သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UNFC နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ၂၀၁၇ နှစ်ဆန်း ပြန်စနိုင်မည်


ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ၊ NCA လက်မှတ်မထိုးရသေးတဲ့ ခေါင်းဆောင်များတွေ့ဆုံစဉ် (ဇူလိုင်လ ၂၀၁၆)
ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ၊ NCA လက်မှတ်မထိုးရသေးတဲ့ ခေါင်းဆောင်များတွေ့ဆုံစဉ် (ဇူလိုင်လ ၂၀၁၆)

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ UNFC နဲ့ မြန်မာ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့ လာမယ့်နှစ်ဆန်းမှာ အလွတ်သဘော တွေ့ဆုံကြဖို့ ညှိနှိုင်းနေကြပါတယ်။ မြောက်ပိုင်း စစ်ရေး မဟာမိတ်တပ်ဖွဲ့တွေနဲ့ မြန်မာ့ တပ်မတော်ကြား တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာဘဲ UNFC ဘက်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ရှေ့တိုး ဆောင်ရွက်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားတဲ့ အနေနဲ့ လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ရှေ့အလာအလာတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ မြောက်ပိုင်း စစ်ရေး မဟာမိတ် တပ်ဖွဲ့တွေနဲ့ မြန်မာ့ တပ်မတော်တို့ကြားက တိုက်ပွဲကာလတွေ အတွင်းမှာဘဲ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် အဖွဲ့ UNFC ဘက်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး အလွတ်သဘော တွေ့ဆုံဖို့ မြန်မာ အစိုးရ ကိုယ်စားလှယ် အဖွဲ့ကို ကမ်းလှမ်းခဲ့တာပါ။ ဒီဇင်ဘာလ ၂၂ ရက်နေ့ ဆွေးနွေးကြဖို့ ကမ်းလှမ်းခဲ့ပေမယ့် လာမယ့် ဇန်နဝါရီ လဆန်းလောက်မှ ဖြစ်နိုင်မယ်လို့ အကြောင်းပြန်စာ ရထားတဲ့ အကြောင်း ရခိုင် အမျိုးသားကောင်စီရဲ့ အထွေထွေ အတွင်းရေးမှူ းလည်းဖြစ်၊ ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ UNFC ရဲ့ တွဲဘက် အတွင်းရေးမှူး အဖြစ်လည်း တာဝန်ယူထားတဲ့ ဦးထွန်းဇော်က ပြောပါတယ်။

“Holiday ကာလ Christmas ကာလမှာ အသုံးချပြီးတော့မှ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကြီးမှာ ပါဝင်ပတ်သက်နေသူတွေကို ကျနော်တို့ ဖိတ်ခေါ်ပြီးတော့မှ နှီးနှောတိုင်ပင်တာဖြစ်ပါတယ်။ ဒါလည်း ကျနော်တို့ လုပ်နေတဲ့ အစွမ်းကုန်ကြိုးပမ်းမှုထဲက နည်းနာ တခုဖြစ်ပါတယ်။ ဆိုရင် နောက်ထပ်စဉ်းစားနိုင်မယ့်အချက်တွေကလည်း ကျနော်တို့ ဒီကြားထဲမှာဆိုရင် အလွတ်သဘောဆိုပြီးတော့ ကျနော်တို့ နောက်ဆုံးအနေနဲ့ ဒီဇင်ဘာ ၂၂ရက်နေ့မှာ တွေ့နိုင်မလားဆိုပြီးတော့ စာရေးပြီးတော့မှ ကျနော်တို့ အဆိုပြုခဲ့တာရှိပါတယ်။ လွန်ခဲ့တဲ့ ၁၆ ရက်နေ့ကပေါ့လေ။ ၂၂ရက်နေ့မှာလည်း အဆင်မပြေဘူးဖြစ်တယ်။ Christmas လွန်ကာလမှာပဲ အဆင်ပြေနိုင်မယ်ဆိုပြီးတော့ တုံ့ပြန်ပြီးတော့မှ January လ ပထမပတ်မှာ ဖြစ်နိုင်မလားဆိုပြီးတော့ ပြန်စာရေးပါတယ်။ ဆိုတော့ ကျနော်တို့ဘက်ကလည်း January လ ပထမပတ်မှာပြန်ပြီးတော့ ချိန်နေရတဲ့ သဘောရှိပါတယ်။ ဆိုတော့ ဒီကြားထဲမှာတော့ အစွမ်းကုန်ကြိုးပမ်းမှုတွေတော့လုပ်တယ်။ ပြန်ပြီးတော့ ဖောက်ထွက်စဉ်းစားနိုင်တဲ့ အခြေအနေတွေကလည်း အကုန်လုံးနီးပါးတော့ ကျနော်တို့ ကြိုးပမ်းထားပြီးသားဖြစ်ပါတယ်။ ဒီထက်အပြင် နည်းနာတွေတော့ ကျနော်တို့ မတွေ့သေးဘူးလေနော်။”

UNFC ဘက်ကတော့ တနိုင်ငံလုံး အပစ်ရပ်ရေး သဘောတူ စာချုပ် NCA မှာ လက်မှတ်ထိုးနိုင်ဖို့ အတွက် အချက် ၉ ချက်ပါ ကမ်းလှမ်းချက်ကို ဆွေးနွေးလိုနေတာ ဖြစ်ပါတယ်။ တပ်မတော်ဘက်ကတော့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ အတွက် သဘောထား ပျော့ပျောင်းလာတာ မတွေ့သေးဘူးလို့လည်း ဦးထွန်းဇော်က သုံးသပ်ပါတယ်။

“ဒီအချက် ၉ ချက်ပါတဲ့ အဆိုပြုမှုကို ကျနော်တို့ အစိုးရဘက်ကိုပေးထားပြီးဖြစ်တယ်။ အဲဒီအတိုင်းကျနော်တို့ ဆက်ညှိဖို့ရှိတယ်ပေါ့နော်။ ဒီအချက် ၉ ချက်ကတော့ NCA လက်မှတ်ရေးထိုးနိုင်ဖို့အတွက်တင်ပြထားတဲ့တင်ပြချက်တွေဖြစ်တယ်။ ဒါကို ဆက်ညှိနေတယ်၊ ညှိတုန်းပါပဲ။ အဲဒါကို အစိုးရကနေပြီးတော့ မြေပြင်သွားပြီးတော့ တိုက်နေတယ်၊ ဒီဟာတွေက ဆွေးနွေးပွဲပေါ်မှာ လာရိုက်ခက်နေတယ်ပေါ့လေ။ ဒါကြောင့်မို့လို့ လက်မှတ်ထိုးရေးမထိုးရေးက ကျနော်တို့က ထိုးဖို့အတွက် သဘောထားရှိပြီးဖြစ်တယ်။ ဒါပေမယ့် တပ်မတော်ဘက်က အားလုံးပါဝင်မှုကို လက်မခံဘူး၊ နောက်ပြီးတော့ ကျနော်တို့ အဆိုပြုမှု ၉ ချက်ပေါ်မှာလည်း အကျေအလည်ဆွေးနွေးနိုင်တဲ့အနေအထား မရှိသေးဘူးပေါ့လေ။ ကျနော်တို့မြင်တာကတော့ အစိုးရဘက်ကတော့ ပြောင်းလဲမှုမရှိသေးဘူး။ တပ်မတော်ဘက်က ပြောင်းလဲမှုမရှိသေးတော့ အစိုးရဘက်ကလည်း ပြောင်းလဲမှုမရှိသေးသလိုမျိုးဖြစ်နေပါတယ်။ ဆိုတော့ အစိုးရက တပ်မတော်ကို ထိန်းချုပ်နိုင်စွမ်းမရှိတဲ့ လက္ခဏာပေါ့နော်။ အဲဒါကြောင့် အစိုးရက တပ်မတော်က ဘာမှမလုပ်ရင် သူတို့လည်း လုပ်လို့မရဘူးပေါ့နော် ကျနော်တို့ အဆိုပြုထားတဲ့ ဒီ ၉ ချက်ပေါ့နော်အဲဒါတွေကို အလွတ်သဘောတိုင်ပင်ညှိနှိုင်းဖို့လည်းလိုတယ်။ ဆွေးနွေးမှုတွေလည်း လုပ်ရအောင်ဆိုတဲ့ သဘောတူညီချက်တွေလုပ်ထားပေမယ့် သူတို့ အခုထက်ထိ ကျနော်တို့နဲ့ လာရောက်ဆွေးနွေးနိုင်ခြင်းမရှိသေးဘူးပေါ့လေ။ ပြီးခဲ့တဲ့ နောက်ဆုံးဆွေးနွေးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့ နောက်ဆုံးဆွေးနွေးမှု သဘောတူညီချက်မှာလည်း ရှိပါတယ်။ အလွတ်သဘောနောက်တကြိမ်တွေ့မယ်၊ ပြီးရင် တရားဝင်တွေ့မယ်ဆိုပြီးတော့ ကျနော်တို့ကလည်း အဆိုပြု ပါတယ် ဒီလထဲမှာ ပထမပတ်မှာ အလွတ်သဘော ချင်းမိုင်မှာတွေ့မယ်၊ နောက်တရားဝင်ကို ရန်ကုန်မှာ ဒုတိယပတ်လောက်မှာတွေ့မယ်၊ ဆိုပြီး ညှိရင်းနဲ့ အချိန်တွေက အဆင်မပြေကြဘူး ဖြစ်နေပါတယ်။”

ရှမ်းပြည်နယ်တွင်း မြောက်ပိုင်း စစ်ရေး မဟာမိတ်တွေ အဖြစ် ကချင် လက်နက်ကိုင် တပ်ဖွဲ့ KIA၊ ရခိုင် လက်နက်ကိုင် တပ်ဖွဲ့ AA၊ တအာင်း ပလောင်တပ်ဖွဲ့ TNLAနဲ့ ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်မှု ၊ နောက် တပ်မတော်ဘက်က ကချင်လက်နက်ကိုင် KIA ရဲ့ စခန်းတချို့ကို လတ်တလော တိုက်ပွဲတွေမှာ သိမ်းယူထားတာ အပါအဝင် တိုက်ပွဲ အရှိန်ရှိနေချိန်မှာ တိုင်းရင်းသား လက်နက်ကိုင်တွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီဘက်ကလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရှေ့အလားအလာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ သုံးရက်ကြာ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။ နယ်ပယ် ပေါင်းစုံက အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ UNFC တို့ တွေ့ဆုံပြီး တိုင်းရင်းသား လက်နက်ကိုင်တွေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ကြုံတွေ့နေရတဲ့ ပကတိ အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။ UNFC မှာတော့ လက်ရှိ တပ်မတော်နဲ့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်နေတဲ့ ကချင်လက်နက်ကိုင် တပ်ဖွဲ့ KIA က ဦးဆောင် ပါဝင်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG