သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးဝီရသူကို ပိတ်ပင်မှုအပေါ် အမေရိကန်ရောက် သံဃာတချို့ အမြင်ကွဲ


မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူ ( ဇွန် ၂၇၊ ၂၀၁၃)
မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူ ( ဇွန် ၂၇၊ ၂၀၁၃)

ဘာသာတခုနဲ့ တခုအကြား အမုန်းတရားကြီးထွားစေတဲ့ ဟောပြော လှုံ့ဆော်မှုတွေ ပြုလုပ်နေတဲ့ အတွက်ဆိုပြီး နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့က မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူကို မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ တရားဟောခွင့် တနှစ်ပိတ်ပင်လိုက်တဲ့အပေါ် အမေရိကန်ပြည်ထောင်စုမှာ ရှိနေတဲ့ ဆရာတော်တွေ အကြားမှာလည်း အမြင်သဘောထားတွေ အမျိုးမျိုး ကွဲပြားနေပါတယ်။

Wisconsin ဆရာတော်ကတော့ ဒါဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ ယူဆပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများသဂ္ဂရဲ့ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သူ ဆရာတော်ကတော့ ရဟန်းတပါးထဲကို အခုလို ပစ်မှတ်ထား မလုပ်ဆောင်သင့်ဘူးလို့ မိန့်ကြားပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

မတ်လ (၉) ရက်နေ့မှာ ကျင်းပတဲ့ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ အထူးစည်းဝေးပွဲကနေ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ် နာယကအဖွဲ့ဝင် ဆရာတော် ဦးဝိစိတ္တာဘိဝံသခေါ် ဦးဝီရသူကို တရားဟောခွင့် တနှစ် ပိတ်ပင်ဖို့ ဆုံးဖြတ်လိုက်ကြောင်း မတ်လ (၁၁) ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဦးဝီရသူအနေနဲ့ ဘာသာတရား တခုနဲ့တခုအကြား အမုန်းတရားပွားပြီး ဘာသာရေး အဓိကရုဏ်းဖြစ်စေနိုင်တဲ့ ဟောပြောမှုတွေ၊ အမုန်းတရား ကြီးထွားအောင် လှုံဆော်ဟောပြောမှုတွေ၊ တရားဥပဒေစိုးမိုးမှုကို အဟန့်အတားဖြစ်စေတဲ့ ဟောပြောမှုတွေ နဲ့ နိုင်ငံရေးပါတီများအကြား ဘက်လိုက် ဝေဖန် ဟောပြောမှုတွေကို ဒေသအနံှ့အပြားမှာ ကြိမ်ဖြန်များစွာ ပြုလုပ်နေတဲ့အတွက် အခုလို တရားဟောခွင့် ပိတ်ပင်လိုက်တာ ဖြစ်တဲ့ အကြောင်း တိုင်းဒေသကြီး၊ ပြည်နယ် သံဃာ့နာယကအဖွဲ့များအားလုံး (ဂိုဏ်းစုံ) ကို နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့က အကြောင်းကြားစာ ပေးပို့ လိုက်တာ ဖြစ်ပါတယ်။

သံဃာ့မဟာနာယကအဖွဲ့ရဲ့ ဒီဆုံးဖြတ်ချက်ဟာ မှန်ကန်တယ်လို့ ယူဆကြောင်း အမေရိကန်ပြည်ထောင်စု၊ Wisconsin ပြည်နယ်၊ Milwaukee မြို့မှာ သီတင်းသုံးတဲ့ ဆရာတော် ဦးဇာဂရက မိန့်ပါတယ်။

"မဟန ဆရာတော်ကြီးတွေဆုံးဖြတ်ချက်က သင့်တော်ပါတယ်။ မှန်ပါတယ် ဦးဝီရသူက လက်ခံဖို့ကောင်းပါတယ်။ ဆရာတော်ကြီးတွေ ဆုံးဖြတ်တာ ဖတ်ကြည့်တာ မှန်ပါတယ်။ သူ့ဟောပြောမှုတွေက သာမာန်သူတွေအတွက် အင်မတန်မှ အတွေးအခေါ် ချွတ်ချော်သွားစေတဲ့ သွေးဆူစေတဲ့ကိစ္စတွေ တွေ့ရတော့လေ။ အဲ့တာကို နောက်က လူတွေကပဲ စီမံပေးနေသလားမသိဘူး သူတို့ ဒီပုံစံလုပ်တာတွေ အောက်ကနေ တိတ်ခွေဖွင့်ပေးတာတွေ ဆန့်ကျင်ခြင်းတမျိုးနဲ့ သူဆန့်ကျင်ပြနေတာပေါ့လေ။"

မေး။ ။ အဲ့သလိုဖြစ်နေတဲ့အတွက် မြန်မာနိုင်ငံရဲ့ဂုဏ်သိက္ခာ အထူးသဖြင့်တော့ ဗုဒ္ဓဘာသာနိုင်ငံတော်ဆိုတဲ့ ဂုဏ်ပြရုပ်ဟာ တဖြေးဖြေးနဲ့ မှေးမှိန်လာတယ်။ နောက် လူငယ်တွေကြားထဲမှာလည်း ဘာသာတရားကို တော်တော်လေး အထင်သေးအမြင်သေး ဖြစ်သွားစေတဲ့ ပုံစံမျိုးများ ဖြစ်သွားစေမလား။ အဲ့ဘက်ကိုများ ဦးတည်နေသလားဘုရား။ ဖြစ်နေတဲ့ပုံစံတွေက။

ဆရာတော် ဦးဇာဂရ။ ။ဖြစ်တယ် ဖြစ်နေပြီ ဒကာရဲ့ ဒီမှာဆို ဘုန်းကြီးမိတ်ဆွေ ဒကာတယောက် အဲ့နားမှာရှိတဲ့ မားကတ်စ်ထဲ ဈေးသွား ဝယ်တော့ ဈေးရောင်းတဲ့ တယောက်က ခင်ဗျားတို့ သူတို့လူမျိုး သူတို့ဘာသာဝင်တွေကို အနိုင်ကျင့်နေတယ်ဆိုပြီး ရန်လုပ်စိန်ခေါ်တယ်တဲ့ အဲ့တာမျိုး ကြုံရတယ်တဲ့ နောက်တခါ ဘုန်းဘုန်းတို့ရောက်ခါစက ဆိုရင် တွေ့တဲ့နေရာမှာ သေချာရှိခိုးကြ။ အခုတော့ အဲ့ဒီ့ပုံရိပ်က မှေးမှိန်သွားပြီ။ အမေရိကားမှာ မှေးမှိန်သွားသလို ပြည်တွင်းကျတော့လည်း ကလေးတွေ လူငယ်လူရွယ်တွေ အမြင်မှာ အထင်သေးစရာလို ဥပမာ ဒီမိုကရေစီလိုလားတဲ့ အမြင်ကျယ်တဲ့ လူငယ်တွေရဲ့အမြင်ထဲမှာ အထင်သေး အမြင်သေးတဲ့ ပုံရိပ်တွေ ညှိုးနွမ်းလာတယ်။ ပြည်ပရော ပြည်တွင်းရော ဗုဒ္ဓဘာသာရဲ့အေးမြပါတယ် ငြိမ်းချမ်းပါတယ်ဆိုတဲ့မှေးမိန်လာတာ ကျလာတာကို တွေ့ရတာပဲ ဒကာရယ်။ အဲ့တာတော့ အလွန်စိတ်မကောင်းစရာပေါ့။"

လက်ရှိ အမေရိကန်ပြည်ထောင်စု၊ Arizona ပြည်နယ်မှာ သီတင်းသုံးနေတဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ရဟန်းပျိုများသမဂ္ဂဥက္ကဋ္ဌဟောင်း အရှင် ခေမာစာရကတော့ သံဃာတပါး၊ လူပုဂ္ဂိုလ်တဦးဦးကို အခုလို ပစ်မှတ်ထား အရေးယူရုံနဲ့ ဒီကိစ္စ ပြီးပြတ်သွားမယ်လို့ မယူဆကြောင်း မိန့်ပါတယ်။

"ဦးဇင်းမြင်တာကတော့ ဒီဆရာတော်လေး ပြောသွားတာက ဘယ်လောက်အထိ အရေးပါသလဲ။ ဘယ်လောက်အထိ ထိခိုက်သလဲပေါ့။ လူတယောက် သူ့ဘာသာသူပြောတဲ့ အဲ့ဒီ့ပြောတဲ့ဥစ္စာဟာ ခုနကပြောသလို ပုဂ္ဂိုလ်ရေးထိခိုက်သလား၊ နိုင်ငံတော်ကို ထိခိုက်သလား။ တဖက်သားကို ထိခိုက်သလား အများကြီး စစ်ဖို့တော့ လိုတာပေါ့။ ဒီဆရာတော်က ပြောရုံပဲ ပြောတာပါ။ ဆုံးတဲ့သူက ဆုံးသွားပြီ။ ဘာကြောင့်ဆုံးသလဲ အဓိက ကောက်ကြောင်းတွေကို အဓိက လိုက်ပြီးတော့ အဖြေမှန်ရအောင် လုပ်ဖို့ပဲရှိတယ်။ ဘေးက လူတယောက်က ဝေဖန်တာကို လိုက်ပြီး အရေးလုပ်နေကြမယ် ပြောနေကြမယ်ဆိုရင် ဒါအဓိပ္ပါယ်လည်း မရှိဘူးလို့ ဦးဇင်းကတော့ မြင်တယ်။

မေး။ ။ တခုရှိတာက အပြင်မှာ ဝေဖန်နေကြတဲ့သူတွေ အရပ်သားတွေတော့ အများကြီးရှိကြတာပေါ့ဘုရား။ ကောင်း၏ ဆိုး၏ ဒီအမှုကို စစ်ဆေးတဲ့ပုံစံနဲ့ ပတ်သက်ပြီးတော့ အခုအချိန်အထိ တရားခံကို မမိသေးတဲ့အပေါ် အမျိုးစုံအောင် ဝေဖန်နေကြတာတွေ ရှိသလို ရဲကလုပ်သွားတဲ့ သတင်းစာ ရှင်းလင်းပွဲမှာလည်း တော်တော်လေး လှောင်ပြောင်သရော်ကြတာလေ။ ဒါပေမဲ့ အရှင်ဝီရသူက ရဟန်းတပါးလည်းဖြစ်နေတော့ ရဟန်းနဲ့ ဝိနည်းနဲ့မညီတဲ့စကားကိုများ ပြောမိသလားလို့။

အရှင် ခေမာစာရ။ ။ ဝိနည်းနဲ့ ညီတယ် မညီတယ်ဆိုတဲ့ဥစ္စာက ဦးဇင်းတို့မြင် တာကတော့ နောက်ပိုင်းမှ ပြောကြဆိုကြ။ တချို့လည်း စိတ်မထိန်းနိုင်၊ တချို့ကျတော့လည်း စိတ်ထိန်းနိုင်ကြတာပေါ့။ ဦးဇင်းတို့ပြောတာက ဒီမြန်မာနိုင်ငံမှာ ဒီဆရာတော်ကပြော တာကိုပဲ ဦးဇင်းတို့က အရေးယူမယ်။ ပုဒ်မတပ်မယ် ရှုတ်ချနေမယ် ဆိုလို့ရှိရင် ဆုံးလည်း ဆုံးမှာ မဟုတ်ဘူးလေ။ ဒီလိုဖြစ်လာရတဲ့အကြောင်းရင်းတွေ ရှာဖွေနေတာကို ဦးဇင်းတို့ မတွေ့ရဘူး။ ဒါ ဂိတ်ဆုံးသွားတာမဟုတ်ပါဘူး။ ဒါ ဂိတ်မဆုံးဘူး။ ဦးဇင်းပြောချင်တာက တကယ့်ပစ်မှတ် ထိရောက်တဲ့အနေအထားကို ရှာဖွေနိုင်တယ်လို့ ဦးဇင်းတို့မမြင်ဘူးပေါ့။ ဆရာတော်ဦးဝီရသူကိုပဲ ရွေးပြီးတော့ လုပ်နေမယ်ဆိုရင် ပိုပြီးတော့ ဆိုးလာနိုင်တာပေါ့။ ဒီလိုနိုင်ငံမှာ ဘာကြောင့်ဖြစ်နေရသလဲဆိုတာကို အရင်လိုက်ဖို့လိုတယ် ဘယ်က ဇစ်မြစ်ကလဲ ဆိုတာ လိုက်ဖို့လိုတယ်။"

နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့က ဦးဝီရသူကို အခုလို တရားဟောခွင့် တနှစ် ပိတ်ပင်လိုက်တဲ့ကိစ္စနဲ့ပတ်သက်လို့ ပြည်တွင်းမှာရှိတဲ့ ဆရာတော်၊ သံဃာတော်တွေ အကြားမှာလည်း သဘောထားအမြင်တွေ အမျိုးမျိုး ကွဲပြားနေကြတာပါ။

ဦးဝီရသူအပေါ် အခုလို ပိတ်ပင်ချက် ထုတ်ပြန်တဲ့အတွက် ဒီကိစ္စကို ကန့်ကွက်ကြောင်း ပြသတဲ့ အနေနဲ့ ချီတက် ဆန္ဒပြမယ်လို့ ပြောဆိုနေတဲ့ သံဃာတော်တွေ ရှိသလို နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ရဲ့ ဆုံးဖြတ်ချက် ကို ထောက်ခံကြောင်း ပြောဆိုကြ တဲ့ သံဃာတော်တွေလည်း အများအပြား ရှိနေကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG