သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး အစိုးရဆောင်ရွက်ချက် HRW မယုံကြည်


ဒုသမ္မတဦးမြင့်ဆွေ ဦးဆောင်တဲ့ ရခိုင်စုံစမ်းရေးကော်မရှင်။
ဒုသမ္မတဦးမြင့်ဆွေ ဦးဆောင်တဲ့ ရခိုင်စုံစမ်းရေးကော်မရှင်။

ရခိုင်ဒေသက လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို မြန်မာဒုသမ္မတ ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်က စုံစမ်းစစ်ဆေးနေတဲ့အပေါ် အယုံအကြည်မရှိ ကြောင်းနဲ့ ရိုဟင်ဂျာမူဆလင်တွေပေါ် ဆန့်ကျင်တဲ့ ဘက်လိုက်မှု ရှိနေတယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောလိုက်ပါတယ်။ မြန်မာအစိုးရကတော့ ရခိုင်ဒေသမှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေရှိနေတယ်ဆိုတာကို လက်ခံထားပြီး ချိုးဖေါက်သူတွေကို အရေးယူ အပြစ်ပေးနိုင်ဖို့ စုံစမ်းနေဆဲမို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အချက်အလက်ရှာဖွေရေး နိုင်ငံတကာ အဖွဲ့တဖွဲ့ စေလွှတ်ဖို့ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ တရားမျှတမှု မရှိဘူးလို့ နိုင်ငံတော်သမ္မတရုံးက တုန့်ပြန်ပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ရခိုင်ပြည်နယ်က မွတ်ဆလင်တွေပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ကျယ်ကျယ်ဖြစ်ပေါ်နေတယ်ဆိုတဲ့ စွပ်စွဲချက်အတွက် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး အဖွဲ့ စေလွှတ်ဖို့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကောင်စီက မတ်လ ၂၄ ရက်သောကြာနေ့က ဆုံးဖြတ်လိုက်တာပါ။ မြန်မာအစိုးရကတော့ ဒီဆုံးဖြတ်ချက် ကို လက်မခံသလို၊ နိုင်ငံတကာ စုံစမ်းရေးအဖွဲ့ကို လာခွင့်ပြုနိုင်မှာ မဟုတ်ဘူးလို့ တုန့်ပြန် ပြောဆိုထားပါတယ်။

ရခိုင်အရေးနဲ့ပတ်သက်လို့ မြန်မာနိုင်ငံမှာ ဒုသမ္မတ ဦးမြင့်ဆွေဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်က အခုနောက်ဆုံး ဘင်္ဂလားဒေ့နိုင်ငံ နယ်စပ်ထိ သွားပြီး လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ဘယ်လိုရှိနေသလဲဆိုတာ စုံစမ်းစစ်ဆေးနေတာကြောင့် လာမယ့် သြဂုတ်လမှာ ထုတ်ပြန်ဖို့ရှိတဲ့ မြန်မာစုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာပါ အချက်အလက်တွေကို စောင့်ပြီးမှ လူ့အခွင့်အရေးကောင်စီက ဆုံးဖြတ်ချက်ချသင့်တယ်လို့ မြန်မာသမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက ပြောပါတယ်။

"ကျနော်တို့က ဒါကို စုံစမ်းစစ်ဆေးမှု မလုပ်ဘူးလို့လည်း မငြင်းဘူး။ human rights violations တွေ လုံးဝမရှိပါဘူးလို့လည်း ငြင်းဆိုနေတာမဟုတ်ဘူး။ လက်တွေ့မှာ ဘယ်လိုဖြစ်သလဲ ဘယ်သူတွေ ပါဝင်ပတ်သက်သလဲဆိုတာ တိတိကျကျသိအောင် ဒုသမ္မတ ကော်မရှင် ဘင်္ဂလားဒေ့ရှ်သွားတာ ဟိုတနေ့ကမှ ပြန်ရောက်တယ်။ ဆိုတော့ ကျနော်တို့ သက်ဆိုင်ရာ နိုင်ငံ အစိုးရနဲ့ ဖွဲ့စည်းထားတဲ့ ကော်မရှင်ရဲ့ဆောင်ရွက်ချက်တွေက မပြီးသေးပါဘူး။ ဒီကော်မရှင်ရဲ့ဆောင်ရွက်ချက် အစီရင်ခံစာ ထွက်ပေါ်လာတဲ့အချိန်အထိ စောင့်ဆိုင်းပြီးမှ မလုပ်သင့်ဘူးလား ဒါမေးစရာရှိပါတယ်။ ဒါက နိုင်ငံတကာ လုပ်ထုံးလုပ်နည်း ဖြစ်ပါတယ်။"

ဒါပေမယ့် မြန်မာဒုသမ္မတ ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်အပေါ် အယုံအကြည် မရှိကြောင်းနဲ့ သူတို့တွေဟာ ရိုဟင်ဂျာမူဆလင်တွေပေါ် ဆန့်ကျင်တဲ့ ဘက်လိုက်မှု ရှိနေတယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောခွင့်ရပုဂ္ဂိုလ် Brad Adams က စွပ်စွဲဝေဖန်လိုက်ပါတယ်။

“ ကျနော့်အနေနဲ့ကတော့ သူတို့ပေါ် အယုံအကြည် မရှိပါဘူး။ သူတို့ရဲ့တုံ့ပြန်ချက်တွေဟာ အလေးအနက်ထားပြီး ပြောဆိုနေတာမျိုးလို့ မမြင် ပါဘူး။ ဒုသမ္မတဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်ဟာ လွတ်လပ်တဲ့စုံစမ်းမှု မလုပ်နိုင်သလို၊ သူတို့ဟာ ရိုဟင်ဂျာမူဆလင်တွေပေါ် ဆန့်ကျင်တဲ့ ဘက်လိုက်မှု ရှိနေတာကိုမြင်နေရပါတယ်။ လာမယ့် သြဂုတ်လမှာ မြန်မာစုံစမ်းရေးကော်မရှင်က အစီရင်ခံစာ ထုတ်မယ်ဆိုတာကလဲ ဒါ.. အချိန်ဆွဲနည်း တမျိုးသာ ဖြစ်ပါတယ်။ အစီရင်ခံစာ တစောင်ထွက်လာဖို့ ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီရော၊ ကျနော်တို့ HRW နဲ့ A.I လို အဖွဲ့တွေက အဲဒီလောက် အချိန်မယူခဲ့ဘူး ဆိုတာ မြင်နိုင်ပါတယ်။”

မြန်မာစုံစမ်းရေးကော်မရှင်ကို ဒုသမ္မတ ဦးမြင့်ဆွေက ဦးဆောင်ပြီး၊ သူဟာ စစ်အစိုးရလက်ထက် ခေါင်းဆောင်တဦးဖြစ်သလို စစ်ဗိုလ်ချုပ်ကြီးဟောင်း တဦးလည်းဖြစ်ပါတယ်။ ဒီစုံစမ်းရေးကော်မရှင်အပြင် ပြည်ထဲရေးနဲ့ တပ်မတော်ဖက်ကလဲ ဒီရခိုင်ကိစ္စကို စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်ဆိုပေမဲ့လည်း ပွင့်လင်းမြင်သာတဲ့ အစီရင်ခံစာ မတွေ့ခဲ့ရတာကြောင့် မြန်မာအစိုးရကလုပ်နေတဲ့ စုံစမ်းရေးကော်မရှင်တွေ အပေါ်မှာ နိုင်ငံတကာက အယုံအကြည်ကင်းမဲ့ လာတာဖြစ်လို့ လူ့အခွင့်အရေးကောင်စီက အခုလို ဆုံးဖြတ်ချက် ချလိုက်တာပဲ ဖြစ်တယ်လို့ Brad Adams သုံးသပ်ပါတယ်။

တကယ်တော့ ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ မြန်မာစုံစမ်းရေးကော်မရှင်ထဲမှာ စစ်ဗိုလ်ချုပ်ဟောင်းတွေသာ မကပဲ၊ ကုလသမဂ္ဂမှာ အတွေ့အကြုံရှိခဲ့ သူတွေတောင် ပါဝင်ဖွဲ့စည်းထားတယ်လို့ မြန်မာသမ္မတရုံးက ငြင်းဆိုလိုက်ပြီး၊ လူ့အခွင့်အရေးကောင်စီရဲ့ မဲခွဲဆုံးဖြတ်မှုနောက်ကွယ်မှု နိုင်ငံရေးတွေ ပါနေတယ်လို့ မြန်မာသမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက ပြောပါတယ်။

"ဒုသမ္မတ ကော်မရှင် စစ်တပ်ကလာတဲ့ ဒုဗိုလ်ချုပ်ကြီးဟောင်း ဖြစ်တဲ့အတွက် မယုံဘူး။ ဟုတ်ပြီ အဲ့မှာပါတဲ့အဖွဲ့တွေက မူဆလင်၊ ခရစ်ယာန်၊ ဗုဒ္ဓဘာသာ ပါပါတယ်။ နောက်ကုလသမဂ္ဂ တကယ့်လူသားချင်းစာနာထောက်ထားတဲ့အဖွဲ့တွေမှာ လုပ်လာတဲ့ ဒေါက်တာထွန်းမြတ်တို့လို ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် ရာထူးအထိ လုပ်လာတဲ့သူတွေရှိတယ်။ နောက်ကုလသမဂ္ဂ UN ကောလိပ်မှာ ကျောင်းအုပ်ကြီးအထိ လုပ်လာတဲ့ ဒေါက်တာအောင်ထွန်းသက်တို့ပါတယ်။ ဆိုလိုတာက ကျနော်တို့က ဒါကို စုံမှိတ်ပြီး ငြင်းနေတာမဟုတ်ဘူး။ ခိုင်မာတဲ့အထောက်အထားတွေရှိတယ်ဆိုရင် အရေးယူသွားမယ်ဆိုတာ ပြောထားပြီးဖြစ်တယ်။ အဲ့တော့ ကျနော်တို့ရဲ့ပြည်တွင်းရေးဆောင်ရွက်ချက်တွေက မပြီးပြတ်သေးဘူး။ မပြီးပြတ်သေးတဲ့အတွက် ဒီလိုမျိုးလုပ်တာ တရားမျှတမှုရှိရဲ့လားပေါ့။ ဒါသည် လုံးဝ နိုင်ငံရေးပါပါတယ်။"

နိုင်ငံတကာ စုံစမ်းရေးအဖွဲ့စေလွှတ်ဖို့ ဆိုတဲ့ လူ့အခွင့်အရေးကောင်စီရဲ့ဆုံးဖြတ်ချက်ကို မြန်မာအစိုးရက လက်မခံငြင်းပယ်လိုက်ပြီး ပူးပေါင်းဆောင်ရွက်မှု လုပ်မှာမဟုတ်ဘူးလို့ တုန့်ပြန်ထားတဲ့အတွက် ဒီကိစ္စမှာ နိုင်ငံတကာ အဖွဲ့အစည်းတွေက ဘာတွေဆက်လုပ် လာနိုင်မလဲဆိုတာကလည်း တွေးစရာဖြစ် လာပါတယ်။ Brad Adams သုံးသပ်တာကတော့ -

“လူ့အခွင့်အရေးကောင်စီရဲ့ဆုံးဖြတ်ချက်ကို မြန်မာအစိုးရက ပူးပေါင်းဆောင်ရွက်မှု မလုပ်ဘူးဆိုရင်တော့.. ဒီထက်ပြင်းထန်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒီကိစ္စကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆွေးနွေးရတဲ့အထိ ဖြစ်လာနိုင်ချေရှိပါတယ်။ မြန်မာအစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို ICC လို့ခေါ်တဲ့ နိုင်ငံတကာ ရာဇဝတ်ခုံရုံးအထိ စွဲတင်လာတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။”

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာအစိုးရကို အချိန်ပေးခဲ့ပြီဖြစ်ပေမယ့် မြန်မာအစိုးရက လူ့အခွင့်အရေးကောင်စီ ညီလာခံမတိုင်ခင် အစီရင်ခံစာကို တင်သွင်းနိုင်ခဲ့ခြင်း မရှိတာက အခွင့်အရေးကောင်းတခုကို လက်လွှတ်ဆုံးရှုံးခဲ့ရသလို ဖြစ်တယ်လို့လည်း HRW အဖွဲ့က ဝေဖန်လိုက် ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG