သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘားအံနဲ့ ကော့ကရိတ်မြို့နယ်တွင်း BGF နဲ့ DKBA တိုက်ပွဲဖြစ်


တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်
( DKBA) တပ်သားတွေ။
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် ( DKBA) တပ်သားတွေ။

ကရင်ပြည်နယ် ဘားအံမြို့နယ် နဲ့ကော့ကရိတ်မြို့နယ် တွင်းမှာ မြန်မာတပ်မတော်နဲ့ နယ်ခြားစောင့် ပူးပေါင်းတပ်တွေနဲ့ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်တွေ နယ်မြေစိုးမိုးရေးအတွက် တိုက်ပွဲတွေဖြစ်နေပါတယ်။ ဒီကေဘီအေ ထောင်ထားတဲ့ မိုင်းတွေကြောင့် တပ်မတော်နဲ့ နယ်ခြားစောင့်ဘက်က ထိခိုက်သေဆုံးမူတွေလည်း ရှိနေတယ် လို့ဆိုပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးမာက သတင်းပေးပို့ ထားပါတယ် ။

ကရင်ပြည်နယ်အတွင်းမှာလည်း မြန်မာတပ်မတော်နဲ့ နယ်ခြားစောင့် ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ဒီကေဘီအေ တပ်တွေ နှစ်ဘက် ပစ်ခတ်မူတွေ မိုင်းခွဲမူတွေကြောင့် ၂ရက်ခြားခန့်ဆိုသလို တိုက်ပွဲတွေဖြစ်နေတာပါ။ ပြီးခဲ့တဲ့ရက်ကပဲ ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်းက ကျုံထော်ရေတံခွန်အနီးက တောထဲမှာ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) တပ်တွေထောင်ထားတဲ့ မိုင်းကြောင့် တပ်မတော်နဲ့ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေ သေဆုံးမှု ရှိတယ်လို့နယ်ခြားစောင့်ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးသိန်းဇော်မင်းကပြောပါတယ်။

" အဲ့ဒီ့မှာ တပ်က အရာရှိတယောက်နဲ့ ဒီ BGF က ၁၀၂၁လေ ဗိုလ်မှူးတယောက် သေသွားတယ်။ နှစ်ယောက်ထိတာပေါ့ သေသွားတယ်။ တိုက်မိုင်းနဲ့။ တိုက်မိုင်းဆိုတာ ကြိုးတွေနဲ့ တားထားတာပေါ့ ၆၀ ဗုံးသီးတွေနဲ့။ ကြိုးတွေနဲ့တားပြီး ထိတာပေါ့။"

ဒီကေဘီအေဘက်ကတော့ မြန်မာတပ်မတော်နဲ့နယ်ခြားစောင့်က နယ်မြေ ရှင်းလင်းခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲတွေဖြစ်နေသလို့သူတို့ ရဲ ဆုတ်ခွါခဲ့တဲ့ နယ်မြေတွေမှာ မိုင်းတွေ ထောင်ခဲ့တာတွေရှိတဲ့အကြောင်း ဒီကေဘီအေ တပ်မှူး ဗိုလ်မှူးကြီးစောဆန်းအောင်ကဆိုပါတယ်။

"တိုက်ပွဲဖြစ်တဲ့ကာလမှာ ထောင်တယ်လေနော်။ ထောင်တာကတော့ တိုက်ပွဲဖြစ်တဲ့အချိန်မှာ ကျနော်တို့က ကိုယ့်ကိုကိုယ်ကာကွယ်တဲ့အနေနဲ့ မိုင်းတွေကို ဦးစားပေးသုံးရတာရှိတယ်။ လွန်ခဲ့တဲ့တိုက်ပွဲဖြစ်ခါစကပေါ့နော် အဲ့ဒီ့မယ်သဝေါ လမ်းက ခွာတော့မယ်ဆိုတော့ အဲ့ဒီ့မှာ ထောင်ထားတယ်။ တပ်က သုံးယောက်၊ BGF က တယောက်ပေါ့လေ။ တပ်က သုံးယောက်က သေသွားတာ အရာရှိတဦး ပါသွားတယ်။ BGF က တယောက်ပေါ့နော်။ လွန်ခဲ့တဲ့ ၃၊ ၄ ရက်ကလည်း ပစ်တာပဲ။ တပ်မဟာ (၇)ဘက်မှာလည်း ဖြစ်နေတာပဲ။ တိုက်ပွဲကတော့ ပျောက်ကြားလိုပေါ့နော် ကျနော်တို့ရဲ့အနေအထားကတော့။ ကျနော်တို့ကို ဟတ်ကြီးရေကာတာအတွက် ရှင်းတာ။ အရင်အစိုးရတုန်းကလည်း ဟတ်ကြီးရေကာတာကို အကောင်အထည်ဖော်ဖို့ သဘောတူစာချုပ်တွေ ချုပ်ထားတယ်လေ။ "

ဒါအပြင် ဒိကေဘီအေတပ်ဖွဲဝင် ၁၀ဦးထက်မနည်းကို လည်း ဒီရက်ပိုင်းမှာပဲ ဖမ်းဆီးမှုတွေရှိနေတယ်လို့ဒီကေဘီအေဘက်ကပြောပါတယ်။ နယ်ခြားစောင့် ဘက်ကတော့ နယ်မြေရှင်းလင်းတာ မဟုတ်တဲ့အကြောင်းနဲ့ နယ်မြေစိုးမိုးမှုတွေ အတွက် တိုက်ခဲ့ရတာတွေ ရှိတယ်လို့နယ်ခြားစောင့်တပ်မှူး ဗိုလ်မှူး သိန်းဇော်မင်းက ဆိုပါတယ်။

" လောလောဆယ် ကျနော်တို့ နယ်မြေစိုးမိုးထားတာပဲရှိတယ်။ အရင် DKBA နေခဲ့တဲ့ မယ်သဝေါဘက်ကို ကျနော်တို့ တပ်မတော်နဲ့ နယ်ခြားစောင့်တပ်က ပေါင်းပြီး စိုးမိုးထားတာပဲရှိတယ်။"

တပ်မတော်ဘက်က ထိခိုက်ကျဆုံးမူတွေနဲ့ ပတ်သက်လို့မြန်မာတပ်မတော်ဘက်ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

မြန်မာတပ်မတော်နဲ့ ဒီကေဘီအေတို့ဟာ မြဝတီမြို့ ကနေ ကေ့ာကရိတ်မြို့ အထိ ဖောက်လုပ်ထားတဲ့ အာရှလမ်းမကြီးမဖွင့်ခင်ကစပြီး တိုက်ပွဲတွေဖြစ်နေတာပါ။ အခုတိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဒီကေဘီအေတပ်ဖွဲဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ဒီမိုကရေစီ ကရင်အကျိုးပြု တပ်မတော် (ဒီကေဘီအေ) ကနေ ခွဲထွက်လာတဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။

DKBA နာမည်နဲ့ ၁၉၉၄ခုနှစ်က တကြိမ် အပစ်ခတ်ရပ်စဲခဲ့ပြီး ၂၀၁၀မှာ တိုက်ပွဲတွေပြန်ဖြစ်ခဲ့ပါတယ်။ ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော်နံမည်နဲ့ ၂၀၁၁ခုနှစ် ကုန်ပိုင်းမှာ ဒုတိယအကြိမ် အပစ်ရပ်ရေးလက်မှတ် ထိုးခဲ့ပြိး ၂၀၁၅ခုနှစ်ကုန်ပိုင်းမှာ NCA တနိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မူရပ်စဲရေး သဘောတူစာချုပ် ကိုလက်မှတ်ရေးထိုးခဲ့တာပါ။ လက်မှတ်မထိုးခင်မှာ မြန်မာအစိုးရနဲ့ တင်းမာမူရှိတဲ့ တပ်မှူး တချို့ကိုထုတ်ပယ်ခဲ့ပါတယ်။

ထုတ်ပယ်ခံခဲ့ရတဲ့တပ်မှူးတွေကတော့ ၁၉၉၄ခုနှစ်က နာမည်ဟောင်းဖြစ်တဲ့ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ )ဆိုတဲ့ နာမည်ကိုပြန်လည် အသုံးပြုပြီး၂၀၁၆ခုနှစ် ဇန်နဝါရီလ ၁၆ရက်နေက တပ်အင်အား ရာဂဏန်းလောက်နဲ့ အဖွဲ့အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ အခုလက်ရှိမှာတော့ ဒီတပ်ဖွဲ့တွေနဲ့ မြန်မာတပ်မတော် အပါအဝင် နယ်ခြားစောင့်ပူးပေါင်းတပ်ဖွဲတွေဟာ ကရင်ပြည်နယ်တွင်းမှာ တိုက်ပွဲတွေဖြစ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG