သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံအဖွဲ့တွင်း ပူးပေါင်းမှုမရှိရင် ဒေသတွင်းအကြမ်းဖက်မှု တိုးလာနိုင်


အရှေ့တောင်အာရှဒေသမှာ ၂၀၁၆ ခုနှစ်အတွင်း အကြမ်းဖက်လှုပ်ရှားမှုတွေ တိုးများလာခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ အကြမ်းဖက်သမားတွေလို့ သံသယရှိသူတွေ သေဆုံးမှုနဲ့ ဖမ်းဆီးရမိတဲ့ အရေအတွက်ဟာ (၂) ဆ တိုးများလာခဲ့ပြီး (၁၇၀) ဦး အထိရှိခဲ့ပါတယ်။

မလေးရှားနိုင်ငံမှာလည်း အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေထံ ပြည်ပအကြမ်းဖက်တိုက်ခိုက်ရေးသမားတွေ အဖြစ် သွားရောက်ဖို့ ကြိုးပမ်းကြသူတွေ ISIS တွေရဲ့ အောင်ပွဲခံတိုက်ပွဲတွေကို သွားရောက် ကြည့်ရှုလိုသူတွေ ပိုမိုများပြားလာ ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာဆိုရင်လည်း အဘူဆာယာ့ဖ် အဖွဲ့အပါဝင် ISIS တွေနဲ့ ဆက်စပ်ပတ်သက်နေတဲ့အဖွဲ့တွေက စီစဉ် ဆောင်ရွက်တဲ့ ပြန်ပေးဆွဲမှုတွေ ဗုံးဖေါက်ခွဲမှုတွေ အရေအတွက် တိုးများလာခဲ့ပါတယ်။ နိုင်ငံတကာ မီဒီယာတွေမှာ ဖေါ်ပြတာ နည်းပါးတဲ့ ထိုင်းနိုင်ငံတောင်ပိုင်းမှာလည်း တိုက်ခိုက်မှု အကြိမ် ၈၀၀ ကျော် ဖြစ်ပွားခဲ့ပြီး၊ ဖြစ်စဉ်တွေအတွင်း သေဆုံးသူ (၃၀၀) ကျော်နဲ့ ထိခိုက်ဒဏ်ရာရသူ (၆၀၀) ရှိခဲ့ပါတယ်။

အခြေအနေဟာ အခုနှစ်အတွင်း လျော့ကျသွားမယ့် အလားအလာတော့ မရှိပါဘူး။ အတိအကျ ဆိုရရင် အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN အဖွဲ့အတွင်း ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိတာကြောင့် အကြမ်းဖက်တိုက်ခိုက်မှုတွေက ပိုမိုဖြစ်ပွားလာနိုင်ခြေရှိပါတယ်။

ISIS တွေကလည်း ဒီဒေသအပေါ် စိတ်ဝင်စားမှု အကြီးအကျယ်ရှိနေကြောင်း ပြသနေပါတယ်။ ပြီးခဲ့တဲ့ ဇွန်လအတွင်း ထွက်ပေါ်လာတဲ့ ဝါဒဖြန့် ဗီဒီယို အခွေမှာ သူတို့အပေါ် ထောက်ခံသူတွေအနေနဲ့ အရှေ့တောင်အာရှဒေသကို အာရုံစိုက်ကြဖို့နဲ့ အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေဆီကို ရောက်မလာနိုင်ခဲ့ရင်တောင် ဖိလစ်ပိုင်နိုင်ငံမှာရှိတဲ့ သူတို့ရဲ့ ဒေသခံ အဖွဲ့ခွဲထံကို ပူးပေါင်းကြဖို့ တိုက်တွန်းထားပါတယ်။

အခုဆိုရင် ISIS တွေရဲ့ နယ်မြေထိန်းချုပ်ထားနိုင်မှုဟာ အရှေ့အလည်ပိုင်းဒေသမှာ တစထက်တစ ကျဆင်းလာနေပြီး၊ သူတို့ခြေလှမ်းချဲ့နိုင်ဖို့အတွက် နေရာတနေရာ လိုအပ်နေပြီဖြစ်ပါတယ်။ အခုဆိုရင် အရှေ့အလည်ပိုင်းဒေသမှာ အရှေ့တောင်အာရှကနေလာတဲ့ အကြမ်းဖက် တိုက်ခိုက်ရေးသမား အများအပြားရှိနေပြီး ခန့်မှန်းခြေ တထောင်ကျော်လောက် ရှိတယ်လို့ဆိုပါတယ်။

ဒီလူတွေဟာ ကိုယ့်အရပ်ဒေသကို ပြန်ကြပြီး သူတို့ရဲ့ ကာလီဖိတ် ဘာသာရေးစစ်ပွဲ ဆက်လက် လုပ်ဆောင်လာဖွယ် ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG