သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းသမားတွေ အန္တရာယ်အများဆုံးနိုင်ငံထဲ မြန်မာပါဝင်


ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပနေစဉ်မြင်ကွင်းတခု (မေ ၃၊ ၂၀၁၇)
ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပနေစဉ်မြင်ကွင်းတခု (မေ ၃၊ ၂၀၁၇)

အာရှဒေသတလွှားက နိုင်ငံတွေမှာ သတင်းလွတ်လပ်ခွင့် ဆက်ပြီး ကျဆင်းနေတာတွေ့ရကြောင်း နယ်စည်းမခြားသတင်းသမားများအဖွဲ့ RSF က ၂၀၂၄ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ သတင်းလွတ်လပ်ခွင့်ဆိုင်ရာ နှစ်စဉ်ထုတ်ပြန်တဲ့ အညွှန်းကိန်းကိုကြည့်ရင် အာရှနိုင်ငံပေါင်း ၃၁ နိုင်ငံမှာ ၂၆ နိုင်ငံဟာ မနှစ်ကထက် ပိုပြီး သတင်းလွတ်လပ်ခွင့် ကျဆင်းနေတာပါ။

မြန်မာနိုင်ငံကတော့ သတင်းလွတ်လပ်ခွင့် အညွှန်းကိန်း ၁၇၁ ဖြစ်ပြီး မနှစ်ကထက် ၂ မှတ် တက်လာပေမယ့် သတင်းလွတ်လပ်ခွင့် တိုးတက်မှုတော့ မရှိဘူးလို့လည်း ဖေါ်ပြပါတယ်။ မြန်မာဟာ တရုတ်ပြီးရင် သတင်းသမားတွေကို ထောင်ချတဲ့ ဒုတိယ အများဆုံး နိုင်ငံအဖြစ် CPJ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီက သတ်မှတ်ထားတာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့နောက် အသတ်ခံရတဲ့ သတင်းသမား က အနည်းဆုံး ၄ ဦးရှိနေပြီး သတင်းထောက် ရာနဲ့ချီ အဖမ်းခံခဲ့ရသလို သတင်းဌာန တဒါဇင်ထက် မနည်းလည်း ပိတ်သိမ်းခံခဲ့ရတယ်လို့ ဖေါ်ပြထားပါတယ်။

အာရှဒေသဟာ သတင်းသမားတွေအတွက် ဒုတိယ အခက်အခဲဆုံး ဒေသဖြစ်ကြောင်းနဲ့ မြန်မာ၊ တရုတ်၊ မြောက်ကိုရီးယားနဲ့ ဗီယက်နမ် နိုင်ငံတွေကတော့ သတင်းသမားတွေအတွက် အန္တရာယ်အကြီးဆုံးအဖြစ် RSF က ၂၀၂၄ အတွက် သတ်မှတ်လိုက်တဲ့ နိုင်ငံပေါင်း ၁၀ နိုင်ငံထဲမှာ ပါဝင်ကြောင်းလည်း ဖေါ်ပြထားပါတယ်။

ဒါ့အပြင် အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံတွေထဲမှာ သတင်းလွတ်လပ်ခွင့်အရှိဆုံး ထိပ်တန်း ၁၅ နိုင်ငံ စာရင်းဝင်တာလည်း တနိုင်ငံမှ မပါပါဘူး။ တရုတ်၊ မြောက်ကိုရီးယားနဲ့ ဗီယက်နမ် နိုင်ငံတွေကတော့ ကမ္ဘာမှာ ကွန်မြူနစ်အစိုးရပဲဆက်ပြီး အုပ်ချုပ်တဲ့ နောက်ဆုံး ၃ နိုင်ငံဖြစ်ပြီး သူတို့ကတော့ RSF ရဲ့ နိုင်ငံပေါင်း ၁၈၀ သတင်းလွတ်လပ်ခွင့် အညွန်းကိန်းစာရင်းထဲ အောက်ဆုံးမှာပဲ ရှိနေတာပါ။

ဒီနှစ်အတွက် တရုတ်ကအဆင့် ၁၇၂ ရှိသလို ဗီယက်နမ်က ၁၇၄ နဲ့ မြောက်ကိုရီးယားက ၁၇၇ ရှိပါတယ်။ ဟောင်ကောင်ဟာ အာရှဒေသမှာ သတင်းလွတ်ခွင့်ရှိတဲ့ စံပြအဖြစ်ရှိခဲ့ပေမယ့် အခုအချိန်မှာတော့ နိုင်ငံရေး မတည်ငြိမ်မှုနဲ့ သတင်းလွတ်လပ်ခွင့် ကန့်သတ်တဲ့ ဥပဒေတွေ ပြဌာန်းခဲ့တာတွေကြောင့် အဆင့် ၈၀ ကနေ ၁၄၈ အထိ ကျဆင်းသွားပါတယ်။

Forum

XS
SM
MD
LG