သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းတွင်းမြစ်စက်လှေတိမ်းမှောက်မှု သေဆုံးသူ ၅၀ အထိတိုးလာ


မိချောင်းတွင်းကျေးရွာနား နစ်မြုပ်သွားသည့် ရေယာဉ် မှ ပျောက်ဆုံးသူများကို ရှာဖွေနေ
မိချောင်းတွင်းကျေးရွာနား နစ်မြုပ်သွားသည့် ရေယာဉ် မှ ပျောက်ဆုံးသူများကို ရှာဖွေနေ

စစ်ကိုင်းတိုင်း ချင်းတွင်းမြစ်အတွင်း စက်လှေတိမ်းမှောက်မှုမှာ သေဆုံးသူတွေရဲ့ အလောင်းတွေကို ရှာဖွေကယ်ဆယ်ရေး လုပ်သားတွေ ထပ်မံတွေ့ရှိခဲ့ရပြီး၊ နစ်မြုပ်သွားတဲ့ စက်လှေအတွင်းက နောက်ထပ် သေဆုံးသူတချို့ ရှာဖွေတွေ့ရှိခဲ့တဲ့အတွက် အတည်ပြုနိုင်တဲ့ သေဆုံးသူ အရေအတွက်ဟာ ၅၀ လောက်အထိ ရှိလာနေပါပြီ။ တချိန်တည်းမှာပဲ စက်လှေတိမ်းမှောက်မှုနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေကိုတော့ အာဏာပိုင်တွေက ဖမ်းဆီးအရေးယူဖို့လည်း ကြိုးပမ်းနေကြတာပါ။ စက်လှေတိမ်းမှောက်မှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ထက်အောင်ခန့်က တင်ပြပေးမှာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့ကနေ မုံရွာမြို့ကိုထွက်ခွာလာရင်း စနေနေ့တုန်းက ချင်းတွင်းမြစ်အတွင်း တိမ်းမှောက်ခဲ့တဲ့ စက်လှေပေါ် လိုက်ပါသွားသူတွေထဲက ပျောက်ဆုံးနေသူတွေရဲ့ အလောင်းတချို့ကို ကယ်ဆယ်ရေးတွေ ထပ်မံရှာဖွေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ တိမ်းမှောက်သွားတဲ့ အောင်စိုးမိုးကျော် စက်လှေကို ပြန်လည်ဆယ်ယူဖို့ ကြိုးပမ်းရာမှာ နောက်ထပ် အလောင်းတချို့ ထပ်မံတွေ့ရှိနေရတဲ့အတွက် အတည်ပြုနိုင်တဲ့ သေဆုံးသူအရေအတွက် ပိုများလာမယ်လို့ မျှော်လင့်ရတဲ့အကြောင်း အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ စက်လှေနစ်မြုပ်ရာဒေသဖြစ်တဲ့ ကနီမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းနိုင် က ပြောပါတယ်။

“သေဆုံးကတော့ ကျနော်တို့ စစ်ကိုင်းတိုင်းဘက်မှာတော့ ၄၅ လို့ပြောတယ်။ ဟိုဘက်မှာတော့ ၅ လောင်းလို့ ကြားတယ်။ အဲဒါပေါင်းလိုက်ရင်တော့ ၅၀ လောက်ဖြစ်မှာပေါ့။ တိုးလာနိုင်တယ်ဗျ ဘာဖြစ်လို့လဲဆိုတော့ Upper ခန်းထဲမှာ ပိတ်မိနေတာတွေရှိနိုင်မယ် အဲဒါတွေ အကုန်ဖော်ပြီးမှပဲ တွေ့နိုင်မယ်။”

စနေနေ့က စက်လှေမှောက်တဲ့နေ့မှာပဲ စက်လှေဝန်ထမ်း ၄ ဦး အပါအဝင် လူပေါင်း ၁၅၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့ပေမဲ့ အများအပြားက ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ တိမ်းမှောက်ချိန်မှာ စက်လှေပေါ် လိုက်ပါလာတဲ့ ခရီးသည်အရေအတွက်ဟာ သတ်မှတ်ထားတာထက် ပိုများနေတာဟာ တိမ်းမှောက်ရတဲ့ အကြောင်းရင်း ဖြစ်နိုင်တယ်လို့လည်း ယူဆထားကြပြီး၊ ပေါ့ဆမှု၊ မဆင်မခြင် မောင်းနှင်မှုတွေနဲ့ အရေးယူဖို့ စီစဉ်နေတယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။ စစ်ကိုင်းတိုင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ညွန်ကြားရေးမှူး ဦးစဝီလီဖရန်ကတော့ အခုအခါ စက်လှေဝန်ထမ်း ၄ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး၊ စက်လှေပိုင်ရှင်နဲ့ မောင်းသူတို့ကတော့ ထွက်ပြေးတိမ်းရှောင်နေကြဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

“သင်္ဘောမောင်းတဲ့သူတွေ သဘောၤပိုင်ရှင်တွေကိုတော့ မမိသေးဘူးပေါ့။ ကျန်တဲ့ သင်္ဘောက ရေလုပ်သား ၄ ယောက်ကတော့ ကျနော်တို့ ထိန်းသိမ်းထားပါတယ်။ ရေယာဉ်ကတော့ အခုလောလောဆယ် ၃ ပုံ ၁ ပုံလောက်တော့ ဖင်ပိုင်းကတော့ ပေါ်နေပြီပေါ့နော် ခေါင်းပိုင်းကတော့ ရေထဲမှာ စိုက်ကျနေတယ်။”

အောက်တိုဘာလ ၁၅ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် မိချောင်းတွင်းရွာအနီးမှာ တိမ်းမှောက်ခဲ့တဲ့ စက်လှေက ပျောက်ဆုံးနေသူတွေကိုတော့ ကယ်ဆယ်ရေးတွေ ဆက်လက်ရှာဖွေနေကြဆဲဖြစ်သလို၊ သင်္ဘောကို ဆယ်ယူနိုင်ဖို့လည်း ကြိုးစားနေကြပါတယ်။ ဒီကနေ့မှာပဲ သင်္ဘောနစ်မြုပ်မှုအတွင်း သေဆုံးသူတွေအတွက် ရည်ရွယ်ပြီး ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအရ အမျှအတန်းပေးဝေမှုတွေ၊ အန္တရာယ်ကင်း ပရိတ်ရွတ်ဆိုတာတွေကိုလည်း လုပ်ဆောင်ခဲ့ကြပါတယ်။

နစ်မြုပ်နေတဲ့စက်လှေကိုတော့ ဒီကနေ့မှာ ဆယ်ယူရရှိပြီဖြစ်ပါတယ်။ ဒါပေမယ့် စက်လှေထဲမှာ ကျန်ရှိနေတဲ့ ရုပ်အလောင်းအရေအတွက်ကိုတော့ တိတိကျကျမသိရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG