သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မြန်မာခရီးစဉ်စတင်


 နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson တွေ့ဆုံ။ ( ဇန်နဝါရီ ၂၀-၂၀၁၇)
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson တွေ့ဆုံ။ ( ဇန်နဝါရီ ၂၀-၂၀၁၇)

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson နဲ့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံခဲ့ကြပါတယ်။ ဒီကနေ့ နေ့လည်ပိုင်း က နေပြည်တော် ကို ရောက်ရှိ လာတဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့ နဲ့ဒေါ်အောင်ဆန်းစုကြည်က သူမရဲ့ နေအိမ်မှာ ဒီကနေ့ညနေပိုင်းက ညစာ အတူတူစားရင်း တွေ့ဆုံခဲ့ကြ တာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးကတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေကို အကူအညီပေးဖို့ ကမ်းလှမ်းမှာ ဖြစ်ကြောင်းလည်း လန်ဒန်မှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ ပြောဆိုထားပါတယ်။ မြန်မာနိုင်ငံရဲ့ အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်ဟာ မပြီးဆုံးသေးပေမဲ့ လည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက လွန်ခဲ့တဲ့ ၉ လလောက်ကစလို့ အစိုးရ တာဝန်ယူခဲ့ပြီးနောက် ပေါ်ပေါက်လာတဲ့ အပြောင်းအလဲတွေကိုလည်း အသိအမှတ်ပြု ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံနဲ့ နှစ်ပေါင်းကြာရှည် ဆက်ဆံရေးတွေရှိခဲ့တဲ့ ဗြိတိန်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားရေးအတွက် အပြည့်အ၀ အားပေးသွားမှာ ဖြစ်သလို၊ မြန်မာလူထုအတွက် ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးတဲ့ နိုင်ငံတခုဖြစ်အောင် ဆက်လက် ပံ့ပိုးသွားမှာ ဖြစ်ကြောင်းလည်း ကြေညာချက်က ဖော်ပြခဲ့ပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဟာ ဇန်နဝါရီ ၂၂ ရက်နေ့အထိ မြန်မာနိုင်ငံမှာ ရှိသွားမှာဖြစ်ပြီး၊ မြန်မာနိုင်ငံရှိနေစဉ်အတွင်း ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင် တာဝန်ရှိသူတွေ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ နဲ့တွေ့ဆုံသွားဖို့ရှိသလို တိုင်းရင်းသား အင်အားစုတွေက ကိုယ်စားလှယ်တွေ နဲ့ တွေ့ဆုံပြီး၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး ကိစ္စတွေကို ဆွေးနွေးလိမ့်မယ် လို့လည်း မျှော်လင့်ရပါတယ်။

ဒါ့အပြင် ရန်ကုန်ဆေးရုံကြီး နဲ့ ရွှေတိဂုံစေတီတော်တွေကိုလည်း သွားရောက်ဖို့ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

XS
SM
MD
LG