သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“မိုရာ” မုန်တိုင်းကြောင့် ရခိုင်ကမ်းရိုးတန်းဒေသတချို့ ပျက်ဆီးဆုံးရှုံးမှုနဲ့ ရင်ဆိုင်ရ


မြောက်ဦးမြို့က အပျက်အစီးတချို့( MOI )
မြောက်ဦးမြို့က အပျက်အစီးတချို့( MOI )

ရခိုင်ကမ်းရိုးတန်းဒေသအနီးကနေ ရွေ့လျားတိုက်ခတ်ခဲ့တဲ့ “မိုရာ” ဆိုင်ကလုန်း မုန်တိုင်းအရှိန်ကြောင့် စစ်တွေ၊ မောင်တော အပါအဝင် ရခိုင်ပြည်နယ်တွင်းက ဒေသတချို့မှာ ပျက်စီးဆုံးရှုံး မှုတွေ ရှိခဲ့တယ် လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ မုန်တိုင်းကြောင့် လူထိခိုက် သေဆုံးမှု မရှိသေး ပေမယ့် စစ်တွေမြို့အနီးတဝိုက်မှာတော့ အပျက်အစီးများတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ အသေး စိတ်ကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမြင့်မြင့်ခိုင် ပြောပြပေးပါမယ်။

ရခိုင် ကမ်းရိုးတန်း ဒေသအနီးကနေ ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ် ကမ်းခြေကို ဗဟိုပြု ဝင်ရောက်ခဲ့တဲ့ မိုရာ ဆိုင်ကလုန်း မုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ်ထဲက ဒေသတချို့မှာ အပျက်အစီးတွေရှိခဲ့ပြီး ဆုံးရှုံးမှု ပမာဏ အတိအကျကိုတော့ လောလောဆယ်မှာ မသိရသေးဘူးလို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်း ရေးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။

“စာရင်းကတော့ ကျနော်တို့ မချုပ်ရသေးဘူးခင်ဗျ စာရင်းတော့ကျနော်တို့လုပ်နေပါတယ်။ အဆောက်အဦးတွေအမိုးလန်တာပေါ့ ၊ လမ်းတွေအပေါ်သစ်ပင်တွေ သစ်ကိုင်းတွေကျတယ် ဒီဟာကတော့ အခြေအနေတွေပေါ့ ။ နောက်တခုကတော့ တဲတွေပေါ့ ၊ တဲတော်တော်များများကတော့ ပျက်စီးတာပေါ့နော်။ တဲတော်တော်များများက လေတိုက်တဲ့အခါကျတော့ အမိုးလန်ပြီးတော့ ပျက်စီးကုန်တယ်။ နောက်တခုကတော့ ဒုက္ခသည်စခန်းတွေပေါ့နော် တဲတွေပြိုကျတယ်၊ တဲတွေပျက်စီးတယ်။”

“မိုရာ”ဆိုင်ကလုန်းမုန်တိုင်းဟာ ဒီကနေ့မနက်ပိုင်းမှာ လေတိုက်နှုန်း တနာရီ ၇၃မိုင်နှုန်းနဲ့ စစ်တကောင်း နဲ့ ကော့ဘဇားမြို့ကြား ကိုဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်ကမ်းခြေကို ဦးတည် ဝင်ရောက်ခဲ့တာပါ။

ဆိုင်ကလုန်း မုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်နယ်ထဲက စစ်တွေ၊ မောင်တော၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းစတဲ့ မြို့နယ်တွေက ပျက်စီး ဆုံးရှုံးမှုတွေရှိခဲ့ပြီး ဒုက္ခသည်စခန်းတွေမှာရှိတဲ့ တဲအိမ်တွေလည်း ပြိုကျ ပျက်စီးခဲ့ပါတယ်။

မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှု တချို့ရှိပေမယ့်လည်း ရေကြီးတာတွေ၊ လူထိခိုက် သေဆုံးတာတွေ အထိ ဆိုးဆိုးရွားရွား မဖြစ်ခဲ့ဘူးလို့ ဦးတင်မောင်ဆွေက ဆိုပါတယ်။

“ ကျနော်တို့ရခိုင်ပြည်နယ်မှာက မနှစ်တုန်းကလည်း မုန်တိုင်းတွေဖြစ်ခဲ့တယ်လေ။ ၂၀၁၅ တုန်းကလည်း မုန်တိုင်းတွေဖြစ်ခဲ့တယ်။ အဲဒီတုန်းကတော့ နည်းနည်းတော့ ဆိုးတာပေါ့နော် ရေကြီးတာတို့ ဆိုတော့ ထိခိုက်မှုတွေ ၊ အသေအပျောက်တွေလည်းရှိတယ်။ လမ်းတွေဘာတွေလည်း ပိတ်တာပေါ့။ အခုဟာကတော့ မုန်တိုင်းတော့ဖြတ်တယ် ဒါပေမယ့် အဲလောက်အထိတော့ မဖြစ်ဘူးပေါ့။ ယခင်မုန်တိုင်းအတွေ့အကြုံတွေကျနော်တို့ဆီမှာ ပျက်တာတွေတော့မရှိဘူး။ ဒါပေမယ့် လေတိုက်တဲ့အတွက် အိမ်တွေအမိုးလန်တယ်၊ ဘုန်းကြီးကျောင်းတွေ တွေအမိုးလန်တယ်၊ ကျောင်းတွေအမိုးလန်တယ် ဒီဟာတွေရှိပါတယ်။ ဒါတွေလည်း ကျနော်တို့အစီအစဉ်နဲ့ မူလအခြေအနေရောက်အောင်ပြန်လုပ်သွားမှာပါ။”

စစ်တွေမြို့ အနီးတဝိုက်မှာတော့ အပျက်အစီး နည်းနည်းများတယ်လို့ စစ်တွေ ဒေသခံ ဦးသန်းထွန်းက ဆိုပါတယ်။

“ကျနော့်အသက်အရွယ်အရ ၁၉၆၈ မှာတိုက်ခဲ့တဲ့ ရခိုင်မုန်တိုင်းကြီးရဲ့နောက်ပိုင်းမှာ စစ်တွေမြို့အတွက် ဒီဟာက ပျက်စီးဆုံးရှုံးအများဆုံးပဲလို့ ပြောလို့ရမှာပေါ့နော်။”

လက်ရှိမှာတော့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုကိုယ်တိုင် မုန်တိုင်းအရှိန်ကြောင့် အပျက်အစီးများတဲ့ နေရာတွေကို သွားရောက် စစ်ဆေးနေပြီး မူလအခြေအနေရောက်အောင် အစိုးရအစီအမံနဲ့ ဆောင် ရွက်သွားမယ်လို့ ရခိုင်ပြည်နယ်အစိုးရဘက်က ပြောပါတယ်။

ဆိုင်းကလုန်း မုန်တိုင်းအရှိန်ကြောင့် တိုင်းနဲ့ ပြည်နယ်အများစုမှာ မိုးကြီးနိုင်ခြေရှိနေသေးပြီး မြန်မာ့ ကမ်းရိုးတမ်း တ လျှောက်နဲ့ ကမ်းလွန်ပင်လယ် ပြင်တွေမှာ မိုးသက်လေပြင်း ကျရောက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလ ဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။

မုန်တိုင်းဒဏ်သင့် ဘင်္ဂလားဒေ့ရှိနိုင်ငံထဲက လူသန်းချီကိုတော့ အာဏာပိုင်တွေက ဘေးလွတ်ရာ စခန်း တွေဆီ ရွေ့ပြောင်းပေးထားပါတယ်။ မိုရာ မုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာတော့ အနည်းဆုံး လူငါးဦး သေဆုံးခဲ့ပြီး အိမ်ခြေ ရာနဲ့ချီ ထိခိုက်ပျက်စီးခဲ့သလို ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းက ရိုဟင်ဂျာ ဒုက္ခ သည် စခန်းတွေမှာလဲ ပျက်စီးမှုတွေရှိခဲ့တယ်လို့ နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG