သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လောက်ကိုင်မှာ ကားဗုံးကွဲမှု ဒေသခံတွေ လုံခြုံရေးစိုးရိမ်


လောက်ကိုင်မြို့ ကားဗုံးထောင် ပေါက်ကွဲမှု (Photo: ရှမ်းပြည်နယ် ရဲတပ်ဖွဲ့)
လောက်ကိုင်မြို့ ကားဗုံးထောင် ပေါက်ကွဲမှု (Photo: ရှမ်းပြည်နယ် ရဲတပ်ဖွဲ့)

လောက်ကိုင်မြို့မှာ သောကြာ မနေ့ညက ကားဗုံးထောင် ပေါက်ကွဲမှုတခုဖြစ်ခဲ့ တာကြောင့် အနည်းဆုံးလူ ၁ ဦး ဒဏ်ရာရသွားပြီး ဒေသခံတွေ စိုးရိမ်ထိန့်လန့်နေ ကြသလို၊ လုံခြုံရေးတွေ တင်းကြပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီလိုဖေါက်ခွဲမှုဟာ ကိုးကန့်တပ်ဖွဲ့က ဖြစ်နိုင် တယ်လို့ သုံးသပ်သူတွေရှိပေမယ့် သူတို့လက်ချက်မဟုတ်ကြောင်း မြောက်ပိုင်း မဟာမိတ်တပ်က ငြင်းဆိုပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့ တုံချိန်ရပ်ကွက်မှာရှိတဲ့ ဖူရီလိုက် ဟိုတယ်နား မှာ ဇန္နဝါရီ ၆ ရက် သောကြာညက ကားဗုံးထောင်ပေါက် ကွဲမှု တခုဖြစ်ခဲ့ပြီး အနည်းဆုံးလူ ၁ ဦး မီးလောင်ဒဏ်ရာရသွားတာကြောင့် လောက်ကိုင်မြို့ခံတွေ စိုးရိမ်မှုနဲ့ နေထိုင်နေကြသလို၊ လုံခြုံရေး တင်းကြပ်ထားကြောင်း လောက်ကိုင်မြို့ခံ လူငယ်တဦးက VOA ကိုပြောပါတယ်။

“ ကားဗုံးပေါက်တာ .. မနေ့ညက၊ တုံချိန်ရပ်ကွက်ပေါ့။ ကိုးကန့်လူငယ်အသင်းနဲ့ မီတာ ၂၀၀ လောက်ပဲဝေးတာ။ လူသေတာ မရှိဘူးခင်ဗျ။ ၁ ယောက်လား ဒဏ်ရာ ရတာ သူ့ရဲ့ကျောမှာ မီးလောင်သွားတာပါ။ လာလုပ်သွားတဲ့လူတွေကို ဖမ်းလို့ မမိသေးဘူး။ CCTV ကနေ ပြန်ရှာနေတာ အဲဒီလူတွေကို ရှာမတွေ့သေးဘူး ဖြစ်နေ တာ။ ဒေသက နည်းနည်းအေးချမ်းနေတော့ အဲလိုမျိုးဖြစ်လိုက်တော့ နည်းနည်း လန့်တာပေါ့။ လမ်း ပိတ်ဆို့ခြင်း မရှိပေမယ့် လုံခြုံရေးဂိတ်တော့များတယ် အစစ်ဆေးတွေရှိတယ် ”

ပေါက်ကွဲသွားတဲ့ကားဟာ Toyota Mark 2 အမျိုးအစားဖြစ်ပြီး ဖူရီလိုက်ဟိုတယ်ရဲ့ CCTV မှာ လက်သည်တရားခံ ဘယ်သူတွေ ဖြစ်နိုင်တယ် ဆိုတာမြင်ရပေမယ့် ဒေသခံရဲနဲ့လုံခြုံရေးတပ်က အဲဒီလူတွေကို ခုချိန်ထိရှာဖွေနေဆဲဖြစ်ပါတယ်။ လောလောဆယ် လောက်ကိုင် ချင်းရွှေဟော် ကားလမ်းတလျှောက် လုံခြုံရေးဂိတ်တွေ တိုးချထားတယ်လို့ ဒေသခံကပြောပါတယ်။

ရှမ်းပြည်နယ်မှာနေထိုင်တဲ့ မြန်မာ့စစ်ရေး နိုင်ငံရေး သုံးသပ်သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းကတော့ လောက်ကိုင်က အခုပေါက်ကွဲ မှုဟာ မြောက်ပိုင်း မဟာမိတ်အဖွဲ့ထဲ ပါတဲ့ ကိုးကန့်တပ်ဖွဲ့က ဖြစ်နိုင်ကြောင်း သုံးသပ်ပါတယ်။

“ လုပ်တဲ့ တရားခံကို စုံစမ်းဖေါ်ထုတ်ဖို့ အရေးကြီးပါတယ်။ သေချာအချက် အလက်တွေ မသိတော့ မပြောနိုင်ဘူးပေါ့၊ သို့သော် ဖြစ်နိုင်တာက ကိုးကန့် ဦးဖုံကျားရှင် အဖွဲ့ကလို့ပဲ ယူဆရတာပေါ့။ အဲဒီဖက်မှာက လူအဝင်အထွက်ကလည်း များတယ်။ တရုတ်ပြည်ဖက်က လူအဝင် အထွက်တွေလည်း ရှိတာကိုး။ ပြီးခဲ့တဲ့ တိုက်ပွဲတွေ ပြီးသွားတဲ့အခါမှာ သူတို့အနေနဲ့ ရေရှည်တိုက်ပွဲ ဆက်ပြီး မလုပ်နိုင် ဘူးပေါ့၊ သူတို့ရဲ့ ရည်ရွယ်ချက်လည်း မအောင်မြင်ဘူးပေါ့။ သူ့တို့ရည်ရွယ်ချက်က သူ့အဖွဲ့ကို အသိမှတ်ပြုလာပြီးတော့ ဒီငြိမ်းချမ်းရေးဆွေးနွေး ပွဲတွေထဲမှာ partner အဖြစ်နဲ့ ဖိတ်စေချင်တာပါ။ ဦးဖုံကျားရှင် အဓိက ရည်ရွယ်တာက၊ အဲဒီဟာ အတွက် ကို အစိုးရက အလျှော့မပေးတဲ့ အခါကျတော့ သူတို့ အနှောက်အယှက်ပေးနေ တယ်လို့ ကျနော် အဲဒီလိုပဲ သုံးသပ်ပါတယ် ”

ကိုးကန့်တပ်ဖွဲ့ကို မေးမြန်းဖို့ VOA ကအကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ ပါဘူး။ မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့ထဲမှာပါတဲ့ TNLA တအာင်း ပလောင်တပ် ရဲ့ပြောခွင့်ရသူ ဗိုလ်မှူးကြီး တာဖုန်းကျော်ကတော့ ဒီလုပ်ရပ်ဟာ သူတို့နဲ့ မဆိုင်ကြောင်း ငြင်းဆိုပါတယ်။

“ ကျနော်တို့ မြောက်ပိုင်း မဟာမိတ်က သေချာဆွဲထားတဲ့ plan ထဲမှာတော့ အခုလုပ်ဆောင်မှုမျိုး မပါပါဘူး .. ကျနော်တို့လည်း သေချာတော့ မသိရသေးပါဘူး ”

လောက်ကိုင်မြို့မှာ ၂၀၁၅ ဒီဇင်ဘာနဲ့ ၂၀၁၆ စက်တင်ဘာလအတွင်း ကားဗုံးပေါက် ကွဲမှု အပါအဝင် ဗုံးပေါက်ကွဲမှု ၃ ကြိမ်ဖြစ်ခဲ့ပြီး အနည်းဆုံး ၁၀ ဦး ဒဏ်ရာရခဲ့ ပါတယ်။ ဖောက်ခွဲမှုကျူးလွန်သူ ၆ ဦးကို ၂၀၁၆ နိုဝင်ဘာလထဲ ရဲကဖေါ်ထုတ် အရေးယူနိုင်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်



XS
SM
MD
LG