ ယူဆပါတယ်။ နောက်တခါ မြန်မာနိုင်ငံ ဘက်ကပြန်ကြည့်ရင် လက်ရှိအစိုးရဟာ BJP ( Bharatiya Janata Party ) ပါတီရဲ့ အစိုးရဖြစ်ပါတယ်။ BJP ပါတီဟာ မူဆလင်အစွန်းရောက်နဲ့ အဆင်မပြေတဲ့အစိုးရ သူ့နိုင်ငံမှာလည်း မူဆလင် အစွန်းရောက်တွေ နှိမ်နင်းနေရတာကြာပြီပေါ့နော် ဗုဒ္ဓဂါယာ ဗုံးခွဲတာအထိ ဆိုတော့အဲဒီလိုအစွန်းရောက်မှုကို ဆန့်ကျင်တဲ့ အစိုးရဆီကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗမာနိုင်ငံမှာ ပြသနာဖြစ်နေတဲ့ ဘာသာရေးအခြေခံတဲ့ တနည်းအားဖြင့် လူမျိုးရေး တစုံတရာ အခြေခံတဲ့ပြသနာမှာ အနဲဆုံးတော့ ထောက်လှမ်းရေးသတင်းအချက်အလက်တွေ အိန္ဒိယဆီက ရနိုင်ပါတယ်။ အိန္ဒိယထောက်လှမ်းရေး အာအေဒဗလျူ ဆိုတာ အမေရိကန် စီအိုင်အေလို တန်ခိုးထက်တဲ့ အဖွဲ့အစည်းကြီးဖြစ်တော့ကာ ဒီအကူအညီကို ဒေါ်အောင်ဆန်းစုကြည်တောင်းရင် အိန္ဒိယဖက်ကလည်း လှိုက်လှိုက်လှဲလှဲပေးမယ်လို့ ကျနော်မှန်းကြည့်ပါတယ်"

ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မယ့် BIMSTEC ဘင်္ဂလား ပင်လယ်ကွေ့ဒေသတွင်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အစည်းဝေးကို ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheik Hasina လည်း တက်ရောက်မှာ ဖြစ်ပါတယ်။ လက်ရှိ မောင်တောဒေသက ဖြစ်စဉ်ဟာ RSO အဖွဲ့နဲ့ ဆက်နွယ်တဲ့ မောင်တောဒေသ တွင်း လှုပ်ရှားတဲ့ Aqa Mul Mujahidin အကာလ် မူလ် မူဂျာဟီဒင်အဖွဲ့ရဲ့ လုပ်ဆောင်ချက်ဖြစ်ကြောင်း သောကြာနေ့မှာ သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့တာမို့ ဘင်္ဂလားဒေ့ရှ် အစိုးရကလည်း ဒီကိစ္စကို အရေးတယူလုပ်လာဖို့ ရှိသလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်တို့ တွေ့ဆုံချိန်မှာ ၂ နိုင်ငံကြား လုံခြုံရေးကိစ္စရပ်တွေကိုလည်း ဆွေးနွေးပြီး အကျိုးတစုံတရာ ရအောင် လုပ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

"အိန္ဒိယရော ဘင်္ဂလားဒက်ရှ်ရော မြန်မာနိုင်ငံရော ပါတဲ့အစည်းအဝေးမျိုးမှာ ဒီကိစ္စဖြေရှင်းရေးအတွက် အကျိုး တစုံတရာရအောင် လုပ်နိုင်လိမ့်မယ်လို့ ယူဆပါတယ်။ ဘင်္ဂလားဒက်ရှ် အစိုးရကိုယ်နှိုက်က သူ့နိုင်ငံက အများစုမူဆလင်ဖြစ်ပေမယ့်လို့ သူ့မှာလည်း ဒီပြသနာအင်မတန် ကြီးမားတယ်။ သူကလည်း ဒီအစွန်းရောက်မှုကို မလိုလားတဲ့ အစိုးရဖြစ်ပါတယ်။ ပါကစ္စတန်ကတော့ သိတဲ့အတိုင်း ဒေသတွင်းမှာ မူဆလင်အစွန်းရောက်နဲ့ ပါတ်သက်ရင် နာမည်မကောင်းတဲ့နိုင်ငံဖြစ်နေတော့ကာ ဒီပင်ရင်း လာရာ အစွန်းရောက်မှုတွေအတွက် ဒီအိန္ဒိယရော ဘင်္ဂလား ဒက်ရှ်ရော မြန်မာနိုင်ငံရော က ပေါင်းပြီးတော့ နည်းလမ်းရှာလို့ရှိရင် အစည်းအဝေးကနေ တစုံတရာ အကျိုးရနိုင်မယ်လို့ မျှော်လင့်နိုင်ပါတယ်ခင်ဗျာ"

ဒီမောင်တော ကိစ္စဟာ အလွန်လေးနက်တဲ့ တိုင်းပြည်အရေး ကိစ္စဖြစ်တယ်လို့ ဒေါက်တာတင့်ဆွေက မြင်ပါတယ်။

"အင်မတန်မှ ထိလွယ်ရှလွယ်တဲ့ ကိစ္စဖြစ်ပါတယ်။ ကျနော်တို့က လူမျိုးစုနာမည်ဆိုတဲ့ ကိစ္စ ထက် ပိုပြီးလေးနက်တဲ့ တိုင်းပြည်ရဲ့ လုံခြုံရေးကိစ္စဖြစ်တယ်လို့ ကျနော်တို့မြင်ကြရပါမယ် ။ စိတ်လိုက်မန်ပါ စိတ်လှုပ်ရှားမှုကို အခြေမခံဘဲနဲ့ မှန်ကန်တဲ့ လမ်းကြောင်းနဲ့ဖြေရှင်းမှသာလျှင် သင့်တယ် အောင်မြင်နိုင်မယ်လို့ ယူဆပါတယ်ခင်ဗျ"

ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi ရဲ့ဖိတ်ကြားချက်နဲ့ အောက်တိုဘာလ ၁၇ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ လာရောက်မှာဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့ပြီး BRICS- BIMSTEC ညီလာခံ အပြီးမှာ နိုင်ငံတော် ခရီးစဉ်ကို စတင်မှာ ဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခု ခရီးစဉ်အတွင်း အိန္ဒိယသမ္မတ Pranab Mukherjee နဲ့ နိုင်ငံခြားရေးဝန်ကြီး Sushma Swaraj တို့နဲ့တွေ့ဆုံဖို့ ရှိသလို ၂ နိုင်ငံစီးပွါးရေး တိုးမြှုင့်နိုင်ဖို့ အိန္ဒိယစီးပွါးရေး လုပ်ငန်းရှင်ကြီးတွေနဲ့ တွေ့ဆုံမယ့် စီးပွါးရေးဆွေးနွေးပွဲ ကိုလည်း တက်ရောက်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG