သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာလင်တိုက်ခိုက်မှု သူတို့လက်ချက်လို့ IS ဆို


ဂျာမနီနိုင်ငံ ဘာလင်မြို့တော်က လူစည်ကားတဲ့ ခရစ္စမတ်ဈေးတခုမှာ အနည်းဆုံး လူ ၁၂ ယောက် သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာတွေ ရရှိခဲ့ကြတဲ့ ထရပ်ကားနဲ့ တိုက်ခိုက်မှုဟာ သူတို့ လက်ချက်ဖြစ်တယ်လို့ IS စစ်သွေးကြွက ပြောဆိုလိုက်ပါတယ်။

ဒီပြောဆိုချက်ကို - အဖွဲ့ရဲ့ Amaq သတင်းဌာနဝဘ်ဆိုဒ်ပေါ်မှာ အင်္ဂါနေ့နှောင်းပိုင်းမှာ ဖော်ပြခဲ့တာဖြစ်ပြီး၊ တိုက်ခိုက်မှုဟာ မဟာမိတ်ညွှန့်ပေါင်းအဖွဲ့ဝင် နိုင်ငံသားတွေအပေါ် ပစ်မှတ်ထားဖို့ တိုက်တွန်းချက်အရ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

ရိုးရာခရစ္စမတ်ပွဲတော်တွေမှာ ဒေသခံတွေနဲ့ ခရီးသွားတွေ ပါဝင်ဆင်နွှဲလေ့ရှိတဲ့ လေဟာပြင်ဈေးတခုထဲကို ထရပ်ကားကြီးတစင်းနဲ့ ဝင်တိုက်ခဲ့ပြီးနောက် တနင်္လာနေ့နှောင်းပိုင်းမှာ ဖမ်းဆီးခဲ့တဲ့ တဦးတည်းသော မသင်္ကာသူကို ဂျာမနီရဲတွေက ပြန်လွှတ်ပေးခဲ့ပြီး သိပ်မကြာခင်မှာပဲ ကြေညာချက် ထွက်လာခဲ့တာလည်း ဖြစ်ပါတယ်။

ဂျာမနီ ပြည်ထောင်စုအစိုးရရှေ့နေရုံး အကြီးအကဲ ကတော့ ရာဇဝတ်ကြောင်းနဲ့ အရေးယူနိုင်လောက်တဲ့ သက်သေအထောက်အထား ခိုင်ခိုင်လုံလုံ မရှိတဲ့အတွက် ပါကစ္စတန်နိုင်ငံသား မသင်္ကာသူ အမျိုးသားကို ပြန်လွှတ်ပေးလိုက်တဲ့အကြောင်း ပြောဆိုခဲ့တာပါ။ စုံစမ်းစစ်ဆေးမှုတွေအရ စွပ်စွဲခံရသူအပေါ် လတ်တလော မသင်္ကာစရာ တစုံတရာ မတွေ့ရဘူးလို့လည်း အစိုးရရှေ့နေရုံး ကြေညာချက်က ဖော်ပြထားပါတယ်။

အင်္ဂါနေ့က Kaiser Wilhelm အောက်မေ့ဘွယ် အထိမ်းအမှတ် ဘုရားကျောင်း အပြင်ဘက်က တိုက်ခိုက်ခံရတဲ့နေရာမှာ နှင်းဆီအဖြူတွေ ချခဲ့တဲ့ ဂျာမနီဝန်ကြီးချုပ် Angela Merkel ကလည်း - တိုက်ခိုက်မှုကြောင့် အံ့အားသင့်၊ တုန်လှုပ်ခဲ့ရပြီး အလွန်အမင်း စိတ်မကောင်း ဖြစ်ခဲ့ရတယ်လို့ ပြောဆိုခဲ့ပါတယ်။

ခရစ္စမတ်ပွဲတော်ကို အားခဲပြီး၊ အားလပ်ရက်ကာလ အစီအစဉ်တွေနဲ့ မနေ့ကအထိ၊ အတူရှိနေခဲ့ကြတဲ့သူ ၁၂ ယောက်ဟာ - အခုအချိန်မှာတော့ မရှိကြတော့ဘူးလို့လည်း နိုင်ငံတဝှမ်း ရုပ်မြင်သံကြားကတဆင့် ပြောကြားတဲ့မိန့်ခွန်းမှာ ဝန်ကြီးချုပ် Merkel က ပြောဆိုခဲ့ပါတယ်။

အကျည်းတန်အရုပ်ဆိုးပြီး၊ ဘယ်လိုမှ နားမလည်နိုင်တဲ့ လုပ်ရပ်က ဒီလူတွေရဲ့ အသက်တွေကို နှုတ်ယူသွားခဲ့တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG