သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားကို အမေရိကန် တိုက်ခိုက်မှု မဟာမိတ်တွေ သတိနဲ့ကြိုဆို


အမေရိကန်သမ္မတ ထရမ့် ဆီးရီးယားအပေါ် တိုက်ခိုက်မှု မိန့်ခွန်းပြောစဉ်။ (ဧပြီ ၆၊ ၂၀၁၇)
အမေရိကန်သမ္မတ ထရမ့် ဆီးရီးယားအပေါ် တိုက်ခိုက်မှု မိန့်ခွန်းပြောစဉ်။ (ဧပြီ ၆၊ ၂၀၁၇)

ဆီးရီးယားနိုင်ငံက လေတပ်စခန်းကို သောကြာနေ့ညက အမေရိကန်တို့ မစ်ဇိုင်းဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်ကို အမေရိကန်ရဲ့ မဟာမိတ် ဥရောပနိုင်ငံတွေက သတိနဲ့ ကြိုဆိုလိုက်ပါတယ်။ သူပုန်တွေထိန်းချုပ်ထားတဲ့မြို့ကို ဆီးရီးယားအစိုးရက ဓာတုလက်နက်တွေနဲ့ တိုက်ခိုက်တဲ့အတွက် အမေရိကန်က တန်ပြန်တိုက်ခိုက်ခဲ့တာပါ။ ဓာတုလက်နက်နဲ့တိုက်ခိုက်တာဟာ သမ္မတ Bashar al Assad လက်ချက်ဖြစ်တယ်ဆိုပြီး အနောက်နိုင်ငံတွေကပြစ်တင်ပြောဆိုနေတာဖြစ်ပါတယ်။

ဓာတုလက်နက်တပ်ဆင်ထားတဲ့ စစ်လေယာဉ် အခြေစိုက်စခန်းအဖြစ် ယုံကြည်ရတဲ့ Shayrat လေတပ်အခြေစိုက်စခန်းကို အမေရိကန်တနိုင်ငံတည်း တိုက်ခိုက်ခဲ့ တာဖြစ်ပေမယ့် ဒီလုပ်ရပ်ကို အဓိက မဟာမိတ်ဥရောပနိုင်ငံတွေက ထောက်ခံခဲ့ကြပါတယ်။

အမျိုးသမီးတွေနဲ့ကလေးငယ်တွေအပါအဝင် လူတရာနီးပါးသေဆုံးခဲ့ရတဲ့ အာဆတ်အစိုးရရဲ့ ဓာတုလက်နက် တိုက်ခိုက်မှုကို တန်ပြန်တဲ့ Trump အစိုးရအဖွဲ့ရဲ့လုပ်ရပ်ကို အပြည့်အ၀ ထောက်ခံပါတယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီး Michael Fallon ကသောကြာနေ့မှာ ပြောပါတယ်။ ဒါ့အပြင် ဂျာမဏီ ကလည်း အလားတူ ထောက်ခံစကားပြောကြပါတယ်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Marc Ayrault ကလည်း ဓာတုလက်နက် အသုံးပြုတာဟာ စက်ဆုပ်စရာကောင်းတဲ့ စစ်ရာဇဝတ်မှုဖြစ်တဲ့ အတွက် ပြစ်ဒဏ်ပေးသင့်တယ်လို့ပြောပါတယ်။ ဒါပေမယ့်လည်း ခန့်မှန်းရခက်တဲ့ Trump ရဲ့ လတ်တလော နိုင်ငံခြားရေးမူဝါဒ အပေါ်စိုးရိမ်မှုအချို့ လည်း ရှိနေတာပါ။

ဆီးရီးယားရဲ့ မဟာမိတ် ရုရှားကတော့ သမ္မတ အာဆတ်အစိုးရက ဓာတုလက်နက်နဲ့ တိုက်ခိုက်တယ်ဆိုတဲ့ အနောက်နိုင်ငံတွေရဲ့ ပြောဆိုချက်ကို ပယ်ချပြီး ဒီဖြစ်ရပ်အတွက် သူပုန်တပ်ဖွဲ့တွေကို ပြစ်တင်သလို အမေရိကန်တို့ရဲ့ လုပ်ရပ်ဟာ နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ရန်စဖို့ အကြောင်းရှာတဲ့ လုပ်ရပ်ဆိုပြီး ပြောပါတယ်။ အမေရိကန်ရဲ့ လုပ်ရပ်ကြောင့် နဂိုကတည်းက ခိုင်မာမှုသိပ်မရှိတဲ့ အမေရိကန်-ရုရှားဆက်ဆံရေး အတော်လေး ပျက်ပြားသွားစေတယ်လို့ ရုရှားတို့က ကြေညာချက်ထုတ် ပြောဆိုပါတယ်။

ဒီတိုက်ခိုက်မှုဟာ တကြိမ်တည်းလုပ်တဲ့လုပ်ရပ်လား ဒါမှမဟုတ် ဆီးရီးယား အစိုးရအပေါ် ရေရှည်လုပ်မယ့် စစ်ရေးလှုပ်ရှားမှုအစလားဆိုတာကို မဟာမိတ်တွေက စောင့်ကြည့်နေတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG