သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လယ်ယာမြေ ပြဿနာ


မြန်မာ့လယ်ယာမြေ ပြဿနာ
please wait

No media source currently available

0:00 0:05:12 0:00
တိုက်ရိုက် လင့်ခ်


စစ်တပ်ပိုင် လယ်မြေပေါ်မှာ ထွန်းယက်စိုက်ပျိုးတဲ့ လယ်သမား (၇၂) ဦးကို တောင်ကြီးမြို့နယ် တရားရုံးက ဒီဇင်ဘာလ (၂၂) ရက်နေ့က ထောင်ဒဏ်ငွေဒဏ်အသီးသီး ချမှတ်လိုက်တဲ့သတင်းဟာ မြေယာပြဿနာကို မီးမောင်းထိုးပြသလို ဖြစ်နေပါတယ်။ ၁၉၉၆ မှာ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်ဟာ တောင်ကြီးမြို့နယ်က ကျေးရွာရှစ်ရွာမှာ လယ်မြေဧက ငါးထောင်ကို သိမ်းယူပြီး တစ်ဧက ကျပ်တစ်သောင်းနှုန်းနဲ့ လယ်သမားတွေကို ပြန်ငှားလာတာ အနှစ် (၂၀) နီးပါးရှိပါပြီ။ နောက်တော့ လယ်သမားတွေကို မြေမငှားကို စစ်တပ်က ဆုံးဖြတ်ပြီး တပ်ပိုင်မြေ ကျူးကျော်မှုနဲ့ ၂၀၁၅ မှာ လယ်သမားတွေကို တရားစွဲပါတော့တယ်။

အစိုးရသစ်ဖွဲ့စည်းပြီး မကြာမီ မေလအစောပိုင်းမှာ မြေသိမ်းမှု ပြန်လည်စီစစ်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းလိုက်ပြီး လယ်ယာမြေနဲ့ အခြားမြေတွေ သိမ်းဆည်းနေတာကို ရပ်ဆိုင်းဖို့ အမိန့်ကြော်ငြာစာ ထုတ်ပြန်ပါတယ်။ အများဆုံးမြေယာသိမ်းပိုက်သူဟာ ကာကွယ်ရေးဝန်ကြီးဌာန ဖြစ်ပါတယ်။ စစ်တပ်ဟာ ကြိုက်တဲ့နေရာကို တပ်ပိုင်မြေအဖြစ် သတ်မှတ်ပြီး ဒေသခံလယ်သမားကို ငှားစားလာတာ အနှစ် (၂၀) ကျော်နေပါပြီ။ သိမ်းထားတဲ့မြေယာကို မူလပိုင်ရှင် လယ်သမားကို ပြန်ပေးဖို့နဲ့ ပြန်မပေးနိုင်ရင် ပေါက်ဈေးနဲ့ လျော်ကြေးပေးဖို့ လွှတ်တော်က ဆုံးဖြတ်ခဲ့ပေမယ့် လက်တွေ့မလုပ်နိုင်တာက များပါတယ်။

လယ်ယာမြေသိမ်းဆည်းတာကို ရပ်ဆိုင်းထားဖို့ သမ္မတဦးထင်ကျော် အမိန့်ထုတ်ပြီး (၅) လကြာတော့ မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်းကျေးရွာအုပ်စုက တောင်သူတွေ လုပ်ကိုင်နေတဲ့ ခြံမြေဧက (၁၀၀၀) ကို ရန်ကုန်တိုင်းစစ်ဌာနချုပ်က တပ်မြေအဖြစ် သတ်မှတ်ပါတယ်။ တလတည်းမှာပဲ လှည်းကူးမြို့နယ် ရန်ကုန်-ပဲခူး အမြန်လမ်းမဘေးက မြေဧကနှစ်သောင်းကို တပ်မ (၁၁) က ခြံစည်းရိုးခတ်ပြီး တပ်ပိုင်မြေ လုပ်လိုက်ပါတယ်။ ဒီအထဲမှာ တဝက်လောက်ဟာ စိုက်ပျိုးမြေတွေ ဖြစ်ပါတယ်။ အစိုးရတပ်တွေဟာ မြေယာကို သိမ်းပိုက်ပြီး လယ်လုပ်သူတွေကို ပြန်ငှားလေ့ ရှိပါတယ်။ ရန်ကုန်တိုင်းမှာလည်း မြေယာပြဿနာ တိုင်ကြားထားတဲ့ အမှုပေါင်း ငါးထောင်ကျော်လောက်ရှိကြောင်း သိရပါတယ်။ နေပြည်တော်ကောင်စီနယ်မြေမှာတောင် ငွေရှင်တရုတ်တွေ စိုက်ပျိုးရေးလုပ်တဲ့အတွက် လယ်မြေဈေးတက်နေကြောင်း သိရပါတယ်။

စစ်အစိုးရလက်ထက် ပန်းတနော်မြို့နယ်မှာ ဖိုးလမင်ကုမ္ပဏီကို လယ်မြေဧကထောင်သောင်းချီပြီး လုပ်ခွင့်ပေးခဲ့ပါတယ်။ သူရဦးရွှေမန်းရဲ့မိသားစုပိုင် ဧရာရွှေဝါကုမ္ပဏီကလည်း မြေဧက ငါးထောင်ကျော် လုပ်ခွင့်ရခဲ့ပါတယ်။ အဲဒီခေတ်က စစ်အစိုးရနဲ့ နီးစပ်တဲ့ခရိုနီကုမ္ပဏီတွေဟာ မြေဧက ငါးသန်းကျော် လုပ်ခွင့်ရခဲ့ပါတယ်။ ဒီမြေယာပြဿနာတွေကို အခုထက်ထိ ပြေလည်အောင် မဖြေရှင်းနိုင်သေးပါဘူး။ ဦးရွှေမန်းကတော့ ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်မှာ ဥက္ကဋ္ဌ ုဖြစ်နေပါပြီ။ ကုမ္ပဏီက သိမ်းထားတဲ့ လယ်ယာမြေမှာ မူလပိုင်ရှင်လယ်သမားက ဝင်ရောက်စိုက်ပျိုးခဲ့တဲ့အတွက် ရဲအဖွဲ့နဲ့ ပဋိပက္ခ ဖြစ်ကြတာ ဦးသိန်းစိန်အစိုးရ သက်တမ်းတလျှောက်လုံးပါ။ ရဲနဲ့ ပဋိပက္ခဖြစ်လို့ လယ်သမားတထောင်ကျော် တရားစွဲခံရပြီး ငါးရာလောက် ထောင်ကျသွားပါတယ်။

ရခိုင်ပြည်နယ်က မြေသိမ်းမှု (၅၀) ရာခိုင်နှုန်းဟာ စစ်တပ်က သိမ်းတာဖြစ်ပြီး (၂၅) ရာခိုင်နှုန်းဟာ အုပ်ချုပ်ရေးက သိမ်းတာလို့ သိရပါတယ်။ ကျန် (၂၅) ရာခိုင်နှုန်းကိုတော့ ကုမ္ပဏီ၊ ဝန်ကြီးဌာနနဲ့ လုပ်ငန်းရှင်တွေက သိမ်းယူတာ ဖြစ်ပါတယ်။ အခုတော့ သိမ်းဆည်မြေယာတွေကို ပြန်ပေးတာတွေ ရှိပါတယ်။ ဧရာဝတီတိုင်းမှာ ပြန်လည်စွန့်လွှတ်မယ့် မြေယာဧကပေါင်း ကိုးသောင်းကျော်ရှိတယ်လို့ မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။ သိမ်းဆည်းမြေအပြင် အာဏာပိုင်တွေက ဈေးပေါပေါနဲ့ တိုးတိုးတိတ်တိတ် ရောင်းချခဲ့တဲ့ လက်သိပ်ထိုးမြေတွေလည်း အများအပြား ရှိပါတယ်။ ဒီနေရာမှာ မန္တလေးဟာ နာမည်ကြီးပါတယ်။ ၁၉၉၃ မန္တလေးမြို့သစ် စီမံကိန်းအတွက် သတ်မှတ်ထားတဲ့ မြေတွေကို အစိုးရသစ်မတက်မီမှာ ပုဂ္ဂလိတွေကို လက်သိပ်ထိုးပေးခဲ့ပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်မှာ မြေယာသိမ်းဆည်းမှုကို ဖြေရှင်းဖို့ ကြိုးစားနေတုန်း မြေယာသိမ်းပိုက်မှုတွေ ထပ်မံဖြစ်ပွားတဲ့အတွက် ငါးနှစ်သက်တမ်းမှာ မြေယာပြဿနာဟာ သက်ဆိုးရှည်နေပါတယ်။ အစိုးရသစ်တက်လာတဲ့အခါမှာ တနိုင်ငံလုံးမှာ မြေသိမ်းဆည်းမှုတွေကို (၆) လအတွင်း ဖြေရှင်းမယ်လို့ မြေယာသိမ်းယူမှု ပြန်လည်စီစစ်ရေး ဗဟိုကော်မတီက ကြွေးကြော်ပြန်ပါတယ်။ အစိုးရသစ်လက်ထက်မှာ စစ်တပ်က မြေယာသိမ်းတာတွေ ရှိနေသေးပေမယ့် သိမ်းပိုက်မြေယာကို စွန့်လွှတ်တာမျိုးလည်း ရှိလာပါတယ်။ ဒါပေမဲ့ ဝန်ထမ်းတွေ ကလိမ်ကျမှုကြောင့် လယ်သမားလက်ထဲ မြေယာရောက်မလာဘူးလို့ ဆိုပါတယ်။

၂၀၁၂ မတိုင်မီက မြေယာသိမ်းပိုက်မှုကို မဖြေရှင်းနိုင်ဘူးလို့ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဒေါက်တာအောင်သူ ပြည်သူ့လွှတ်တော်မှာ ပြောတာကို မကျေနပ်သူ တောင်ကြီးမြို့နယ်က NLD ပါတီဝင် (၂၀) နီးပါး မကြာမီက နုတ်ထွက်သွားပါတယ်။ စိုက်ပျိုးလယ်ယာမှာ ဘတ်ဂျက်မလုံမလောက် ဖြစ်နေလို့ မိမိဝန်ကြီးဌာနက အမှုထမ်းတွေ တနေ့လက်ဖက်ရည်တခွက် လျှော့သောက်ဖို့ ဒေါက်တာအောင်သူ က စီစဉ်ထားပါတယ်။ သူ့အရင်က ဝန်ကြီးလုပ်သွားတဲ့ ဦးမြင့်လှိုင်ကလည်း လယ်သမားတွေ တမင်းတနပ်လျှော့စားပြီး အကြွေးဆပ်ကြဖို့ အကြံပေးဖူးပါတယ်။ အခုအချိန်အထိတော့ ဦးသိန်းစိန်အစိုးရ မဖြေရှင်းနိုင်တဲ့ လယ်ယာမြေပြဿနာကို NLD အစိုးရ ဖြေရှင်းနိုင်မယ့် အလားအလာ မတွေ့ရသေးဘဲ ဖြစ်နေပါတယ်။

XS
SM
MD
LG