သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"In Exile" ပြည်ပရောက် ရွှေ့ပြောင်း လုပ်သားများ


In Exile “ပြည်ပြေး” မှတ်တမ်းရုပ်ရှင်ကြော်ညာ
In Exile “ပြည်ပြေး” မှတ်တမ်းရုပ်ရှင်ကြော်ညာ

အိမ်နီးချင်းနိုင်ငံတွေကိုသွားရောက် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်း လုပ်သားတွေ အနေနဲ့ ရသင့်ရထိုက်တဲ့ လုပ်ခလစာကိုတောင် ပွင့်ပွင့်လင်းလင်း မတောင်း ရဲပဲ ဖိနှိပ်ခံဘဝနဲ့ ခက်ခက်ခဲခဲ ပိုက်ဆံရှာဖွေရတဲ့ ဘဝသရုပ်မှန်ကို လူအများ သိရှိဖို့လို တယ်လို့ ရုပ်ရှင်ဒါရိုက်တာ တဦးဖြစ်သူ ကိုတင်ဝင်းနိုင်က ပြောလိုက်ပါတယ်။ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ရင်ဆိုင်နေရတဲ့ နေ့စဉ်ဘ၀ အခက် အခဲတွေကို ရိုက်ကူးထားတဲ့ In Exile “ပြည်ပြေး” ဆိုတဲ့ မှတ်တမ်းရုပ်ရှင်ကားကို အမေရိကန် ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ် Boston မြို့က နိုင်ငံတကာ ရုပ်ရှင် ပွဲတော်မှာ မတ်လ ၉ နေ့ကျရင် ပြသမှာဖြစ်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

သံဃာတော်တွေဦးဆောင်တဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအတွင်း ဗီဒီယိုမှတ်တမ်း ရိုက်ကူးခဲ့တာကြောင့် ထောက်လှမ်းရေးတွေရဲ့ လိုက်လံ စောင့်ကြည့်ခြင်း ခံရပြီးနောက် မှာ ထိုင်းနိုင်ငံကို ထွက်ပြေးလာတဲ့ ဒါရိုက်တာ ကိုတင်ဝင်းနိုင်က In Exile “ပြည်ပြေး” ဆိုတဲ့ ဒီမှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးဖြစ်တဲ့အကြောင်းနဲ့ပတ်သက်လို့ ပြောလာပါတယ်။

“ မြန်မာပြည်မှာ ဒီ ၂၀၀၇ ရွှေဝါရောင်နဲ့ ပတ်သက်ပြီးတော့ သူငယ်ချင်းအချို့ အဖမ်းခံ ရတော့ ကျနော်က ရှောင်တိမ်းရင်းနဲ့ ထိုင်းနိုင်ငံ မဲဆောက်ကို ရောက်သွားတယ်။ ရောက် သွားတဲ့ အချိန်မှာပဲ မဲဆောက်မှာရှိတဲ့ ရွှွေ့ပြောင်းအလုပ်သမားတွေ တွေ့တယ်ပေါ့။ သူများနိုင်ငံမှာ သွားပြီးတော့ လုပ်ကိုင်နေရတဲ့ ဘဝတွေ၊ ကိုယ့်နိုင်ငံမှာ ဆုံရှုံးနေတဲ့ လူ့ အရင်းအမြစ်တွေ … အဲဒါတွေ တွေ့ပြီးတော့ ကျနော်က ဒီရုပ်ရှင်ကို ရိုက်ချင်တဲ့ စိတ် ဖြစ်ပေါ်လာတာပါ။”

ကိုဉာဏ်ဝင်းအောင် ။ ။ အဲဒီတော့ ဒီဇာတ်ကားကို ထိုင်းနိုင်ရဲ့ ဘယ်ဒေသတွေမှာ အဓိကထား ရိုက်ဖြစ်တာပါလဲ။

ဒါရိုက်တာ ကိုတင်ဝင်းနိုင် ။ ။ တာ့ခ်ခရိုင် မဲဆောက်မြို့နားက ဖုတ်ဖရ-ဆိုတဲ့ ကျေးရွားလေး မှာရှိတဲ့ စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီးတော့ ရွှေ့ပြောင်းလာတဲ့ အလုပ်သမားတွေကို အခြေခံပြီး ရိုက်ထားတာပါ။ စိတ်ဝင်စားဖို့ကောင်းတာက သူတို့က နှစ်စဉ်နှစ်တိုင်း ကျနော်တို့ နိုင်ငံက နေပြီးတော့မှ ရွှေ့ပြောင်းအလုပ်သမား အနေနဲ့ ရောက်လာကြတယ်။ တရားဝင် မှတ်ပုံတင်တာ လုံးဝလုပ်လို့ မရဘူး။ ဆိုတော့ သူတို့က အလုပ်ရှင်တွေရဲ့ ချယ်လှယ်တာကို ခံရတယ်။ အလုပ်ရှင်တွေက ပိုက်ဆံမပေးဘူးဆိုလဲ တောင်းဖို့ နား မလည် ကြဘူး။ ကိုယ့်အခွင့်အရေးကို တောင်းဆိုဖို့ သူတို့ မသိကြဘူး၊ ကြောက်ကြတယ်။ အဲဒါတွေကို သွားတွေ့တဲ့အခါမှာ ကျနော်တို့ရဲ့ ခံစားချက်က ကျနော်တို့ နိုင်ငံမှာလည်း အုပ်ချုပ်တဲ့ အစိုးရကို ကြောက်ကြတယ်ဗျ။ အဲဒီတော့ ဒီရွှေ့ပြောင်း အလုပ်သမားတွေ ကလည်း သူများနိုင်ငံမှာ နေတဲ့အချိန်မှာ သူတို့ဘဝတွေ က လုံခြုံမှု မရှိဘူး။

ဒါရိုက်တာ ကိုတင်ဝင်းနိုင်
ဒါရိုက်တာ ကိုတင်ဝင်းနိုင်

ကိုဉာဏ်ဝင်းအောင် ။ ။ ဆိုတော့ ရုပ်ရှင်ဇာတ်ကားက မတ်လ ၉ ရက်၊ ဘော်စတွန်မှာ ပြ မယ် သိရပါတယ်။ ဒီအမေရိကားကို ကိုတင်ဝင်းနိုင် လာဖြစ်ပါသလား။

ဒါရိုက်တာ ကိုတင်ဝင်းနိုင် ။ ။ ကျနော်က အချို့အကြောင်း အချက်တွေကြောင့် ဒီတခေါက်တော့ အမေရိကားကို မလာဖြစ်ပါဘူးဗျ။ အဆင် မပြေတာလည်း ပါတယ်။ နောက်တခုက ကျနော်ကလည်းလာဖို့ အဲဒီရက်ပိုင်းမှာ အလုပ်က ဒီမှာမပြတ်ဘူး ဖြစ်နေတယ်။

ကိုဉာဏ်ဝင်းအောင် ။ ။ အဲဒီတော့ အခြားရော၊ ဒီရုပ်ရှင်ရိုက်တဲ့ဆီမှာ အခက်အခဲတွေ ရှိခဲ့လား။

ဒါရိုက်တာ ကိုတင်ဝင်းနိုင် ။ ။ အခက်အခဲတွေကတော့ အများကြီးပဲပေါ့။ ကျနော်ကိုယ်တိုင် ကလည်း ထိုင်းမှာက တရားဝင်နေရတာ မဟုတ်ဘူးလေ။ ကျနော်နေတဲ့ မဲဆောက်တဲ့ သွားရိုက်ရမယ့် ဖုတ်ဖရနဲ့ ကြားထဲမှာက ဂိတ်တွေအများကြီးပဲလေ၊ ထိုင်းရဲတွေကလည်း အဖမ်း အဆီးကလည်း များတယ်ဆိုတော့ အဲဒါရိုက်ဖို့အတွက်ကို ကျနော့်မှာ သွားဖို့ လာဖို့ တော်တော့်ကို ကြိုးစားခဲ့ရတယ်ပေါ့။ နောက်တခုက ကျနော့်ကို ထုတ်လုပ်ပေးတဲ့ ပရိုဂျူဆာကလည်း အရမ်းကြီး မရှာနိုင်သေးတော့ ကျနော်တို့က ဘတ်ဂျက်မရှိပဲနဲ့ ဒီရုပ်ရှင်ကို စပြီး ကြိုးစားရိုက် ခဲ့တယ်။ နောက်ပိတ်ဆုံး ဒီရုပ်ရှင်ဖြစ်မြောက်လာပြီးတော့ Editing ပိုင်းမှာဆိုလို့ရှိရင်လည်း ရုပ်ရှင်ဆက်ပေးတဲ့ Melanie Sanford ဆိုတာက သြစတြေးလျားက အယ်ဒီတာပေါ့။ ဒီရုပ်ရှင်ကားကြီးတကားကို ဆက်ဖို့ဆိုရင် ကျနော်တို့ ပိုက်ဆံတွေ အများကြီးပေးရမှာ ဒါပေမယ့်သူက ပိုက်ဆံ တပြားမှမယူပဲနဲ့ ကျနော့်ရုပ်ရှင်ကို ပြီးအောင်ဆက်ပေးခဲ့တယ်ပေါ့နော်။ အဓိကတော့ ကျနော်ရိုက်ပြီးတဲ့အချိန်နဲ့ ထွက်တဲ့ အချိန်ကြား ၅ နှစ်လောက် ကြာသွားတယ်ဗျ။

၇၂ မိနစ်ကြာတဲ့ “ပြည်ပြေး” မှတ်တမ်းရုပ်ရှင်ထဲက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ရင်ဖွင့်သံတွေကို Youtube အမြည်းသဘော တင်ထားတဲ့ ရုပ်ရှင်ဇာတ်ဝင်ခန်း တချို့မှာ ကြားရပါတယ်။

“ သူဌေးက ဒီမှာနေတယ် .. သူ့မှာ ခြောက်လုံးပြူးလေး တလက်ရှိတယ်။ သူစိတ်တို လာရင် အဲဒီခြောက်လုံးပြူးလေး တလက်နဲ့ လိုက်လှည့်နေပြီ၊ အကုန်လုံး အစစ အရာရာ သတိထားနေရတယ်။ သူ့ဆီမှာ လုပ်ရတာ မလွယ်ဘူး.. ညောင်သီးလဲစား လေးသံလဲ နားထောင်နေရတယ်” … “ ပစ်တာ သေနတ်နဲ့ ဒိုင်းဒိုင်းဆိုပြီး နှစ်ချက်.. တယောက်က နားထင်ကိုပစ်တာ ဦးနှောက်ပွင့်ထွက်သွားတယ် ..”

ဒါရိုက်တာ ကိုတင်ဝင်းနိုင်ဟာ ၂၀၀၅ ခုနှစ်ကတည်းက ရန်ကုန်ရုပ်ရှင်ကျောင်း မှာ ကျောင်းသား တဦးဖြစ်ခဲ့ပြီး အခု အဲဒီကျောင်းမှာပဲ ရိုက်ကူးရေး နည်းပြအဖြစ် သင်ကြားပေးနေပါတယ်။ အခုချိန်ထိ မှတ်တမ်းရုပ်ရှင်တွေ ဆက်လက်ရိုက်ကူးနေပြီး အဲဒီထဲက သံဃာတော်တွေ အကြောင်း ရိုက်ကူးထားတဲ့ The Monk ရုပ်ရှင်ကားဟာ ချက်ပြည်သူ့သမ္မတနိုင်ငံက ရုပ်ရှင်ပွဲတော်မှာ ဆုနှစ်ဆု ရရှိခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG