သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအပေါ် ရွှေ့ပြောင်းအလုပ်သမားတွေ စိတ်ဝင်စားမှု


၂၀၁၅ ရွေးကောက်ပွဲကို မဲလာထည့်ဝင်ကြတဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ။
၂၀၁၅ ရွေးကောက်ပွဲကို မဲလာထည့်ဝင်ကြတဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ။

မြန်မာနိုင်ငံရဲ့ ကြားဖြတ်ရွေးကောက်ပွဲရက် ကျင်းပတဲ့ ဧပြီလ ၁ရက်နေ့မှာ မဲထည့်ဖို့ အတွက် နေရပ်ပြန်တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ သိပ်မရှိတဲ့အကြောင်းနဲ့ ကြိုတင် မဲထည့်ဖို့အတွက် မြန်မာသံရုံးဘက်က ကြေညာထားပေမဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ စိတ်ဝင်စားမူတွေ နည်းပါးခဲ့သလို မဲပေးဖို့လည်းအခက်အခဲရှိခဲ့တယ်လို့ ဆိုပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရတက်လာပြီးတဲ့နောက် ဧပြီလ ၁ရက်နေ့မှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပခဲ့တာပါ။ ထိုင်းရောက်ရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့ ကြိုတင် မဲပေးတဲ့ရက်ကို ဖေဖေါ်ဝါရီလ ၂၅ရက်နေ့မှာ သတ်မှတ်ထားပေမဲ့ အလုပ်သမားတွေ ကြားထဲမှာ စိတ်ဝင်စားမူနည်းတဲ့အတွက် မသိရှိလိုက်ကြသလို ဧပြီလ ၁ရက်နေ့အတွက် မဲထည်ဖို့အတွက် နေရပ်ပြန်သူလည်း မရှိသလောက်နည်းပါးတယ်လို့ အလုပ်သမားရေး လှုပ်ရှားဆောင်ရွက်သူ AACအဖွဲ့က ကိုရဲမင်းကပြောပါတယ်။

" ရွေးကောက်ပွဲကိစ္စထက်စာရင် ကိုယ့်ရဲ့အောက်ခြေ ထိုင်းမှာ အလုပ်သမားနေထိုင်ခွင့်ကိစ္စတွေနဲ့လုံးပမ်းနေတော့ ကြားဖြတ်ရွေးကောက်ပွဲကို စိတ်ဝင်စားမှု နည်းပါးတာကို တွေ့ရတာပေါ့နော်။ ကျနော်တို့က အစပေါ့ အရင်တခေါက် ရွေးကောက်ပွဲတုန်းကတော့ လှုပ်တယ် ဒါပေမဲ့ ဒီတခေါက်ကတော့ ငြိမ်သွားတယ် အမ။ အလုပ်သမားတွေမှာလည်း လူကြီးတွေလာတယ် ပြောသွားတယ် အောက်ခြေမှာကတော့ ထူးမခြားနားပဲ ဒါက ဒါပဲဖြစ်နေတာ။ သိပ် ထူးထူးခြားခြား အလုပ်သမား ဘဝ ပြောင်းလဲလာတာ မရှိဘူးပေါ့။ ဒီမှာတော့ စိတ်မဝင်စားကြဘူးပေါ့။"

ရွေးကောက်ပွဲနဲ့ပတ်သက်လို့မြန်မာအစိုးရဘက်က ရွှေ့ပြောင်းအလုပ်သမားတွေကြား ပေညာပေးမှုတွေ အားနည်းမှုတွေကြောင့် ရွေပြောင်းအလုပ်သမားတွေ မဲထည့်ဖို့ စိတ်ထက်သန်မှု မရှိတာကို တွေ့ရတယ်လိုလည်း ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ယက်က ဒုဥက္ကဋ္ဌ ဦးအောင်ကျော်ကလည်းဆိုပါတယ်။

" ကျနော်တို့ ဒီရွေးကောက်ပွဲက ဒီရွေးကောက်ပွဲတော့မဟုတ်ဘူး ပထမရွေးကောက်ပွဲကတည်းက အလုပ်သမားတော်တော်များများက မဲပေးခွင့်ရဖို့အတွက် အရမ်းမျှော်လင့်ခဲ့ကြတယ်ပေါ့နော်။ သို့သော် အဲ့ဒီ့တုန်းက ကျနော်တို့ မဲပေးခွင့် မရခဲ့လိုက်ဘူး။ အယ် ဒီတကြိမ်ကျတော့လည်း ကျနော်တို့မှာ လုပ်သားတွေမှာ မြန်မာနိုင်ငံကနေ စနစ်တကျ ပညာပေးတာတို့ ကြိုတင်ပြီးမှ အသိပညာပေးတဲ့ စာရွက်စာတမ်းတွေ ထုတ်ထားပေးတာတို့ မလုပ်တဲ့အတွက်ကြောင့် လုပ်သမားတော်တော်များများကလည်း မသိရှိလိုက်တဲ့သဘောတောင် ဖြစ်နေပါတယ်ခင်ဗျ။"

မြန်မာသံရုံးကတော့ ပြီးခဲ့တဲ့လတွေကစပြိး ကြားဖြတ်ရွေးကောက်ပွဲကို မဲပေးဖို့အတွက် ထုတ်ပြန်ချက်တွေ လုပ်ခဲ့ပါတယ်။ ဒီထဲမှာတော့ သက်တမ်းရှိနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေ မဲပေးခွင့်ရှိသူတွေအနေနဲ့ ဘန်ကောက်မြို့ မြန်မာသံရုံးကနေကြီးမှူး ကျင်းပမှာဖြစ်လို့ဖေဖေါ်ဝါရီ ၂၅ရက်နေ့ကို မဲပေးဖို့ အတွက် ဖေေါ်ဝါရီလ ၈ ရက်နေ့တုန်းကကြေညာထားတာပါ။ မဲပေးသူတွေဟာနိုင်ငံသားစိစစ်ရေးကဒ်မူရင်းနဲ့ နိုင်ငံကူးလက်မှတ်မူရင်းကို ယူဆောင်လာရမယ်လို့ ဖော်ပြထားပါတယ်။ ရွှေ့ပြောင်းအလုပ်သမား အခွင့်ရေးကွန်ယက်က ဒုဥက္ကဋ္ဌ ဦးအောင်ကျေ်ာကတော့ ဒီလိုထုတ်ပြန်ထားပေမဲ့လည်း အလုပ်သမားတွေက မဲပေးဖို့အတွက် အခက်အခဲတွေ ရှိခဲ့တယ်လို့ပြောပါတယ်။

" နောက်တခါ စောစောကပြောသလို မဲပေးတဲ့ရက်ဆိုတာကလည်း လုပ်သမားတွေမှာ လုပ်ငန်းခွင်တွေထဲ အလုပ်လုပ်နေတဲ့ရက်ဖြစ်တယ်ဆိုတဲ့အပိုင်းကလည်း တပိုင်းဖြစ်တယ်ဆိုတော့ ဒီမြန်မာသံရုံးအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် အသိပညာပေးမှု စွမ်းအားနည်းတာက တပိုင်း၊ အလုပ်သမားတွေကိုယ်တိုင်ကလည်း ပထမတကြိမ် ရွေးကောက်ပွဲကြီးလောက် စိတ်အားထက်သန်မှု မရှိတာလည်း ပါပါတယ်။ နောက်သွားလာဖို့ ခက်ခဲနေတယ် အကြောင်းအမျိုးမျိုးကြောင့် ကြည့်လိုက်တဲ့အခါမှာ မဲပေးနိုင်တဲ့စွမ်းအားက ပပျောက်သွားတဲ့ သဘောဖြစ်တာပေါ့။ တနိုင်ငံလုံးမှာ ပံျ့နှံ့နေတဲ့ ရွှေ့ပြောင်းအလုပ်သမားက သန်းနဲ့ချီတယ်ဆိုတာ မှန်တယ်။ အမှန်တကယ်လည်း မြန်မာနိုင်ငံတော်အစိုးရကနေပြီးတော့မှ စနစ်တကျ တနိုင်ငံလုံးမှာရှိတဲ့ အလုပ်သမားတွေကို ထဲထဲဝင်ဝင်သိရှိအောင် ပညာပေးတာတို့ နောက်တခါ မဲပေးဖို့ လွယ်ကူတဲ့ စနစ်တွေ ဖန်တီးပေးတာမျိုးတို့ဆိုရင်တော့ လုပ်သမားတွေအနေနဲ့ မဲပေးဖို့ကို စိတ်ဝင်စားမှု ရှိလာမှာပါ။"

ထိုင်းနိုင်ငံမှာမြန်မာရွှေ့ပြောင်းအလုပ်သမား ၃သန်းကနေ ၄သန်းလောက်ရှိနေတယ်လို့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက့ ခန့်မှန်းနေကြပြီး အထောက်အထားလက်မှတ်ရှိသူက သိန်းဂဏန်းလောက်ပဲ ရှိတာပါ။ ဒါပေမဲ့ ကြိုတင်မဲပေးသူဘယ်လောက်ရှိသလဲဆိုတာကိုတော့ မြန်မာသံရုံးကို ဆက်သွယ်မေးမြန်းခဲ့တဲ့အခါမှာ အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်ကတော့ အရေအတွက် သေချာမသိရှိဘူးလို့ဆိုပါတယ်။ တိကျတဲအဖြေသိနိုင်ဖို့အတွက်မြန်မာသံရုံးကသံမှူးတွေကိုတော့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG