သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွန်ပြည်နယ် သံလွင်မြစ်ကူးတံတားအမည် သတ်မှတ်မှု ဝေဖန်ချက်များ


 ဆောက်လုပ်နေတဲ့ သံလွင်တံတား (ချောင်းဆုံ)- Tun Min Aung Facebook
ဆောက်လုပ်နေတဲ့ သံလွင်တံတား (ချောင်းဆုံ)- Tun Min Aung Facebook

မွန်ပြည်နယ်ရှိ မော်လမြိုင်နဲ့ ချောင်းဆုံမြို့နယ် ဆက်သွယ်ထားတဲ့ မကြာခင်ပြီးစီးတော့မယ့် သံလွင်မြစ်ပေါ်ရှိ တံတား ကို “ဗိုလ်ချုပ်အောင်ဆန်း တံတား” လို့အမည်ပေးဖို့ ပြည်သူ့လွှတ်တော်က ဆုံးဖြတ်လိုက်တဲ့အပေါ် ဝေဖန်မှုတွေမြင့် တက်နေပါတယ်။ ပြည်သူ့အစိုးရလို့ သတ်မှတ်ခံထားရတဲ့ NLD ပါတီဦးဆောင်တဲ့ လွှတ်တော်ကြီးအနေနဲ့ ဗဟိုချုပ်ကိုင် မှုမြင့်တက်နေပြီး အာဏာဆန်တဲ့ လွှတ်တော်တခုလို့ဝေဖန်တာတွေရှိနေပါတယ်။ ဒီသတင်းကိုဗွီအိုအေမြန်မာပိုင်းက မေခက တင်ပြသွားမှာပါ။

မကြာခင်ပြီးစီးတော့မယ့် သံလွင်မြို့ပေါ်က ဒီတံတားဟာ ပေ ၁၇၀၀ ကျော်ရှည်ပြီး မော်လမြိုင်နဲ့ ချောင်းဆုံမြို့နယ်ကို ဆက်သွယ်ထားတာပါ။ ဗိုလ်ချုပ်အောင်ဆန်းတံတားဆိုပြီး အမည်ပေးဖို့ NLD အစိုးရသစ်လက်ထက်မှာ ကြိုးပမ်းရာကနေ ဒေသခံတွေရဲ့ ဆန္ဒပြကန့်ကွက်မှုတွေကြောင့် တံတားဖွင့်ပွဲရက်ကို ရွှေ့ထားရ့ပါတယ်။ တံတား အမည်ကိစ္စကို ပြည်သူလွှတ်တော်မှာ ဒီကနေ့ မဲခွဲပြီး၊ ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ အမည်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအပေါ်မှာ ပြည်သူလွှတ်တော်ကိုပါ ဝေဖန်မှုတွေရှိလာပါတယ်။

ကြံခိုင်ရေးပါတီက မင်းကင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးမောင်မြင့်က လွှတ်တော်အနေနဲ့ အလုပ်လုပ်စရာ ရှားနေသလားလို့ မေးခွန်းထုတ်ရမလိုပင် ဖြစ်နေတယ်လို့ ဝေဖန်လိုက်ပါတယ်။

“မွန်လူမျိုးတွေမှာဆိုရင် ရာဇာဓိရာဇ်တို့လို ၊ မိဖုရားကြီးရှင်စောပုတို့လို၊ ဗညားဒလတို့လို၊ သူရဲခေါင်းတွေမှာဆိုရင်လည်း လဂွန်းအိမ်၊ အဲမွန်ဒဲယာ၊ သမိန်ဗရမ်း တို့လိုလူတွေရှိတယ်။ British နယ်ချဲ့တွေကို အန်တုခဲ့တဲ့ ဦးနာအောက် တို့လို မျိုးချစ်တွေလည်းရှိတယ်။ ဒီဘက်ခေတ်မှာ ဆိုရင်လည်း ဆရာကြီးနိုင်ပန်းလှလို၊ မင်းသုဝဏ် တို့လိုလူတွေလည်းရှိတယ်။ နောက်ဆုံးဗျာ သမ္မတကြီး ဦးထင်ကျော်ရှိသေးတယ်။ အဲဒီလူတွေထဲက ကြိုက်တဲ့လူတွေနာမည်ပေး ကျနော်တို့ ထောက်ခံပါတယ်ဆိုတာကို ပြောချင်ပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ အခုလို သာမာန်တံတားလေးကို မီတာ ၅၀၀ လောက်ရှည်တဲ့ တံတားလေးကို နာမည်ပေးတာကို ဒါဟာ ဗိုလ်ချုပ်အောင်ဆန်းကို ၂ ခါသတ်တာနဲ့ တူတာကြောင့် ကျနော်တို့ကတော့ မထောက်ခံဘူး။”

ဒီပြင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှုးဇော်ဇော်မိုးကလည်း ပြည်သူ့ဆန္ဒနဲ့အညီ ဒေသကို အစွဲပြုကာ အမည်ပေးဖို့ ထောက်ပြဆွေးနွေးခဲ့ပါသေးတယ်။

ဒေသခံတွေနဲ့ မွန်လူမျိုးတွေဘက်က ဗိုလ်ချုပ်အောင်ဆန်းကို လေးစားမှုမရှိတာမို့ မဟုတ်ဘဲ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးနဲ့ တိုင်းရင်းသားများ၏ သဘောထားကို အသိအမှတ်ပြုဖို့ ရည်ရွယ်ထားလို့ ကန့်ကွက်ရတာဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

ချောင်းဆုံဒေသခံတဦး ဖြစ်တဲ့ နိုင်တင်ညွှန့်က တံတားနာမည်ပေးမှုနဲ့ပတ်သတ်လို့ အစိုးရအပေါ်ခုလိုဝေဖန်သွားတာပါ။

“ဒါကိုကြည့်ချင်းအားဖြင့် တိုင်းရင်းသားတွေအပေါ်သဘောထားမကြီးဘူးဆိုတာ ထင်ထင်ရှားရှားရှိနေမယ်၊ တွေ့နေမယ်။ မူရင်းနာမည်ရှိတယ်ဗိုလ်ချုပ်အောင်ဆန်းနာမည်ကို ဂုဏ်ပြုချင်တယ်ဆိုရင် နေရာတွေအများကြီး မြောက်များစွာရှိနေပါတယ်။”

ဒီလိုပြည်သူ့လွှတ်တော်ဘက်က မဲခွဲဆုံးဖြတ်လိုက်တဲ့အပေါ်မွန်ပြည်နယ် လွှတ်တော်ဒုဥက္ကဌ ဒေါက်တာအောင်နိုင်ဦး ကတော့ပြည်သူ့လွှတ်တော်ရဲ့ အဆုံးအဖြတ်အပေါ် အခုလိုပြောပါတယ်။

“ဘယ်လိုပြောမလဲ ဒီလိုပါတီ အဖွဲ့အစည်းတခုလုံးရဲ့ လုပ်သွားတဲ့ မူဝါဒအဆို ၁ ရပ်လို့သာ ကျနော်တို့က နားလည်သဘောပေါက်မိတာပေါ့။ တကယ်တမ်းကျတော့ ဖက်ဒရယ်ပြည်ထောင်စု ၊ အမျိုးသားရင်ကြားစေ့ရေးလုပ်မယ်ဆိုရင်တော့ တိုင်းရင်းသားချစ်ကြည်ရင်းနီးရေးက တအားအရေးကြီးတယ်။ ဖက်ဒရယ်အရေးလို့ပြောမယ့် ပြည်နယ်တွေရဲ့ ဆုံးဖြတ်ခွင့်တွေကိုလည်း တိုးမြင့်ပေးဖို့လိုတယ်။ သို့သော်လည်း ဒီအသေးအမွှားကိစ္စတွေကအစ တကယ်တမ်းကျတော့ ပြည်နယ်တွေ ၊ ဒေသခံတွေရဲ့ အဆုံးအဖြတ်ရယူမှုကို ဦးစားပေးတာထက် ဗဟိုကနေပြီးတော့ ဆုံးဖြတ်ပြီးတော့သွားနေတာ ဒါက မျက်မြင်ကိုယ်တွေ့ တွေ့ရတဲ့အနေအထားမျိုးရှိတာပေါ့။”

ဖိအားတခုနဲ့ဒီလိုနာမည်ပေးဖို့ အဆိုတင်သွင်းတာဖြစ်တယ်လို့ဝေဖန်မှုတွေရှိနေတဲ့ ဒီတံတားကို ပြည်သူ့လွှတ်တော်မှာ အဆိုတင်ကလည်း ဝေဖန်မှုတွေတော်တော်လေးမြင့်တက်ခဲ့တာပါ။ ခေတ်အဆက်ဆက် အာဏာရှင် လက်ထက် မှာတောင် တံတားနာမည်တွေ ပေးခဲ့တုန်းက တိုင်းရင်းသားဒေသတွေမှာဒေသကိုယ်စားပြုနာမည်တွေဘဲ ပေးခဲ့တာဖြစ် ပြီးခုလို ပြည်သူ့အစိုးရလက်ထက်မှာ ပြည်သူ့ဆန္ဒကိုဖီဆန်ပြီး ပေးဖို့လုပ်တဲ့အပေါ်အခုလိုဝေဖန်မှုတွေက မြင့်တက်ခဲ့ တာဖြစ်ပါတယ်။

မွန်ပြည်နယ်ရှိ မော်လမြိုင်နဲ့ ချောင်းဆုံမြို့နယ် ဆက်သွယ်ထားတဲ့ မကြာခင်ပြီးစီးတော့မယ့် သံလွင်မြစ်ပေါ်ရှိ တံတား ကို “ဗိုလ်ချုပ်အောင်ဆန်း တံတား” လို့အမည်ပေးဖို့ကို ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးတာမှာလည်း nld ပါတီဝင်တွေ ကသာထောက်ခံဆန္ဒပြုခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG