သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဟာမိတ်နိုင်ငံတွေ ကာကွယ်ရေး အသုံးစရိတ်တိုးရေး ကန်ဝန်ကြီး Tillerson တိုက်တွန်း


မြောက်အတ္တလန်တိတ်စာချုပ် (NATO) အဖွဲ့ဝင်တွေနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ တွေ့ဆုံ။
မြောက်အတ္တလန်တိတ်စာချုပ် (NATO) အဖွဲ့ဝင်တွေနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ တွေ့ဆုံ။

မြောက်အတ္တလန်တိတ်စာချုပ် (NATO) အဖွဲ့ဝင်တွေနဲ့ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ တွေ့ဆုံနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က မဟာမိတ် နိုင်ငံတွေရဲ့ ကာကွယ်ရေး အသုံးစရိတ်တွေကို တိုးမြှင့်ဖို့ ဒီကနေ့ပဲ ပြောကြားလိုက်ပါတယ်။ အီရတ်နဲ့ ဆီးရီးယားတို့လို နေရာတွေမှာ NATO အဖွဲ့ရဲ့ လုပ်ငန်းတွေအတွက် လိုအပ်တဲ့ အရင်းအမြစ်တွေ၊ ဘဏ္ဍာရေး အထောက်အပံ့တွေ ပြည့်ပြည့်စုံစုံရဖို့ လိုအပ်ကြောင်း မဟာမိတ်အဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေကို ပြောကြားခဲ့တာပါ။

ယူကရိန်းနိုင်ငံအပေါ် ရုရှားရဲ့ ရန်လိုမှုတွေကို ဆွေးနွေးလိုကြောင်းလည်း ဒီကနေ့ အစောပိုင်းမှာပဲ ဝန်ကြီး Tillerson ကပြောကြားထားပါတယ်။ NATO အဖွဲ့ရဲ့ လုပ်ငန်းတွေအတွက် လိုအပ်တဲ့ အရင်းအမြစ်တွေ ရရှိရေး၊ IS အစွန်းရောက်အုပ်စု အပါအဝင် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး၊ ဥရောပမှာ NATO အဖွဲ့ရဲ့ အနေအထား အထူးသဖြင့် ယူကရိန်းနဲ့ တခြားဒေသတွေမှာ ရုရှားရဲ့ ရန်လိုတဲ့လုပ်ရပ်တွေကို တုန့်ပြန်ရာမှာ အရှေ့ဥရောပမှာ မဟာမိတ် အဖွဲ့ရဲ့ ရပ်တည်ချက်၊ စတဲ့ အရေးကြီးတဲ့ ကိစ္စရပ် ၃ ရပ်ကို ဆွေးနွေးသွားမှာဖြစ်ကြောင်း ဆွေးနွေးပွဲအတွက် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ကို ရောက်ရောက်ချင်းမှာပဲ ပြောဆိုခဲ့တာပါ။

ဝန်ကြီး Tillerson ရဲ့ မှတ်ချက်ဟာ ဇန်နဝါရီလမှာ အမေရိကန်သမ္မတ Donald Trump အစိုးရ တက်လာပြီးနောက် ရုရှားအပေါ် အပြင်းထန်ဆုံး ပြောဆိုခဲ့တဲ့ သဘောထားတွေထဲမှာ တခုအပါအဝင် ဖြစ်ခဲ့ပါတယ်။ ဝန်ကြီး Tillerson ဟာ တူရကီအစိုးရ ထိပ်တန်းခေါင်းဆောင်တွေနဲ့ Ankara မြို့တော်မှာ တွေ့ဆုံခဲ့အပြီး နောက်တနေ့ဖြစ်တဲ့ ဒီကနေ့မှာပဲ ဘရပ်ဆဲလ်မြို့ကို ရောက်လာခဲ့တာပါ။

သမ္မတ Recep Tayyip Erdogan အပါအဝင် ထိပ်တန်းအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီးနောက် တူရကီဟာ ယုံကြည်ရတဲ့ မဟာမိတ်နိုင်ငံတနိုင်ငံ အဖြစ်နဲ့လည်း ချီးကျုးခဲ့ပါတယ်။ IS စစ်သွေးကြွတွေကို ချေမှုန်းရေးမှာ တူရကီနိုင်ငံရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍကိုလည်း အလေးထား ပြောကြားခဲ့တာပါ။

ဒါပေမဲ့လည်း NATO အဖွဲ့ဝင်တွေဖြစ်ကြတဲ့ အမေရိကန်နဲ့ တူရကီကြား IS စစ်သွေးကြွတွေ ချေမှုန်းရာမှာ ဆီးရီးယားနိုင်ငံက ကာဒ်လက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ PYD နဲ့ ပြည်သူ့စစ်တွေကို အမေရိကန်က ထောက်ခံမှု ပေးနေတဲ့ အပေါ်မှာတော့ သဘောထားကွဲလွဲနေဆဲ ဖြစ်ပါတယ်။ တူရကီကတော့ PYD အဖွဲ့ဟာ တူရကီအစိုးရကို ပုန်ကန်နေတဲ့ ကာဒစ်စတန်အလုပ်သမားပါတီ PKK အဖွဲ့နဲ့ ဆက်နွယ်မှုရှိတဲ့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် စွပ်စွဲထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG