သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖြေရှင်းရခက်နေသေးတဲ့ ရခိုင်ပဋိပက္ခ


ရခိုင်စုံစမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်ကြည်
ရခိုင်စုံစမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်ကြည်
ဖြေရှင်းရခက်တဲ့ ရခိုင်ပဋိပက္ခ
please wait

No media source currently available

0:00 0:13:30 0:00
တိုက်ရိုက် လင့်ခ်


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ရခိုင်ပဋိပက္ခဟာ လူမျိုးရေး၊ ဘာသာရေး ပြဿနာမဟုတ်ဘဲ၊ အချုပ်အခြာ နယ်မြေပိုင်စိုးမှုနဲ့ နယ်စပ်လုံခြုံရေးပြဿနာ ဖြစ်တယ်လို့ ရခိုင်စုံစမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်ကြည် က ပြောဆိုလိုက်ပါတယ်။ အစီရင်ခံပြုစုရေးမှာ ကြုံရတဲ့ အခက်အခဲတချို့ကို ဦးအောင်ကြည်က VOA ကို ပြောပါတယ်။ ဒေါ်ခင်စိုးဝင်း က ဦးအောင်ကြည်ကို တွေ့ဆုံမေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ မင်္ဂလာပါရှင်။ အခုလို မအားလပ်တဲ့ကြားကနေ ကျမတို့ကို တွေ့ဆုံမေးမြန်းခွင့်ပြုတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။

ဦးအောင်ကြည် ။ ။ မင်္ဂလာပါ။ ကျနော်ကလည်း ကျေးဇူးတင်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဒီ အစီရင်ခံစာနဲ့ ပတ်သက်ပြီး နောက်ဆုံး အခြေအနေ၊ ကျေနပ်အားရမှု ရှိပါလားရှင့်။

ဦးအောင်ကြည် ။ ။ ကျနော်တို့ကတော့ ရတဲ့အချိန်အတွင်းမှာ အကောင်းဆုံး၊ အမြန်ဆုံး လုပ်ထားတဲ့သဘောပါပဲ။ တကယ့်တကယ် ပြောမယ်ဆိုရင်တော့ ပြီးပြည့်စုံတဲ့ အစီရင်ခံစာတခုလိုတော့ မမျှော်လင့်နိုင်ဘူး။ သို့ရာတွင် ကျနော်တို့က Rapid Assessment ခန်မြန်မြန်နဲ့ လက်တွေ့လည်းပဲ အကောင်ဖော်ဖို့ အချိန်ရအောင် အဲဒီအတွက်ကို ကျနော်တို့က ရည်ရွယ်ပြီးတော့ ပြုစုတဲ့ အစီရင်ခံစာတခု ဖြစ်လာမှာပါ။ လောလောဆယ်တော့ ဒါတွေကို ဆွေးနွေးနေကြတယ်။ ဆွေးနွေးနေကြတဲ့ နေရာမှာ ကျနော်တို့ ပါဝင်တဲ့ အဖွဲ့တွေလည်း အားလုံးသိကြတဲ့အတိုင်းပဲ ကျနော်တို့မှာ Background အမျိုးမျိုးက လာကြတဲ့လူတွေ ဖြစ်ကြတယ်။ နောက် ဦးထွန်းမြတ်ဆိုရင်လည်း ကုလသမဂ္ဂမှာ နှစ်ပေါင်း (၃၀) လောက် လုပ်လာခဲ့တာ။ ဆရာအောင်ထွန်းသက် ဆိုရင် ပညာရေးကျောထောက်နောက်ခံ။ အလားတူပဲ ကျန်တဲ့ နိုင်ငံရေးကျောထောက်နောက်ခံသမားတွေ ရှိတယ်။ Diplomat ကျောထောက်နောက်ခံသမားတွေ ရှိတယ်။ ပြီးတော့ လူ့အခွင့်အရေး ကျောထောက်နောက်ခံသမားတွေ ရှိတယ်။ ကျနော်တို့လို Senior Citizen လိုပဲခေါ်ရမှာပေါ့ ဝန်ထမ်းဟောင်းတွေ ပါဝင်တဲ့လူတွေလည်းဖြစ်တော့ ကျနော်တို့ကတော့ ဘာပဲဖြစ်ဖြစ် ရတဲ့အချိန်အတွင်းမှာ ကျနော်တို့ တိုင်းပြည်အတွက် အကောင်းဆုံး ဖြေရှင်းမှုတခု အဖြေတခု ပေါ်လာရအောင် ကျနော်တို့ ကြိုးစားပြီးတော့ ဆောင်ရွက်နေကြပါတယ်။ အခုနောက်ဆုံးကတော့ အပြီးသတ် ဆုံးဖြတ်ချက်ဖို့ အခြေအတင် ငြင်းခုံနေကြတဲ့ အနေအထားပါပဲ။ Background ကလည်း မတူဘူး။ များသောအားဖြင့် အသက်အရွယ်ကြီးတဲ့ လူတွေကလည်းပါတော့ စကားပြောတဲ့အခါ ပွင့်ပွင့်လင်းလင်းပဲ ပြောကြတယ်။ ဘယ်လိုအကြောင်းနဲ့မှ ကိုယ်ဖြစ်စေချင်တဲ့ အမှန်တရားနဲ့ တရားမျှတမှုကို အပွန့်အပဲ့ခံမယ့် လူတွေ မဟုတ်ပါဘူး။ ဒီလူတွေအားလုံးက အကုန်လုံးက တကယ် စေတနာနဲ့ လုပ်ကြတဲ့လူတွေပါ။

ဒေါ်ခင်စိုးဝင်း ။ ။ အခု အိမ်နီးချင်းဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း တော်တော်လေး လူဦးရေ ပေါက်ကွဲတဲ့ အခြေအနေမှာ ရှိပါတယ်။ လူဦးရေ တိုးပွားပြီးတော့ အဲဒီတော့ အရင်တုန်းကတဲကနေပြီတော့ ဒီဘက်အခြမ်းကို ကူးလာခဲ့တဲ့ လူတွေ ရှိမှာပါ။ တရားမဝင် ဝင်လာခဲ့တဲ့ လူတွေလည်း ရှိခဲ့မှာပေါ့။ ဒါပေမဲ့ အဲဒီလူတွေ ထပ်ပြီးတော့ ပွားလာတဲ့ နောက်မျိုးဆက်တွေကတော့ ရခိုင်ပြည်နယ်ထဲမှာပဲ မွေးပြီး၊ ရခိုင်ပြည်နယ်ထဲမှာပဲ ကြီးပြင်းလာတဲ့အခါကြတော့ သူတို့ အနေနဲ့က ဒါ ငါတို့မွေးရပ်မြေ၊ ဒါဟာ ငါတို့တိုင်းပြည် ဖြစ်နေပြီဆိုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း သူတို့ကို အသိအမှတ်မပြုတော့ဘူး။ သူတို့က ဒီဘက်နိုင်ငံကို ရောက်နေတဲ့အခါကြတော့ သူတို့ရဲ့ ရှေ့ရေး။ လူူ့အခွင့်အရေးအရ ကြည့်မယ်ဆိုရင် သူတို့က ဒီဘက်နိုင်ငံမှာ မွေးဖွားလာတဲ့အတွက်ကြောင့်မို့ အဲဒီကိစ္စကို ကိုင်တွယ်ဖို့အတွက်က တကယ့်ကို အကျပ်အတည်းကြီးတရပ် ဖြစ်တယ်။ ပြီးတော့ အင်မတန်မှ နူးညံ့သိမ်မွှေ့တယ်။ အင်မတန်မှလဲ နက်နဲတယ်။ အဲဒီတော့ လူဝင်မှုကြီးကြပ်ရေးပြဿနာကလည်း အဓိက တခုပါပဲ။ လူဝင်မှုကြီးကြပ်ရေး ပြဿနာနဲ့ ပတ်သက်လို့ စမ်းစစ်တာတွေ ရှိပါလားရှင့်။

ဦးအောင်ကြည် ။ ။ ရှိပါတယ်။ တကယ့်တကယ်တော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လူဦးရေ သိပ်သည်းမှုက ဘယ်လောက်အထိ ကွာခြားမှုရှိသလဲဆိုတာကို သိအောင်ပြောပြတာပါ။ တစ် Square meter မှာ တထောင်ခြောက်ဆယ် ရှိပါတယ်။ နေထိုင်တဲ့ လူဦးရေက။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ လူဦးရေးသိပ်သည်းမှုက တစ် Square meter မှာ ခုနှစ်ဆယ့်ခြောက်ယောက်ပဲ ရှိတယ်။ ဘယ်လောက်တောင် ကွာသလဲဆိုတာကို နှိုင်းယှဉ်ပြီးတော့ စဉ်းစားဖို့လိုတယ်။ ဒီလို လူဦးရေသိပ်သည်းမှုခြင်း မတူလတဲ့အခါမှာ လူဦးရေးများတဲ့ဘက်ကနေ လူဦးရေသိပ်သည်းမှုကလည်းနည်းတယ်။ အဲဒီဒေသရဲ့ မြေဆီသြဇာကလည်းကောင်းတယ်။ သဘာဝရေခံမြေခံလည်း ကောင်းတယ်ဆိုတဲ့နေရာတွေကို ဒီလိုနည်းလမ်းအမျိုးမျိုးနဲ့ ဝင်ရောက်မှုတွေ ရှိနေတယ်ဆိုတာ ကျနော်တို့ သိသာထင်ရှားတဲ့အချက်ပါ။ နောက်တခုက စုံစမ်းစစ်ဆေးချိန်မှာ အဓိကအားဖြင့် တွေ့ရှိရတဲ့အချက်ကတော့ နယ်စပ်ဒေသ လုံခြုံရေးကို ကျနော်တို့ ကြပ်ကြပ်မတ်မတ် သေသေချာချာ မလုပ်နိုင်သေးတာကိုလည်း သတိထားမိပါတယ်။ ဒီထက်ပိုပြီးတော့လုပ်ဖို့ လိုအပ်တယ်။ ဒီအချက်က ကျနော်တို့ အနာဂတ်သွားမယ့် မူဝါဒတွေအတွက် အရေးကြီးတဲ့အချက်ဖြစ်တယ်။ ကျနော်တို့က အထဲထဲမှာ ဘယ်လောက်ကောင်းအောင် လုပ်ပေးနေ။ အဲဒီလို လုပ်ပေးသမျှသည် အပြင်ကလူ ဝင်လာဖို့အတွက် ဖြစ်နေတယ်။ တကယ့်တကယ်တော့ ကျနော်တို့ နယ်စပ်ဒေသ လုံခြုံရေးကို ဒီထက်ပိုပြီးတော့ ခိုင်ခိုင်မာမာလေးဖြစ်အောင် လုပ်မယ်။ ပြီးတဲ့အခါကြမှ အတွင်းမှာ ရောက်နေပြီးသားလူတွေကို အခု Immigration ကပဲ နိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့ စီစစ်ခံရမယ့်ကဒ် NPC လို့ ခေါ်ပါတယ်။ အဲဒီကဒ်တွေ လုပ်ပေးနေတာလည်း ရှိပါတယ်။ ဒီကဒ်ရပြီးရင် နိုင်ငံသားဖြစ်တာတော့ မဟုတ်ဘူး။ နိုင်ငံသားအဖြစ် စီစစ်ဖို့အတွက် Step တခုအနေနဲ့ အသုံးပြုထားတာ ဖြစ်ပါတယ်။ အဲဒီမှာ ပါဝင်ရတဲ့အချက်တွေကို ပြည့်ပြည့်စုံစုံ ဖြည့်စွက်ခြင်းအားဖြင့် စစ်ဆေးတဲ့အပိုင်းကလည်း သူဟာ နိုင်ငံသားဖြစ်နိုင်တဲ့ အရည်အချင်း ရှိသလား။ မရှိဘူးလားဆိုတာကို ၁၉၈၂ ခုနှစ် လူဦးရေဥပဒေနဲ့အညီ စစ်ဆေးနိုင်မယ်။ တချိန်တည်းမှာပဲ ကာယကံရှင် ပုဂ္ဂိုလ်တွေကလည်း ဒီကဒ်လေး ရှိတယ်ဆိုတော့ သူ့ရဲ့ စီးပွားရေးလုပ်ငန်း၊ သွားလာရေးလုပ်ငန်း ဒါတွေပိုပြီးတော့ အဆင်ပြေလာမှာပါ။ အခုပြောနေတဲ့ လူ့အခွင့်အရေးဆိုတာ သွားခွင့်လာခွင့် မရှိတာကို ပြောတာ။ ကဒ် ရှိလာတဲ့အခါမှာ သွားခွင့်လာခွင့် ရှိလာမယ်။ နောက် ပင်လယ်ကို ထွက်ခွင့်ရှိမယ်။ စီးပွားရေးတွေ လုပ်ခွင့်ရှိမယ်။ လူ့အခွင့်အရေးတွေ တဘက်က တိုးလာမှာပေါ့။ သူက နိုင်ငံသားဖြစ်သွားပြီ၊ ပြုနိုင်ငံသားပဲဖြစ်ဖြစ်။ အဲဒီလို နိုင်ငံသားဖြစ်သွားပြီဆိုရင် နိုင်ငံသားအခွင့်အရေး ရလာမှာပေါ့။ အဲဒီလို ဖြစ်လာရအောင် ကျနော်တို့ အနာဂတ်မှာ ဥပဒေအရ လုပ်နေတဲ့ အစီအစဉ်လေးတွေကိုလည်း မြန်မြန်ဆန်ဆန်လေး အကောင်အထည် ဖော်နိုင်ရအောင် တောင်းဆိုပြီးတော့ တဘက်ကလဲ ကျနော်တို့ စဉ်းစားထားကြတာ ရှိပါတယ်။ အခုထိတော့ ဆုံးဖြတ်ချက် မပေါ်သေးပါဘူး။ မပေါ်သေးတဲ့အတွက် ကျနော်က ကြိုတင်ပြီးတော့ ပြောပြလို့ မရဘူး။ သို့ရာတွင် ဒါတွေလည်း ကျနော်တို့ ထည့်သွင်းစဉ်းစားပါတယ်။ အဲဒီလို စဉ်းစားတဲ့အခါမှာ ဒီဘက်က နိုင်ငံသားပေးပြီဆို ဟိုဘက်က ဝင်လာတာတွေ မဖြစ်အောင် ကျနော်တို့က လုံခြုံရေးကို ကြိုတင်ပြီးတော့ ခိုင်ခိုင်မာမာလေးဖြစ်အောင် တားဆီးရမယ်။ ကူးသန်းသွားလာမှုတွေကို သေချာစနစ်တကျ ထိန်းသိမ်းရမယ်။ ဒီလုပ်ငန်းတွေကိုလည်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ အလွယ်တကူနဲ့ ထုတ်ပေးလိုက်ဆိုတဲ့သဘောမျိုး မဟုတ်ပါဘူး။ ထုတ်လည်းထုတ်ပေးမယ်။ တဘက်ကလည်း ထိန်းချုပ်မှုတွေ လုပ်သွားဖို့ လိုအပ်မယ်လို့ ဒါက ကျနော့် ပုဂ္ဂိုလ်ရေးအမြင်ပါ။ ကော်မရှင်ရဲ့ အမြင် မဟုတ်ပါဘူး။ ကျနော့်အမြင်ကို ပြောပြတာပါ။

ဒေါ်ခင်စိုးဝင်း ။ ။ အခု လုံခြုံရေးတပ်ဖွဲ့တွေက နှိပ်စက်လို့၊ လုံခြုံရေးတပ်ဖွဲ့တွေက လိုက်လံပြီးတော့ ရှင်းလင်းရှာဖွေလို့ဆိုပြီးတော့ တဘက်နိုင်ငံကို ထွက်ပြေးနေကြတဲ့ ရွာသူရွာသားတွေလည်း ရှိတယ်လို့ သတင်းတွေ ကြားသိရပါတယ်။ အဲဒီအခြေအနေနဲ့ ပတ်သက်လို့ ဘာတွေများ သိခဲ့ရပါလဲ။

ဦးအောင်ကြည် ။ ။ ဒီဥစ္စာလည်း စဉ်းစားစရာပဲ။ သွားလို့လာလို့ လွယ်နေတယ်ဆိုတာကို တွေ့ရတယ်။ ဟိုဘက်ကမ်း ဒီဘက်ကမ်းဆိုတာ မောင်းတောနားတင် နတ်မြစ်က နည်းနည်းလေး ကျယ်တာပါ။ ဟိုဘက်ရောကု်သွားတဲ့အခါမှာ ခဲတပစ်ပဲ ရှိတယ်။ ဟိုဘက်ရောက်တော့ မြေကြီးကဆက်သွားတယ်။ ခြံစည်းရိုး ကာထားတယ်ဆိုပေမယ့် ဝင်ပေါက်တွေက အများကြီးရှိတယ်။ လုံခြုံရေးကလည်း အပေါက်တိုင်း မစောင့်နိုင်တာရှိသတယ်။ သူတို့မှာလည်း အားနည်းချက်လေးတွေ ရှိနေတယ်။ အဲဒါကြောင့်မို့ ကျနော်တို့က လုံခြုံရေးစည်းကို ကျနော်တို့က ပိုပြီးဂရုစိုက်ဖို့ လိုပါတယ်။ တကယ်လို့ အခုလို ကျနော်တို့က လုပ်သွားမယ်ဆိုရင်လဲ စနစ်တကျ စီမံဆောင်ရွက်ဖို့တော့ လိုတာပေါ့။ ဆိုပါစို့ ထပ်မံပြီးတော့ စီစစ်မှုလေးတွေ။ သွားရေးလာရေးနဲ့ ပတ်သက်ပြီးတော့ စနစ်တကျ စီစစ်ဖို့လိုတယ်။ ကျနော်တို့ရဲ့ အတွေ့အကြုံအရ ၁၉၇၈ ခုနှစ်တုန်းက နဂါးမင်းစစ်ဆင်ရေးဆိုပြီး လုပ်ခဲ့ဖူးတယ်။ အဲဒီတုန်းက လုပ်တုန်းက ဘယ်လောက်မှ မကြာလိုက်ပါဘူး လေးငါးခြောက်လလောက်ပဲ ရှိပါတယ်။ အဲဒါဘာလဲဆိုတော့ နဂါးမင်း စစ်ဆင်ရေးဆိုတာ နိုင်ငံခြားသား စစ်ဆေးရေးအလုပ်ပါပဲ။ တခြားနယ်စပ်တွေမှာလုပ်တာ ဘာမှမဖြစ်ဘဲနဲ့ ဒီမှာလာလုပ်တဲ့အခါကြတော့ စစ်တွေမှာ လူတထောင်လောက်ပဲ နိုင်ငံခြားသား တွေ့ရှိတယ်။ ဘူးသီးတောင်မှာ လာစစ်ဆေးချိန်မှာ လေးငါးရာလောက်ပဲ ရှိပါသေးတယ်။ စစ်ဆေးနေတုန်းမှာပဲ မောင်းတောက လူတွေ အကုန်ပြေးကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဆီလာရင် မိတော့မှာပဲ။ နိုင်ငံခြားသားဖြစ်တာကို သူတို့ စစ်ဆေးတဲ့လူတွေက တွေ့တော့မှာပဲဆိုပြီးတော့ အကုန်ပြေးကြတယ်။ အဲဒီလို ပြေးတဲ့အခါမှာလဲ သူတို့က ဘာပြောလဲဆိုတော့ သတင်းစာတွေထဲ ပြန်ကြည့်ရင် တွေ့ပါလိမ့်မယ်။ အဓမ္မပြုကျင့်တာတွေ၊ သတ်ဖြတ်တာတွေ Propaganda တွေ အများကြီးထုတ်ပြီး၊ ကောလဟလတွေထုတ်ကြတယ်။ အမှန်က စစ်ဆေးရေးအဖွဲ့က အဲဒီတောင် မရောက်သေးဘူး။ မောင်းတော မရောက်သေးဘူး။ ဘူးသီးတောင်ပဲ ရှိသေးတယ်။ စစ်ဆေးတဲ့အဖွဲ့ကလည်း လူကများတာ မဟုတ်ဘူး။ လူ (၂၀၀) လောက်ပဲ ရှိတာ။ သူတို့က စစ်ဆေးနေတာ။ ဘူးသီးတောင်မှာ စစ်ဆေးနေချိန်မှာ မောင်းတောက လူတွေက အသုတ်လိုက် အသုတ်လိုက် ပြေးကြတာရှိတယ်။ နယ်စပ်ကလည်း မလုံခြုံတဲ့အခါမှာ ဟိုဘက်ဒီဘက်က သွားလိုက်လာလိုက် အဲဒီလို ဖြစ်နေတဲ့ အချိန်မျိုးမှာ ကိုယ်ကိုယ်တိုင်က နိုင်ငံသား မဖြစ်ထိုက်တဲ့ လူတွေလည်း ကိုယ့်ဟာကိုယ် သိကြတယ်။ နောက် နိုင်ငံသားဖြစ်ထိုက်တဲ့ လူတွေလည်း ရှိကြမှာပေါ့။ အခုန ဒေါ်ခင်စိုးဝင်း ပြောသလို ပြည်တွင်းမှာ မွေးတဲ့လူတွေလည်း နိုင်ငံသားဖြစ်ထိုက်သူတွေလည်း ဥပဒေနဲ့ညီရင် ရလာမှာပေါ့။ အဲဒီလို ရမယ့်လူနဲ့ မရမယ့်လူက ရှိနေတယ်။ ကျနော်ထင်တယ် 50-50 လောက် ရှိမလားတော့ မသိဘူး။ ကျနော်တို့က စာရင်းဇယားတော့ သေချာကောက်ထားတာ မဟုတ်ပါဘူး။ ခန့်မှန်းခြေ ပြောပြတာ။ အဲဒီလို ရှိနေတဲ့အခါမှာ မရထိုက်တဲ့လူဟာ အမြဲတမ်း အခုနလို ကောလဟလတွေ ထုတ်လွှင့်ပြီးတော့ လွယ်လွယ်လေးပဲ ပြေးတယ်ဆိုတာ ဟိုဘက်ကမ်းကို ခဏ (၁၅) မိနစ်သွား၊ ဒီဘက် ဒလ ကတို့ကူးသလောက်တောင် မကြာဘူး။ အဲဒီလောက်နဲ့ ရောက်သွားတာမျိုး။ အဲဒီလို အနေအထားမျိုးဆိုတော့ ဟိုတုန်းက ၇၈ အတွေ့အကြုံရဆိုရင် ၇၈ တုန်းက စစ်ဆေးရေးအဖွဲ့က အရပ်သားတွေ ဒီဘက်မရောက်ခင်မှာ ကောလဟလတွေ အမျိုးမျိုး ထုတ်လွှင့်ပြီးတော့ မီးရှို့တယ်၊ ဘာဖြစ်တယ်ညာဖြစ်တယ် ပြောပြီးတော့ အကုန်လုံး ပြေးကြတယ်။ ဟိုဘက်ထွက်သွားကြတယ်။ အဲဒီအဖြစ်နဲ့ အခုအဖြစ်တို့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဒီလိုပဲ ဓလေ့စရိုက်မျိုးလို အဲဒီလို ဖြစ်နေတယ်။ နိုင်ငံသား စစ်ဆေးတော့မယ်ဆိုတာနဲ့ အစစ်ဆေး မခံချင်ကြဘူး။ အစစ်ဆေး မခံချင်လို့ ပြေးသွားတယ်။ အဲဒီ ပြေးသွားတဲ့ ဥစ္စာကိုပဲ ကျနော်တို့ နှိပ်စက်လို့ဆိုတဲ့ သဘောမျိုးလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ဒါကတော့ ကျနော်တို့ ကော်မရှင်အနေနဲ့ ဘယ်သူဘယ်ဝါဆိုတာ မစွပ်စွဲပါဘူး။ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်သမိုင်းကြောင်းနဲ့ နှိုင်းယှဉ်ပြီးတော့ စဉ်းစားနိုင်အောင် ပြောပြတာပါ။

ဒေါ်ခင်စိုးဝင်း ။ ။ နိုင်ငံတကာမှာ ပျံ့နေတဲ့ သတင်းတွေကတော့ လုံခြုံရေးတပ်ဖွဲ့တွေက မုဒိမ်းကျင့်တယ်။ ရွာတွေ အိမ်တွေကို မီးရှို့တယ်။ နှိပ်စက်တယ်။ သတ်ဖြတ်တယ်ဆိုပြီးတော့ ဖြစ်နေတာပေါ့။ နေ့စဉ်နဲ့အမျှ သူတို့ရှိက အီးမေးလ်တွေနဲ့လည်း ဒါတွေ အမြဲတမ်းလိုလိုပဲ သတင်းတွေက တက်နေတာ။ လုံခြုံရေးတပ်ဖွဲ့တွေကို ဝန်ကြီးတို့အနေနဲ့ စစ်ဆေးခဲ့ပါလား။ မုဒိမ်းကျင့်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး အဲဒါတွေက ဘယ်လို ရှိပါလဲ။

ဦးအောင်ကြည် ။ ။ စစ်ဆေးပါတယ်။ သေချာပေါက် စစ်ဆေးပါတယ်။ အထူးသဖြင့် ကြက်ရိုးပြင်မှာဖြစ်တဲ့ ကိစ္စဆိုရင် ကျနော်တို့ အဲဒီကို ရေုာက်နေတဲ့ အချိန်နဲ့ တိုက်ဆိုင်နေတော့ တကူတက သွားပြီးတော့ အဲဒီနေရာမှာ သူတို့ ပြောတာကတော့ အများကြီး အဓမ္မပြုကျင့်တာတွေ ရှိတယ်ဆိုပြီး ပြောတယ်။ ပြောတော့ အဲဒီနေရာအထိ ချက်ချင်းသွားကြတယ်။ လူခွဲပြီးတော့ ကိုယ့်တာဝန်နဲ့ကိုယ်ပေ့ါ။ အဲဒီလို စစ်ဆေးမေးမြန်းကြတာပေါ့။ လေ့လာကြတာပေါ့။ လေ့လာကြတဲ့အခါကြတော့ တယောက်ပဲ ပြောတယ်။ အဲဒီလို ဖြစ်တယ်။ သူကတော့ ရာနဲ့ချီပြီး ဖြစ်တယ်။ ဖြစ်နိုင်ချေ ရှိမရှိ စဉ်းစားတာပါ။ ဒီလောက်ကြီး ဖြစ်သလား။ အဲဒီနေရာ လိုက်ပြဆိုတော့ မပြနိုင်ဘူး။ အဲဒါ ဘယ်သူလဲ၊ ဘယ်ဝါလဲဆိုတော့ မပြောနိုင်ဘူး။ ခင်များ ပါလာဆိုတော့ မဟုတ်ဘူး။ သူလည်း မပါဘူး။ နောက်ဆုံးကြတော့ သူက ကြားတာ။ နောက်ပိုင်းကြတော့ မေးရင်းမေးရင်းနဲ့ မဟုတ်ဘူး သူတို့ဆီမှာ အဓမ္မ ပြုကျင့်တယ်ဆိုတာ အဝတ်အစားတွေ ရှာဖွေတယ်ဆိုရင်လဲ အဓမ္မပြုကျင့်တဲ့အထဲ အကြုံဝင်သွားတယ်ဆိုပြီး သူက လျှော့ချသွားတယ်။ အဲဒီ သဘောမျိုး။ ကောလဟလ ဆိုတာကတော့ အခုန ကျနော် ပြောခဲ့သလိုပဲ သူတို့က လွန်ခဲ့တဲ့ (၂) လောက်ကတည်းက ဒီလိုလုပ်ဖို့ ပြင်ဆင်ထားတာ ဖြစ်တယ်။ လူတွေကိုလည်း ပြင်ဆင်သလို၊ သတင်းမီဒီယာပိုင်းနဲ့ ပတ်သက်လို့လည်း အကုန်လုံးက အချိတ်အဆက်တွေလုပ်ပြီး ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ ဘာလုပ်ရင် ဘာလုပ်မယ်။ ကျနော့်အထင် ပုံတွေတောင် ရွေးထားပြီးသာ ဖြစ်လိမ့်မယ်ထင်တယ်။ စောစောစီးစီးကတည်းက အဲဒီ ပုံစံမျိုး စဉ်းစားလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်တာကို။ သူတို့ကတင်တာ မြန်တယ်။ ဒီပုံကို ဘယ်လိုလုပ် စိတ်ကူးရပြီးတော့ ဒီထဲ ထည့်သလဲဆိုတာက စဉ်းစားစရာ ဖြစ်တာပေါ့။ အဲဒီတော့ အဲဒီလို ကျနော်တို့ စဉ်းစားတွေးခေါ်တဲ့ လူတွေကလည်း အကျိုးသင့်အကြောင်းသင့် စဉ်းစားပေးနိုင်ကြမယ်။ မျှမျှတတ စဉ်းစားပေးနိုင်မယ် ဆိုလို့ရှိရင် ကျနော်တို့ အမှန်တရားနဲ့ တရားမျှတမှုက မလွှဲမသွေ ပေါ်လာမှာပါ။

ဒေါ်ခင်စိုးဝင်း ။ ။ ကျေးဇူးအများကြီး တင်ပါတယ်ရှင်။

XS
SM
MD
LG