သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေး အမြန်ရအောင် ဝိုင်းကြိုးပမ်းကြဖို့ ဒေါ်စု တိုက်တွန်း


 ငြိမ်းချမ်းရေး အမြန်ရအောင် ဝိုင်းကြိုးပမ်းကြဖို့ ဒေါ်စု တိုက်တွန်း (Myanmar State Counsellor Office)
ငြိမ်းချမ်းရေး အမြန်ရအောင် ဝိုင်းကြိုးပမ်းကြဖို့ ဒေါ်စု တိုက်တွန်း (Myanmar State Counsellor Office)

အခုထိ ငြိမ်းချမ်းရေးမရသေးတဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့အတွက် တတ်နိုင်သမျှ အမြန်ဆုံး လုပ်ဆောင်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မနေ့ ဇန်နဝါရီလ (၁)ရက်နေ့က NRPC အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန ဖွင့်ပွဲ အခမ်းအနား မိန့်ခွန်းမှာ တိုက်တွန်းလိုက်ပါတယ်။

အခုလို ငြိမ်းချမ်းရေးလုပ်ဆောင်ရမှာ လက်ရှိအစိုးရအနေနဲ့ တပ်မတော်နဲ့ ဆက်ဆံရေးတခုတည်းကိုပဲ ဦးစားမပေးပဲ တိုင်းရင်းသားတွေဘက်ကိုပါ ကြည့်သင့်တယ်လို့ ဝေဖန်မှုတွေရှိနေပါတယ်။အေပီသတင်းတပုဒ်ကို အခြေခံပြီး အပြည့်အစုံကို မအင်ကြင်းနိုင်က ဆက်ပြီး ပြောပြမှာပါ။

၂၀၁၇ခုနှစ် ဇန်နဝါရီလ (၄)ရက်ဆိုရင် မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရခဲ့တာ ၆၉ နှစ်ရှိပြီဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်တွင်းမှာတော့ အခုထိ မငြိမ်းချမ်းနိုင်သေးပဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပဋိပက္ခတွေ ရှိနေတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးဖြစ်စဉ် တနေ့ အောင်မြင်မယ်လို့ အခိုင်အမာယုံကြည်ကြောင်း ပြောကြားခဲ့ပေမဲ့ အချိန်အတိုင်းအတာ ကြာရှည်သွားမယ့်အပေါ်မှာ အားမရဖြစ်မိကြောင်း ပြောကြားခဲ့ပါတယ်။

ပင်လုံ လို အားလုံးပါဝင်နိုင်ရေး ကြိုးပမ်းနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်လို့ အချိန်စောနေသေးတယ်၊ အချိန်ပေးဖို့ လိုအပ်တယ်လို့ တချို့တွေက ပြောနေကြပေမဲ့ သူ့အနေနဲ့တော့ အချိန်ဟာ နောက်ကျလွန်းနေပြီလို့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောသွားပါတယ်။

“ကျွန်မတို့ ငြိမ်းချမ်းရေးလိုအပ်ခဲ့တာ လွတ်လပ်ရေး ရကတည်းကပါ။ လွတ်လပ်ရေး ရကတည်းက ဆိုတော့ အနှစ် ၇၀ လောက်ရှိနေပါပြီ။ အဲဒီတော့ ကျွန်မတို့ဟာ နောက်နှစ်ဆိုရင် အနှစ် ၇၀ ပြည့်တော့ မယ်။ ဒီနှစ်ဆိုရင် ၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့ ဖြစ်ပါတယ်။ ၆၉၊ ၇၀ ဖြစ်တော့မယ် ကျွန်မ တို့ နိုင်ငံဟာ အခုချိန်အထိ မငြိမ်းချမ်းရေးလည်း မရသေးဘူး ဆိုတာက ဒါဟာ အချိန်တွေ လွန်လာပြီလို့ ကျွန်မတို့က ထင်ပါတယ်။

အချိန်တွေ လွန်လာလို့၊ ဒီနှစ်မှာလည်း ကျွန်မတို့ ငြိမ်းချမ်းရေးရဲ့ ပန်းတိုင်ကို တကယ့်ကို တည့်တည့်မတ်မတ် သွားနိုင်ပြီဆိုတဲ့ အခြေအနေတွေ ဖြစ်အောင်လို့ ဝိုင်းဝန်းပြီးတော့ ကြိုးစား စေချင်ပါတယ်။ ငြိမ်းချမ်းရေးပန်းတိုင်ကို ရောက်တော့မယ်၊ တည့်တည့်ဖြောင့်ဖြောင့် လမ်းပေါ် ကို ရောက်နေပြီဆိုရင် ကျွန်မတို့ အားလုံးဝိုင်းပြီး အမြန်ဆုံးဖြစ်အောင် ကြိုးစားရမယ်။ တည့် တည့်မတ်မတ် လမ်းပေါ်ရောက်ဖို့က အကြီးဆုံးစိန်ခေါ်မှုပဲ ဖြစ်ပါတယ်။”

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တပ်မတော်ကြား တိုက်ပွဲတွေ ပိုပြီး ပြင်းထန်လာတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ တက်လာပြီးနောက် ငြိမ်းချမ်းရေးရဖို့ မျှော်လင့်ချက်တွေ ပျက်ပြားခဲ့ရတယ်လို့ တိုင်းရင်းသားတွေဘက်က ပြောပါတယ်။ အထူးသဖြင့် အခုလို တပ်မတော်နဲ့ ဖြစ်နေတဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီး အစိုးရဘက်က ဘာတခုမှ ဆောင်ရွက်ပေးမှုမရှိဘူးလို့ KIA ကချင်လွတ်မြောက်ရေးတပ်မတော် တပ်မှူး ရောထောင်က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရတက်လာပြီး သူကိုယ်တိုင် နိုင်ငံတော်အတိုင်ပင် ခံပုဂ္ဂိုလ်ဖြစ်လာပြီးကတည်းက အခြေအနေတွေဟာ အရင်ကထက် ပိုပြီး ဆိုးလာတာပါ။ လူတိုင်းက ငြိမ်းချမ်းရေးအကြောင်း ပြောနေကြတယ်။ ပြောမှာပေါ့။ တိုင်းပြည်တည်ငြိမ်ပြီး ငြိမ်းချမ်းဖို့ လူတိုင်း လိုချင်တာကိုး။ဒါပေမဲ့လည်း ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ၂၁ရာစု ပင်လုံညီလာခံ ကျင်းပတဲ့ အချိန်ကစပြီး ကျနော်တို့ အပေါ် တိုက်ခိုက်မှုတွေဟာ ပိုပြီး ဆိုးလာပါတယ်။ ဒါကို အစိုးရဘက်က ဘာမှ လုပ်မပေးဘူး။”

တဖက်မှာလည်း အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်မှာ လက်ရှိ NLD အစိုးရက တပ်မတော်နဲ့ ဆက်ဆံရေးကိုပဲ ဦးစားပေးနေတယ်လို့ ဝေဖန်ထောက်ပြမှုတွေရှိနေတာပါ။ အခုလို ငြိမ်းချမ်းရေးတည်ဆောက်ရာမှာ လက်ရှိအစိုးရအနေနဲ့ တိုင်းရင်းသားတွေဘက်ကို ကြည့်ဖို့ လိုအပ်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်နေသူ ဒေါက်တာရန်မျိုးသိမ်းကပြောပါတယ်။

“မြန်မာ့ဒီမိုကရေစီရေးဖြစ်စဉ်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ အလွန်အရေးကြီးတယ်လို့ ကျနော် မြင်ပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်အတွက် အစိုးရအနေနဲပ တိုင်းရင်းသားလူနည်းစုတွေကိုရော သူတို့ရဲ့ လက်နက်ကိုင်အဖွဲ့တွေအတွက်ပါ ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ တပ်မတော်နဲ့ဆက်ဆံရေး တခုတည်းကိုပဲ ဦးစား မပေးသင့်ပါဘူး။”

ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ရင် အရေးကြီးဆုံးက ယုံကြည်မှုတည်ဆောက်ဖို့နဲ့ ဖြောင့်မတ် ပွင့်လင်းဖို့ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မြန်မာနိုင်ငံမှာ အခုချိန်ထိ ငြိမ်းချမ်းရေးမရနိုင်ခဲ့တဲ့ အကြောင်းရင်းကို ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့မိန့်ခွန်းမှာ ထောက်ပြသွားပါတယ်။

“လောဘနဲ့ ဒေါသကို အောင်နိုင် နိုင်မယ်ဆိုလို့ရှိရင် ကျွန်မတို့ နိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး မရှိစရာအကြောင်း ဘာမှမရှိပါဘူး။ အဓိက ဒီနှစ်ခုပါဘဲ။ လောဘ ကိုယ့်အတွက် ကိုယ်လိုချင်တဲ့ စိတ်၊ ဒေါသ ဟိုဘက်ကို မလိုလားတဲ့စိတ်၊ မုန်းတီးတဲ့စိတ်၊ ဟိုဘက်ကို ကျောချင်တဲ့စိတ် ဒီစိတ် နှစ်ခုကြောင့် ကျွန်မတို့ နိုင်ငံမှာ ငြိမ်းချမ်းရေး မရခဲ့တာ ဖြစ်ပါတယ်။ ဒီစိတ်နှစ်ခုသာ ပျောက်ကွယ် သွားမယ်ဆိုရင်၊ လုံးဝပျောက်ကွယ်သွားခြင်း မဟုတ်ဘဲ အများကြီးလျော့ကျ သွားမယ်ဆိုရင် ကျွန်မတို့ရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေဟာ အောင်မြင်မယ်ဆိုတာ ကျွန်မလုံး၀ ယုံကြည်ပါတယ်။”

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး အရှည်တည်တံစေရေးအထိမ်းအမှတ်နဲ့ သံလွင်ပင်ကို စိုက်ပျိုးပြီး နှစ်သစ်မှာ လုပ်ငန်းစဉ်တွေအောင်မြင်ဖို့ ၂၀၁၇ ဇန်နဝါရီလ ၁ ရက်နေ့မှာNRPC ငြိမ်းချမ်းရေး အဆောက်အအုံကို ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG