သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုရာ မုန်တိုင်း သတိပေးချက် လိမ္မော်ရောင်အဆင့် မြန်မာသတ်မှတ်


မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်ခဲ့ပြီး မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနေတဲ့ အားကောင်းတဲ့ Mora ဆိုင်ကလုန်းမုန်တိုင်းဟာ မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းအနီးကနေ ရွေ့လျားတိုက်ခတ်မယ့် အခြေအနေရှိတာကြောင့် မိုးလေဝသနဲ့ ဇလဗေဒဌာနက လိမ္မော်ရောင်အဆင့် သတ်မှတ်ထားပါတယ်။

အားကောင်းတဲ့ Mora ဆိုင်ကလုန်းမုန်တိုင်းဟာ တနင်္လာနေ့ညကနေ နောက် ၁၅ နာရီအတွင်း ဘင်္ဂလားဒေရှ့်နိုင်ငံကမ်း‌ခြေဒေသကို စစ်တကောင်းမြို့အနီးကနေ ဖြတ်ကျော်ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ မုန်တိုင်ဖြတ်စဉ်အတွင်း မောင်တောခရိုင်နှင့် စစ်တွေခရိုင်ဒေသတွေမှာ အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီကို မိုင်(၄၀) ကနေ (၄၅) မိုင်အထိ တိုက်ခတ်နိုင်တယ်လို့ မိုးဇလက ခန်းမှန်းထားပါတယ်။

ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်း မောင်တောခရိုင်ကမ်းခြေဒေသတို့မှာ မုန်တိုင်းဒီရေ (၃) ပေကနေ (၅) ပေလောက်ဖြစ်နိုင်သလို စစ်တွေခရိုင် ကမ်းခြေဒေသတွေမှာ ဒီရေ (၂) ပေကနေ (၄) ပေလောက်အထိ မြင့်တက်လာနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

Mora ဆိုင်ကလုန်းမုန်တိုင်း အရှိန်ကြောင့် နောက်(၄၈)နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာအနှံ့ အပြား၊ တခါ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်တယ်လို့ တင်္လာနေ့ညက မိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကုန်းမြင့်ဒေသအနီး နေထိုင် ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်ကြသူများအနေနဲ့ ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်တယ်လို့လည်း ကြိုတင်သတိပေးထားပါတယ်။ ပြည်တွင်းလေကြောင်း ပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့်ကမ်းလွန်ပင်လယ်ပြင်ထဲမှာ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေအနေနဲ့လည်း ကြိုတင်သတိပြု ရှောင်ရှားဖို့ မိုးလေဝသဌာနက အကြံပြုထားပါတယ်။

XS
SM
MD
LG