သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေမြုပ်မိုင်းရှင်းလင်းရေးနဲ့ နယ်မြေသတ်မှတ်ရေး JMC ဆွေးနွေး


ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC အစည်းအဝေး (MOI)
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC အစည်းအဝေး (MOI)

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC ရဲ့ ၂ရက်ကြာအစည်းအဝေးဟာ ဒီကနေ့ ပြီးဆုံးသွားခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှု တနှစ်တာကာလအတွင်း အဓိက ကြုံတွေ့နေရတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှု တွေကို ဘယ်လို ဖြေရှင်းမလဲဆိုတာကို အဓိက ဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးချက်တွေမှာ အပြန်အလှန်ဆက်သွယ်ဆောင်ရွက်မှု၊ တိုင်ကြားမှုတွေအပေါ် ကိုင်တွယ်ဖြေရှင်းမှု၊ မြေမြုပ်မိုင်းရှင်းလင်းရေး၊ နယ်မြေသတ်မှတ်ရေး စတဲ့အချက်တွေ ပါဝင်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းအစီအစဉ်ရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှာ ဒီလ ၂၁ရက်နဲ့ ၂၂ရက်တွေမှာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC ရဲ့ ပြည်ထောင်စုအဆင့်နဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးအဆင့်တွေ ပူးပေါင်းပြီး ပထမဆုံးအကြိမ် ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ဒီ ၂ရက်ကြာဆွေးနွေးပွဲမှာ JMC ကော်မတီအဆင့်ဆင့်ရဲ့ လုပ်ငန်းဆောင်ရွက်ဆိုင်ရာ အားသာချက်၊ အားနည်းချက်၊ အခက်အခဲနဲ့ စိန်ခေါ်မှုတွေကို အသီးသီးတင်ပြခဲ့ကြပြီး စိန်ခေါ်မှုအနေနဲ့ အချက် ၁၅ချက်လောက်ရှိကြောင်း ဆွေးနွေးခဲ့ပါတယ်။

အဓိကကျတဲ့ စိန်ခေါ်မှုတွေကိုတော့ JMC ပြည်ထောင်စုအဆင့် ကော်မတီရဲ့ အတွင်းရေးမှုး၁ ဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦးက ဒေါက်တာရွှေခါးက အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောပါတယ်။

“ပထမကတော့ JMC(U) နဲ့JMC(S) အကြားထဲမှာ ကျနော်တို့တွေ ဘယ်လိုပူးပေါင်းမူတွေလုပ်ကြမလဲ communication အဲဒါကို ဆွေးနွေးပါတယ်။ နောက်တခုကတော့ complain letter ပေါ့နော် တဘက်ဘက်ကနေ တိုင်ကြားမှုတွေလုပ်ရင် သက်ဆိုင်ရာကို တိုင်ကြားခံရတဲ့ အဖွဲ့အစည်းဘက်ကနေ ဘယ်လို တုန့်ပြန်ရမယ်ဆိုတာတွေ။ ပြီးတော့ JMC(S)မှာကျနော်တို့ ရုံးဝန်ထမ်း ကိစ္စတွေ နောက်ပြီတော့ De-mining ကိစ္စ Demarcation ကိစ္စတွေ စသဖြင့် ပါဝင်ပါတယ်။”

De-mining ခေါ် မြေမြုပ်မိုင်းရှင်းလင်းရေးနဲ့ပတ်သက်ပြီး စီမံချက်ရေးဆွဲဖို့၊ ဘဏ္ဍာရေးအခြေအနေအရ နှစ်ဖက်အဖွဲ့တွေ ညှိနှိုင်းဆောင်ရွက်ဖို့ စတင်ဆောင်ရွက်မယ်ဆိုရင် JMC(S) ခေါ် ပြည်နယ်အဆင့်မှာ စီမံချက်ရေးဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြောင်း JMC ပြည်ထောင်စုအဆင့် ကော်မတီရဲ့ အတွင်းရေးမှုး၂ ဖြစ်တဲ့ ဗိုလ်မှုးကြီး ဝဏ္ဏအောင်က ပြောပါတယ်။

“မိုင်းရှင်းလင်းတဲ့အခါမှာ ပြည်သူလူထု အများဆုံးအသုံးပြုတဲ့ လမ်းတွေ နေရာတွေပေါ့နော် ဒါတွေကို အဓိကထားပြီးတော့ စဉ်းစားသွားဖို့၊ ပြည်သူလူထု အများဆုံးအသုံးပြုတဲ့ အရပ်ဒေသတွေ ဒါတွေကို အမြန်ဆုံးဆောင်ရွက်သွားဖို့၊ ဒီနေ့တော့ အကုန်လုံးညှိနှိုင်းကြပါတယ်။ ဒီအပေါ်မှာလည်း သူတို့ သက်ဆိုင်ရာ JMC(S) အလိုက် စီမံချက်တွေ ပြန်လည်ညှိနှိုင်းပြီးတော့ ရေးဆွဲပါမယ်။ နောက် De-mining နဲ့ ပတ်သက်ပြီးတော့ စတင်ဆောင်ရွက်လို့ ရပြီဆိုတာနဲ့ အမြန်ဆုံးစတင်ဆောင်ရွက်နိုင်ဖို့အတွက် ဒီနေ့တော့ ညှိနှိုင်းကြပါတယ်။”

Demarcation ခေါ် နယ်မြေသတ်မှတ်ရေးအတွက်ကိုတော့ JMC(U) ခေါ် ပြည်ထောင်စုအဆင့်က မူဝါဒချမှတ်ပြီး JMC(S) ခေါ် ပြည်နယ်အဆင့် ပူးတွဲစောင့်ကြည့်ရေးကော်မတီမှာ ညှိနှိုင်း တင်ပြဖို့ ဆွေးနွေးခဲ့ကြပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA ကို ပါဝင်လက်မှတ်မရေးထိုးသေးတဲ့ UNFC ခေါ် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီက အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီကို နိုင်ငံတကာအစိုးရကိုယ်စားလှယ်တွေ ပါဝင်ဖို့ အဆိုပြုထားတာ ရှိပါတယ်။

နိုင်ငံတကာကိုယ်စားလှယ်တွေပါဝင်ရေးနဲ့ပတ်သက်ပြီး ဗိုလ်မှုးကြီး ဝဏ္ဏအောင်က သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုထားပါတယ်။

“ကျနော်တို့ ဒီပူးတွဲစောင့်ကြည့်တာကတော့ ကျနော်တို့ တိုင်းပြည်အနေအထားနဲ့ တိုင်းရင်းသားတွေအနေအထားကတော့ ကျနော်တို့က ကိုယ့်အိမ်တွင်းပြဿနာ ကိုယ့်ဟာကိုယ် ရှင်းရမယ်ဆိုတဲ့ အခြေခံစဉ်းစားချက်နဲ့ JMC စတည်ထောင်ကတည်းက လုပ်ခဲ့တာဖြစ်တဲ့အတွက် ကိုယ့်အိမ်တွင်းပြဿနာတိုင်းရင်းသား ညီအကိုအချင်းချင်းပဲ ဖြေရှင်းမှာဖြစ်တဲ့အတွက် ကျနော်တို့က စောင့်ကြည့်ရေးမှာတော့ အပြင်ဘက်က ခုနပြောတဲ့ နိုင်ငံခြားသားခေါ်တာမရှိပဲနဲ့ ကျနော်တို့ တမူထူးပြီးတော့ အရပ်သားကိုယ်စားလှယ်ဆိုပြီးထည့်သွင်းထားတာဖြစ်ပါတယ်။ ဒါမှလည်း ဒီအရပ်သားကိုယ်စားလှယ်အနေနဲ့ ဒီတပ် ၂ ဖွဲ့အကြားမှာ အလယ်ကနေပြီးတော့ ထိန်းညှိပေးနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပဲ သွားဖို့ရှိပါတယ်။ နိုင်ငံခြားက စောင့်ကြည့်သူတွေ JMC မှာထည့်သွင်းဖို့ အစအခြေခံမှာ မစဉ်းစားခဲ့တဲ့အတွက် ထည့်သွင်းမှာမဟုတ်ဘူးဆိုတာ ပြောလို့ပါတယ်။”

လက်ရှိပြီးဆုံးသွားတဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC ရဲ့ ၂ရက်ကြာအစည်းအဝေးကို JMC ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့် က တပ်မတော်သားကိုယ်စားလှယ်၊ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်နဲ့ အရပ်သားကိုယ်စားလှယ်တွေ ပါဝင်တက်ရောက်ခဲ့ပါတယ်။ လောလောဆည်မှာတော့ တနင်္သာရီ၊ ပဲခူးတိုင်းဒေသကြီး ၊ ကရင်၊ မွန်နဲ့ ရှမ်းပြည်နယ်တွေမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့် JMC ကော်မတီ ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လောလောဆည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၂ဖွဲ့လောက်ရှိနေပြီး အဖွဲ့၈ဖွဲ့ကသာ NCA ခေါ် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG