သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုသိမ်သင်္ဘောတိုက်မှုနောက်ဆက်တွဲ


ငဝန်မြစ်အတွင်း ဧပြီလ(၇)ရက် သောကြာနေ့ညက ကျောက်တင် သင်္ဘောကို တိုက်မိတဲ့ ခရီးသည်တင်စက်လှေ တိမ်းမှောက် မှုကြောင့် သေဆုံးသူ ပေါင်း ၂၁ ဦးထိရှိနေပြီး ဒါဇင်နဲ့ချီ ဆက်လက်ပျောက်ဆုံးနေဆဲ။
ငဝန်မြစ်အတွင်း ဧပြီလ(၇)ရက် သောကြာနေ့ညက ကျောက်တင် သင်္ဘောကို တိုက်မိတဲ့ ခရီးသည်တင်စက်လှေ တိမ်းမှောက် မှုကြောင့် သေဆုံးသူ ပေါင်း ၂၁ ဦးထိရှိနေပြီး ဒါဇင်နဲ့ချီ ဆက်လက်ပျောက်ဆုံးနေဆဲ။

ဧရာဝတီတိုင်း ငဝန်မြစ်အတွင်း ဧပြီလ(၇)ရက် သောကြာနေ့ညက ကျောက်တင် သင်္ဘောကို တိုက်မိတဲ့ ခရီးသည်တင်စက်လှေ တိမ်းမှောက် မှုကြောင့် သေဆုံးသူ လူပေါင်း ၂၁ ဦးထိရှိနေပြီး ဒါဇင်နဲ့ချီ ဆက်လက်ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် လူပေါင်းများစွာ သေဆုံးခဲ့တဲ့ ရေယာဉ်တိုက်မှုကို စုံစမ်းအရေးယူ သွားမှာဖြစ်တယ်လို့ ဧရာဝတီတိုင်းအစိုးရက ပြောပါတယ်။ မအင်ကြင်းနိုင်က ဆက်ပြီး တင်ပြမှာပါ။

ငဝန်မြစ်မှာ နစ်မြှုပ်ခဲ့တဲ့ ခရီးသည်တင်စက်လှေနဲ့ လိုက်ပါလာသူတွေကို မီးသတ်တပ်ဖွဲ့ နဲ့တပ်မတော်သားတွေ ပူးပေါင်းပြီး မနေ့က ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေတာဖြစ်ပါတယ်။ သောကြာနေ့ည (၇)နာရီလောက်က ငွေကြယ်စင် စက်လှေဟာ မင်္ဂလာဆောင်သွားခဲ့ကြတဲ့ ခရီးသည် စုစုပေါင်း ၆၀ နီးပါးကို တင်ဆောင်မောင်နှင်းလာရာ ဥမ္မာဒန္တီဘောတံတားအနီး နဒီရွှေစင်ကျောက်တင် သင်္ဘောနဲ့ တိုက်မိခဲ့ပြီး တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။

စနေနေ့ထိ ခရီးသည်ပေါင်း ဒါဇင်နဲ့ ချီပျောက်ဆုံးနေဆဲဖြစ်ပြီး၊ ရုပ်အလောင်း စုစုပေါင်း ၂၁ ဦး ဆယ်ယူနိုင်ခဲ့သလို အသက်ရှင်ခရီးသည်ပေါင်း (၃၀)ဦးကိုလည်း ကူညီကယ်ဆယ်နိုင်ခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေသူ ဦးအောင်သူထွေးက အခုလိုပြောပါတယ်။

“မနေ့ညက ကျနော်တို့ အယောက် ၃၀ အရှင် ကယ်ဆယ်လို့ရခဲ့တယ်။ မနေ့က လူသေအလောင်း ၂၀ ဆယ်လို့ရခဲ့တယ်။ ဒီနေ့မှာ အမျိုးသမီးလောင်း တလောင်း ထပ်ရတယ်။ မနေ့က အသေစာရင်းမှာဆို အမျိုးသမီးက ၁၆၊ အမျိုးသား ၄ ယောက်ပေါ့။ ဒီနေ့စာရင်းအရ အမျိုးသမီး ၁၇ ဦးနဲ့ အမျိုးသား ၄ ဦးပေါ့ ၂၁ ဦးဖြစ်သွားပါပြီ။”

သေဆုံးသူအများစုဟာ အမျိုးသမီးတွေနဲ့ ကလေးတွေဖြစ်ကြတယ်လို့ အသက်ရှင်လွတ်မြောက်လာတဲ့ ဦးအောင်ဆွေဦးက ပြောပါတယ်။

“ကျနော်တို့ဖက်ကို မှောက်တာ၊ အပေါ်မှာနေတဲ့ ယောက်ျားတွေကတော့ ကိုယ့်ဟာကိုယ်ကူးခတ်တော့ အသက်ရှင်သူများတယ်။ အထဲမှာနေတဲ့ ကလေးတွေနဲ့ မိန်းမတွေက အကုန်နီးပါးသေတယ်”

ငဝန်မြစ်အတွင်း ဒီတကြိမ် ရေယာဉ်တိုက်မှုဟာ နှစ်အနည်းငယ်အတွင်း သုံးကြိမ်မြောက် အကြီးမားဆုံးဖြစ်တယ်လို့ သက်ဆိုင်ရာတာဝန်ရှိ သူတွေက ပြောပါတယ်။ အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် လူပေါင်းများစွာသေဆုံးခဲ့တဲ့ ဒီရေယာဉ်တိုက်မှုကို စုံစမ်းအရေးယူဖို့ရှိကြောင်း ဧရာဝတီတိုင်းအစိုးရဘက်က ပြောဆိုခဲ့ပါတယ်။ အသက်ရှင်လွတ်မြောက်လာသူ စုစုပေါင်း (၃၀)ဦးထဲမှာ အမျိုးသား (၂၆)ဦးနဲ့ အမျိုးသမီး (၄)ဦး ပါဝင်ပြီး သူတို့ကို ပုသိမ်ဆေးရုံးမှာ ဆေးဝါးကုသပေးနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG