သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြားဖြတ်ရွေးပွဲ ရခိုင်နဲ့ရှမ်းအလားအလာ


ရွေးကောက်ပွဲ သရုပ်ပြမဲပေးနေကြစဉ်။
ရွေးကောက်ပွဲ သရုပ်ပြမဲပေးနေကြစဉ်။

ဒီကနေ့ ဧပြီလ (၁)ရက်နေ့ နံနက် (၆)နာရီမှာ မြန်မာနိုင်ငံတဝှမ်း မြို့နယ်ပေါင်း (၂၂)မြို့နယ်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်တွေ စတင် မဲပေးနေကြပါတယ်။ ရွေးကောက်ပွဲကို အရင်လောက် လူအများဝင်စိတ်ဝင်စားမှု မရှိပေမဲ့ ရခိုင်နဲ့ ရှမ်းပြည်နယ်မှာတော့ နိုင်ငံရေးပါတီတွေ အကြိတ်အနယ် ယှဉ်ပြိုင်ရဖို့ရှိနေပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကို ပြောပြမှာပါ။

အခု ကြားဖြတ် ရွေးကောက်ပွဲမှာ အာဏာရပါတီ NLD အပါအဝင် ကြံခိုင်ဖွံဖြိုးရေးပါတီနဲ့ အခြားနိုင်ငံရေးပါတီ ၂၄ ခုက ကိုယ်စားလှယ်လောင်းတွေနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၉၅ ဦး ဝင်ရောက်ယှဉ်ပြိုင်နေကြပါတယ်။ ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်း စတဲ့ တိုင်းဒေသကြီး ၃ခုနဲ့ ရခိုင်၊ ရှမ်း၊ မွန်၊ ကယား၊ ချင်း စတဲ့ ပြည်နယ် (၅)ခုမှာရှိတဲ့ မြို့နယ်ပေါင်း (၂၂)မြို့နယ်မှာ ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပနေတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ အမ်းမြို့နယ်တခုတည်းမှာပဲ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ အရင်ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ အကြိတ်အနယ် ယှဉ်ပြိုင် ရဖို့ရှိနေကြောင်း ရခိုင်အမျိုးသားပါတီရဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ အမ်းမြို့နယ် မဲဆန္ဒနယ် ကိုယ်စားလှယ်လောင်းလဲဖြစ်တဲ့ ဒေါက်တာအေးမောင်က အခုလိုပြောပါတယ်။

" ကျနော်တို့ ပထမ ယှဉ်ပြိုင်ခဲ့တာလည်း ပြည်ခိုင်ဖြိုးပါတီပါပဲ။ အဲ့တော့ ပြည်ခိုင်ဖြိုးပါတီက အမ်းမှာက အမှတ်(၁) အမှတ်(၂) ပေါ့နော် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ရဲ့ နယ်မြေလေးတွေရှိပါတယ်။ အဲ့ဒီ့တော့ အမှတ်(၁) ရော အမှတ်(၂)ရော နှစ်ခုစလုံးကို လွှမ်းမိုးတာကတော့ ပြည်ခိုင်ဖြိုးပါတီရဲ့ ပါတီအင်အားအခြေအနေပါပဲ။ အဲ့တော့ အမှတ်(၂) နယ်မြေမှာ ဒီကနေ့အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဆိုင်းဘုတ်တွေ ရွာတိုင်း ကျနော်တို့ မတွေ့ခဲ့ရသေးဘူး။ ခြုံကြည့်လို့ရှိရင် ကျနော်တို့ ရခိုင်အမျိုးသားပါတီနဲ့အဓိက ပြိုင်ဖက်ဟာ ပြည်ခိုင်ဖြိုးပါတီဆိုတာ ပထမပိုင်းကလည်း ယုံကြည်ခဲ့ပါတယ်။ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရင်းနဲ့ဆွေးနွေးတဲ့အခါမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လက်ရှိအစိုးရဆိုတဲ့ လုပ်ပိုင်ခွင့်တွေကို သုံးပြီးမှ အင်အားကြီးကြီးနဲ့စည်းရုံးလာတာကိုလည်း ကျနော်တို့ တွေ့ရပါတယ်။"

ကြားဖြတ်ရွေးကောက်ပွဲအတွက် အမ်းမြို့နယ်မှာ အာဏာရပါတီ NLD ရဲ့ တိုင်းနဲ့ပြည်နယ်အစိုးရခေါင်းဆောင်တွေကိုယ်တိုင်ပါဝင် မဲဆွယ် စည်းရုံးတာမျိုး တွေ့ရပေမယ့် ရွေးကောက်ပွဲမှာ တရားမျှတမှုရှိအောင် ဗဟိုအစိုးရဘက်က ကြိုးစားနေတယ်လို့ မြင်ကြောင်း ဒေါက်တာအေးမောင်ကပြောပါတယ်။

ရှမ်းပြည်နယ်ရဲ့ ၅ မြို့နယ်မှာကျင်းပနေတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေ ရဲ့ ကိုယ်စားလှယ်တွေ အနိုင်ရမယ့် အလားအလာများနေကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက သုံးသပ်ပါတယ်။

"မှိုင်းရှုး၊ ကျေးသီး ပြည်သူ့လွှတ်တော် (၂) နေရာ၊ ပြည်နယ်လွှတ်တော် (၄)နေရာရော နောက် ညောင်ရွှေက ပြည်နယ်လွှတ်တော် (၁) နေရာရော ကျိုင်းတုံကရောက NLD နိုင်ဖို့ သိပ်အလားအလာမရှိဘူး အဲ့နေရာတွေကတော့။ ရှမ်းပါတီနဲ့ အင်းပါတီကပဲ နိုင်လိမ့်မယ်လို့ တွက်လို့ရပါတယ်။"

အခုကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၅ခုနှစ်ရွေးကောက်ပွဲနဲ့နှိုင်းယှဉ်ရင် လူအများ စိတ်ဝင်စားမှု အလွန်နည်းပါးကြောင်း ရွေးကောက်ပွဲ ပညာပေးအဖွဲ့တခုဖြစ်တဲ့ mVoter အဖွဲ့ရဲ့ ပြောခွင့်ရ ကိုဖြိုးမင်းသူက ပြောပါတယ်။

"၂၀၁၅တုန်းကကျတော့ ကမ်ပိမ်းတွေ လုပ်ကြတာလည်း တော်တော်များတယ်။ ပြီးတော့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ Voters Education တွေ နောက် Mobile Application၊... တွေကလည်း အဲ့တုန်းက Product တွေ တော်တော်များများ ထွက်တယ်ပေါ့နော်။ မိုဘိုင်းလ်ဖုန်းတွေကလည်း အဲ့တုန်းက ခေတ်စားနေတာဖြစ်တဲ့အတွက် Voters Education ပြန့်နှံ့မှုကလည်း တော်တော်မြန်တယ်။ ပြီးတော့ ကမ်ပိန်းတွေကလည်း တနိုင်ငံလုံး လုပ်ကြတာဖြစ်တဲ့အတွက် အဲ့အချိန်မှာတော့ လူစိတ်ဝင်စားမှုပိုများခဲ့တယ်လို့ထင်ပါတယ်။

ဒါအပြင် မိမိတို့ မဲပေးရွေးချယ်မယ့် ကိုယ်စားလှယ်လောင်း ပြတ်ပြတ်သားသား အနိုင်ရရှိရေး မဲပေးတဲ့ ရာခိုင်နှုန်းများဖို့ လိုအပ်နေကြောင်း ကိုဖြိုးမင်းသူကပြောပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တချို့ဟာ အစိုးရ ရာထူးတာဝန်တွေ ခန့်အပ်ခံရတာ၊ ကွယ်လွန်သွားတာ စတဲ့ အကြောင်းရင်းတွေကြောင့် လစ်လပ်သွားတဲ့ လွှတ်တော်ကိုယ်စားလှယ် (၁၉)နေရာအတွက် အခုလို ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတာဖြစ်ပါတယ်။ ၅နှစ်တကြိမ်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမတိုင်ခင်မှာလည်း နောက်ထပ် ကြားဖြတ်ရွေးကောက်ပွဲတွေကို လိုအပ်ရင် ထပ်ပြီးကျင်းပသွားမှာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG