သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောင်းသားသမဂ္ဂ အဆောက်အဦး ပြန်ဆောက်မည်


သမိုင်းဝင်တက္ကသိုလ် ကျောင်းသားအဆောက်အဦးကို ပြန်ပြီး တည်ဆောက်ဖို့ရှိမရှိ ဦးဦးလှစောက NLD အစိုးရ ပညာရေး ဒုဝန်ကြီး ဦးဝင်းမော်ထွန်းကို မေးမြန်းစဉ်။
သမိုင်းဝင်တက္ကသိုလ် ကျောင်းသားအဆောက်အဦးကို ပြန်ပြီး တည်ဆောက်ဖို့ရှိမရှိ ဦးဦးလှစောက NLD အစိုးရ ပညာရေး ဒုဝန်ကြီး ဦးဝင်းမော်ထွန်းကို မေးမြန်းစဉ်။

မြန်မာ့သမိုင်းဝင် ကျောင်းသားသမဂ္ဂအဆောက်အဦးကို မူလမြေနေရာမှာ ပြန်ပြီး တည်ဆောက်ဖို့ လာမယ့်နှစ် ပညာရေးအသုံးစရိတ်ဘတ်ဂျတ်မှာ ထည့်သွင်းပြီး စီစဉ်ဆောင်ရွက်နေကြောင်း NLD အစိုးရက မနေ့က လွှတ်တော်မှာ ပြောကြား လိုက်ပါတယ်။ တချိန်တည်းမှာပဲ ပြန်လည်ရေးဆွဲတဲ့ အမျိုးသားပညာရေးဥပဒေမှာ ဒီမိုကရေစီစနစ်ကို အထောက်အကူပြုမယ့် တက္ကသိုလ် ကျောင်းသားသမဂ္ဂတွေ တရားဝင် ဖွဲ့စည်းရေး ဘယ်လိုအဟန့်အတားတွေ ရှိနေသလဲ၊ တက္ကသိုလ်ကျောင်းတွေ အတွက် အရေးပါတဲ့ ပဋိညာဉ် ကို အခုချိန်ထိ ဘာကြောင့် ရေးဆွဲပြဌာန်းနိုင်ခြင်းမရှိသေးတာလဲဆိုတာတွေကို မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

မနေ့ သောကြာနေ့က နေပြည်တော် ပြည်သူ့လွှတ်တော်မှာ ပညာရေးနဲ့ ပတ်သက်တဲ့ကိစ္စရပ်တွေကို ဆွေးနွေးကြရာမှာ လက်ရှိ ပြန်လည်ပြင်ဆင်ထားတဲ့ အမျိုးသားပညာရေး ဥပဒေရဲ့ အားနည်းချက် တချို့ကြောင့် ကျောင်းသားသမဂ္ဂ တည်ထောင်ရေးနဲ့ပတ်သက်လို့ အဟန့်အတားတွေဖြစ်နေတဲ့ အခြေအနေ ကို မြောက်ဦး မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက အခုလို ပြောသွားပါတယ်။

" အမျိုးသားပညာရေးဥပဒေကို ပြည်ထောင်စုလွှတ်တော်က ၂၀၁၄ စက်တင်ဘာ ၃၀ရက်နေ့မှာ ပြဋ္ဌာန်းခဲ့ပါတယ်။ အဲ့ဒီ့ဥပဒေထဲမှာ ကျောင်းသားသမဂ္ဂနဲ့ ပတ်သက်ပြီး ဖော်ပြထားခြင်း မရှိခဲ့ပါ။ အဲ့ဒီ့ပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကို ၂၀၁၅ ဇွန် ၂၅ရက်နေ့မှာ ပြဌာန်းခဲ့ပါတယ်။ ပုဒ်မ(၄) ပုဒ်မခွဲ ဃ မှာ အဆင့်မြင့် ပညာကျောင်းများတွင် ဆရာသမဂ္ဂများနှင့် ကျောင်းသားသမဂ္ဂများကို သက်ဆိုင်ရာ တက္ကသိုလ် ပဋိညာဉ်စာတမ်းနဲ့အညီ လွတ်လပ်စွာ ဖွဲ့စည်းတည်ထောင်ခွင့်၊ လှုပ်ရှားခွင့် ရရှိရေးလို့ ဖော်ပြပါရှိပါတယ်။ အဲ့တာကြောင့် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂကို တရားဝင်ဖွဲ့စည်းခွင့်ရပြီလို့ ယေဘူယျ ပြောဆိုနိုင်ပါတယ်။ ဒါပေမဲ့ သက်ဆိုင်ရာ တက္ကသိုလ်ပဋိညာဉ်စာတမ်းနဲ့အညီလို့ ညွှန်းဆိုထားပါတယ်။ တက္ကသိုလ် ပဋိညာဉ်စာတမ်းဟာ အဆုံးအဖြတ်ဖြစ်နေပါတယ်။ တက္ကသိုလ်ကောင်စီ ဆိုတာဟာလည်း အဲ့ဒီ့ပဋိညာဉ်စာတမ်းအရ ဖွဲ့စည်းရပါမယ်။ ဒါကြောင့် တက္ကသိုလ် ပဋိညာဉ်စာတမ်း မရှိသေးတဲ့ တက္ကသိုလ် အားလုံး အတွက် ကျောင်းသား သမဂ္ဂတွေဟာ ပေးကားပေး၏ မရဖြစ်နေပါတယ်။"

အခုလို အမျိုးသားပညာရေးဥပဒေမှာရှိနေတဲ့ အားနည်းချက်တွေကြောင့် တက္ကသိုလ် တခုချင်းစီအတွက် ပဋိညာဉ်နဲ့ တက္ကသိုလ်အားလုံးကို လွှမ်းခြုံနိုင်တဲ့ ပဋိညာဉ်ရေးဆွဲမယ့် အချိန်မူဘောင်၊ တက္ကသိုလ် ကျောင်းသားသမဂ္ဂများအားလုံး ဘယ်အချိန်မှာ တည်ထောင်ပြီးစီးမလဲ၊ နောက်ပြီး သမိုင်းဝင် တက္ကသိုလ် ကျောင်းသား အဆောက်အဦး ကို ပြန်ပြီး တည်ဆောက်ဖို့ရှိမရှိ ဦးဦးလှစောက NLD အစိုးရ ပညာရေး ဒုဝန်ကြီး ဦးဝင်းမော်ထွန်း ကို မေးမြန်းခဲ့ပါတယ်။

အရင် ကျောင်းသားသမဂ္ဂ အဆောက်အဦး တည်ရှိခဲ့တဲ့ ရန်ကုန် တက္ကသိုလ်ကျောင်းဝင်း မူလမြေနေရာမှာပြန်ပြီးဆောက်လုပ်နိုင်ဖို့ လိုအပ်တာတွေကို အစိုးရက စီစဉ်ဆောင်ရွက်နေသလို၊ တက္ကသိုလ်အလိုက် ပဋိညာဉ်တွေရေးဆွဲဖို့ ဘာကြောင့် အခက်အခဲဖြစ်နေသလဲဆိုတာကို ဒုဝန်ကြီးက အခုလို တုန့်ပြန်ဖြေဆိုခဲ့ပါတယ်။

"ဒီတက္ကသိုလ်အသီးသီးရဲ့ ပဋိညာဉ်စာတမ်းပြည့်စုံစွာ မဆောင်ရွက်နိုင်သေးတဲ့ အချက်ကလည်း အမျိုးသားပညာရေးဥပဒေပါဖြစ်တဲ့ အဆင့်မြင့်ပညာ ဥပဒေ ပေါ်ထွန်းမှု နဲ့ ဆက်သွယ်နေပါကြောင်း ရိုသေစွာ တင်ပြပါတယ်။ အကယ်လို့ ပဋိညာဉ်စာတမ်းကို မူကြမ်းပြုစုပြီးရင် ဆရာများ၊ ကျောင်းသူကျောင်းသား များ၊ ဒေသအလိုက် မြို့မိမြို့ဖများ၊ ကျောင်းသားသမဂ္ဂများ အလွှာစုံ နယ်ပယ်စုံကို ချပြဆွေးနွေးပြီးမှ အတည်ပြုဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ရိုသေစွာ တင်ပြပါတယ်။ သို့ဖြစ်ပါသဖြင့် အချိန်ကာလနဲ့ စပ်လျဉ်းသော တနှစ်၊ နှစ်နှစ် တင်ပြမယ့်အစား လုပ်ငန်းစဉ်အဆင့်ဆင့် တော့ ကျနော် ရိုသေစွာ တင်ပြနိုင်ပါတယ်။ အချိန်ဘယ်လောက်လဲဆိုတာတော့ ကျနော်တင်ပြမယ့်အချက်များအပေါ် မူတည်ပါကြောင်း တင်ပြပါတယ်။ ကျနော် ခုနက တင်ပြတဲ့ ကျောင်းသား သမဂ္ဂ ဆောက်လုပ်ခြင်းကတော့ အခုလာမယ့် ဘက်ဂျက်မှာ ထည့်သွင်း ယာထားပါကြောင်း ရိုသေစွာတင်ပြပါတယ်။ "

၁၉၆၂ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်ဟောင်း ဦးနေဝင်း တော်လှန်ရေးကောင်စီ လက်ထက်မှာ သမိုင်းဝင် ကျောင်းသားသမဂ္ဂအဆောက်အဦး ကို ဒိုင်းနမိုက် နဲ့ဖြိုခွဲခဲ့တာဖြစ်ပါတယ်။

အခုလို နှစ်ပေါင်း ၅၀ ကျော်ကြာမြင့်ပြီးချိန်ရောက်မှ သူတို့ရဲ့ အိပ်မက်တွေ အကောင်အထည်ပေါ်လာတော့မှာ ဖြစ်တဲ့အတွက် အထူးဝမ်းသာမိကြောင်း ၁၉၇၆ခုနှစ် မှိုင်းရာပြည့် ကျောင်းသား လှုပ်ရှားမှု မှာ နောက်ဆုံးနှ စ် ဆေး တက္ကသိုလ်ကျောင်းသား တဦး အဖြစ် ပါဝင်ခဲ့ပြီး ကျောင်းသား သမဂ္ဂပေါ်ပေါက်ရေး လှုပ်ရှားမှုမှာ နှစ်ပေါင်းများစွာ ဦးဆောင်ခဲ့သလို ထောင်ထဲမှာ နှစ်ပေါင်းများစွာ ထိန်းသိမ်းခံခဲ့ရတဲ့ ဦးခွန်ဆိုင်းက ဗွီအိုအေကို ပြောပါတယ်။

" ကျနော်တို့အတွက် တသက်စာ အိမ်မက်ပေါ့နော်။ အရမ်းဝမ်းသာတယ် အစိုးရပိုင်းက အခုလိုပြောလာတာကိုလေ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ခေတ်က ကျောင်းသားတွေ ထောင်ကျခဲ့တဲ့ အဓိက အခြေခံ အကြောင်းရင်းထဲမှာ ကျောင်းသားသမဂ္ဂ တရားဝင် ရပ်တည်နိုင်ရေး၊ ကျောင်းသား သမဂ္ဂ ပြန်လည်ပေါ်ပေါက်ရေးဆိုပြီး တောင်းဆိုခဲ့ကြတာကိုး။ အဲ့ဒီ့ဟာက ကျနော်တို့လက်ထက်မှာ မအောင်မြင်ခဲ့ဘူးလေ။ အခု အဲ့လိုကြားရတော့ ရင်တောင်ခုန်တယ်ပေါ့ဗျာ။ ဒီကျောင်းသားအဆောက်အဦးဆိုတာ တကယ်တမ်းကျတော့လည်း ဒီမိုကရေစီရဲ့ပြရုပ်၊ ဒီမိုကရေစီရဲ့မုဒ်ဦးပါပဲ။ အဲ့လိုကျနော်တို့ နားလည်ပါတယ်ခင်ဗျာ။"

မနေ့က ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးတဲ့ ပညာရေးကိစ္စရပ်တွေထဲမှာ တက္ကသိုလ်အသီးသီးရှိဆရာ၊ ဆရာမများ၏ အရည်အသွေးမြင့်မားစေရေး အတွက် နိုင်ငံတော်ပညာသင်ဆု ချီးမြှင့်နိုင်ရေးကိုလည်း ကြိုတင်ပြင်ဆင်ဆောင်ရွက် လျက်ရှိနေကြောင်း ဒုပညာရေးဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG