သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားရေးဌာနအတွက် အသုံးစားရိတ်ဖြတ်တောက်မှု Tillerson လက်ခံ


အမေရိကန်သမ္မတ Donald Trump အဆိုပြုတဲ့ ရသုံးမှန်းခြေ ဘတ်ဂျက်မှာ နိုင်ငံခြားရေးဌာနရဲ့ဘတ်ဂျက်တော်တော်များများ ဖြတ်တောက်ထားတဲ့အပေါ် သူ့အနေနဲ့ လက်ခံမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကပြောလိုက်ပါတယ်။

အထူးသဖြင့် ပြီးခဲ့တဲ့နှစ်ထဲမှာ သုံးစွဲခဲ့တဲ့ အသုံးစရိတ်ပမာဏအတိုင်းတော့ ဆက်သုံးနိုင်မှာမဟုတ်ဘူးလို့ ဂျပန်နိုင်ငံ Tokyo မြို့တော်မှာရောက်နေတဲ့ ဝန်ကြီး Tillerson ကပြောခဲ့တာပါ။ အစိုးရဌာနတွေအတွက် အိမ်ဖြူတော်ကအဆိုပြုခဲ့တဲ့ America First ဆိုတဲ့ ဘတ်ဂျက်အဆိုပြုချက်ထဲမှာ ကာကွယ်ရေးအသုံးစရိတ်ကို ၅၄ ဘီလျံတိုးမြှင့်ထားပြီး၊ နိုင်ငံခြားရေးဌာနအသုံးစရိတ်၊ နိုင်ငံခြားကူညီထောက်ပံ့ရေးအစီအစဉ်အတွက်အသုံးစရိတ်၊ သဘာဝပါတ်ဝန်းကျင်ဆိုင်ရာဌာနတွေနဲ့ တခြားပြည်တွင်းအသုံးစရိတ်တွေကို သိသိသာသာလျှော့ချထားပါတယ်။

နိုင်ငံခြားရေးဌာနနဲ့ နိုင်ငံခြားထောက်ပံ့ရေးအစီအစဉ်တွေကို ၂၈% ဒေါ်လာ $၁၁ ဘီလျံနီးပါးလျှော့ချလိုက်တာပါ။ ခုလို နိုင်ငံခြားရေးဌာနရဲ့အသုံးစရိတ်ကို ၄ ပုံ ၁ ပုံကျော် ဖြတ်တောက်ထားပေမယ့် အမေရိကန်နိုင်ငံရဲ့ အဓိကသံခင်းတမန်ခင်းလုပ်ငန်းတွေကို အကာအကွယ်ပေးထားတယ်လို့ ယုံကြည်ကြောင်း စီမံခန့်ခွဲရေးနဲ့ ဘတ်ဂျက်ရုံးညွှန်ကြားရေးမှူး Mick Mulvaney ကပြောပါတယ်။

နိုင်ငံခြားရေးဌာနအသုံးစရိတ်ကို ဒီထက်လျှော့ချမှာကို ဝန်ကြီး Tillerson ကကန့်ကွက်ခဲ့တယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် အခုအဆိုပြုချက်ထဲမှာ ပြောထားတဲ့ပမာဏကိုတော့ လိုလိုလားလား လက်ခံမှာဖြစ်တယ်လို့ ဝန်ကြီးကထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG