သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ်အရေး အာဆီယံတွင်း သဘောတူညီချက်မရ


တောင်တရုတ်ပင်လယ်ပြင်အတွင်း တရုတ်တို့ရဲ့ ပိုင်နက်ချဲ့ထွင်မှုကို ဘယ်လို စေ့စပ် လုပ်ဆောင်မလဲဆိုတာနဲ့ ပတ်သက်ပြီး အရှေ့တောင်အာရှနိုင်ငံများ အသင်းဝင်တွေကြား သဘောတူညီချက်မရ ဖြစ်နေပါတယ်။ ဒီကနေ့ တနင်္ဂနွေနေ့ လာအိုနိုင်ငံမှာ တရားဝင်ရော အလွတ်သဘောရော သုံးကျော့ ဆွေးနွေးပြီးပေမယ့်လည်း သံတမန်ရေးအရ ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေနဲ့ တန့်နေပါတယ်။

အရှေ့တောင်အာရှ ၁၀ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေးပွဲ သုံးကြိမ်အတွင်း နာရီအတော်ကြာ အပြန်အလှန် ဆွေးနွေးခဲ့ကြပေမယ့်လည်း ကမ္ဘောဒီးယားနိုင်ငံက တရုတ်နိုင်ငံကို မဝေဖန်လိုတဲ့အတွက်ကြောင့် အခြေအနေ မတင်မကျ ဖြစ်နေတယ်လို့ သံတမန်တွေက ပြောကြပါတယ်။

ဒီသတင်းပတ်အတွင်း အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry တို့ တွေ့ဆုံတဲ့အခါမှာတော့ တရုတ်နိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေကြား တောင်တရုတ်ပင်လယ် ရေပြင်ပိုင်နက်ဆိုင်ရာ အငြင်းပွားမှုကိုပဲ အလေးထားဆွေးနွေးကြမယ်လို့ ခန့်မှန်းရပါတယ်။

တောင်တရုတ် ပင်လယ်ပြင်အတွင်း ပိုင်နက်အများစုကို တရုတ်တို့က သူတို့ပိုင်ဆိုင်တယ်လို့ ပြောဆိုနေမှုကို The Hague မြို့ နိုင်ငံတကာ ခုံသမာဓိရုံးက ပယ်ချလိုက်တဲ့ ဆုံးဖြတ်ချက်ကြောင့် တင်းမာမှုတွေ ပိုတိုးလာလေမလား စိုးရိမ်နေကြတာပါ။ အခု လာအိုနိုင်ငံမှာ ကျင်းပနေတဲ့ အရှေ့အာရှ ညီလာခံနဲ့ အရှေ့တောင်အာရှဒေသတွင်း စည်းဝေးပွဲတွေက နိုင်ငံတကာ ခုံသမာဓိရုံးရဲ့ တောင်တရုတ်ပင်လယ်အရေး ဇူလိုင်လ ၁၂ ရက်နေ့က ဆုံးဖြတ်ချက် ချမှတ်ပြီးနောက် ပထမဆုံးကျင်းပတဲ့ ဒေသတွင်း ဆွေးနွေးပွဲလည်း ဖြစ်ပါတယ်။

အမေရိကန်အစိုးရကတော့ တင်းမာမှုတွေ လျော့ကျစေရေး မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးမှုတွေနဲ့ သံတမန်ရေးအရ ဆထက်တပိုး တိုးလို့ ကြိုးစားနေတာဖြစ်ပါတယ်။

တရုတ်နဲ့ ဖိလစ်ပိုင် နှစ်နိုင်ငံရဲ့ တောင်တရုတ်ပင်လယ်ပြင် ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးနိုင်ငံတကာ ခုံသမာဓိရုံးက ဖိလစ်ပိုင်နိုင်ငံကို အနိုင်ပေးလိုက်တဲ့ပြီးနောက်မှာတော့ အာဆီယံအဖွဲ့ဝင် မြန်မာနိုင်ငံက တရုတ်နဲ့ ဖိလစ်ပိုင် နှစ်နိုင်ငံကြား ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းကြဖို့နဲ့ ဒေသတွင်း ဖြစ်လာနိုင်တဲ့အရေးတွေအပေါ် မြန်မာနိုင်ငံက စောင့်ကြည့်နေပါတယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

လာအိုနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲနဲ့ ဆက်စပ် ဆွေးနွေးပွဲတွေကို မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG