သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်အဖွဲ့ သတ်မှတ်လို့ ငြိမ်းချမ်းရေးမရနိုင်


ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ရေးပြင်းထန်နေချိန် ရှမ်းပြည်နယ်လွှတ်တော်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၃) ဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်တာဟာ လက်ရှိ ဖော်ဆောင်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ထိခိုက်နိုင်သလို တတိုင်းပြည်လုံးအပစ်ခတ်ရပ်စဲရေး လုပ်ငန်းစဉ်ကိုလည်း အနှောင့်အယှက် ဖြစ်စေနိုင်တယ်လို့ ပြည်ပရောက် တိုင်းရင်းသားအဖွဲ့တွေက ပြောဆိုလိုက်ပါတယ်။

တတိုင်းပြည်လုံးအတိုင်းအတာနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရအနေနဲ့ တိုင်းရင်းဒေသတွေမှာ တပ်မတော်ဘက်က ထိုးစစ်ဆင်မှုတွေကို ဟန့်တားပေးဖို့ လိုတယ်လို့လည်း တိုက်တွန်းပြောဆိုပါတယ်။ အကြောင်းစုံ မဆုမွန် တင်ပြထားပါတယ်။

တရုတ်-မြန်မာနယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်းဘက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၄) ဖွဲ့ ပေါင်းစည်းထားတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ မြန်မာအစိုးရ တပ်မတော်တို့ကြား လေကြောင်းတွေနဲ့ပါ ထိုးစစ်ဆင် တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာပဲ ရှမ်းပြည်နယ်လွှတ်တော်က မနေ့ ဗုဒ္ဓဟူးနေ့တုန်းက အဲ့ဒီတိုင်းရင်းသား မဟာမိတ်အဖွဲ့ထဲက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ (၃) ဖွဲ့ဖြစ်တဲ့ KIA၊ MNDAA၊ TNLA အဖွဲ့တွေကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်း မဲခွဲဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ် လွှတ်တော်အတွင်း အမတ်နေရာအများစု နေရာယူထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ကိုယ်စားလှယ်က အဆိုတင်သွင်းပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က ထောက်ခံ ဆွေးနွေးခဲ့တဲ့အကြောင်း ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဉာဏ်က ဗွီအိုအေမြန်မာပိုင်းကို အခုလို ပြောပါတယ်။

“တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးက ထောက်ခံဆွေးနွေးသွားတယ်။ ဒါနဲ့ပတ်သက်ပြီးတော့။ အဲဒါအပြင် USDP က ကိုယ်စားလှယ်လေးဦးကလည်း အဲ့အဆိုကို ထောက်ခံဆွေးနွေးတာပေါ့လေ။ ပြီးတော့ NLD လွှတ်တော်ကိုယ်စားလှယ်တဦးက ဒါကို ကန့်ကွက် ဆွေးနွေးသွားတာပေါ့။ နေ့လည်ပိုင်းကျတော့ နယ်လုံဝန်ကြီးပေါ့ ဗိုလ်မှူး စိုးမိုးအောင်ကနေပြီးတော့မှ အစိုးရကိုယ်စား ဒါကို သူက ထောက်ပြပြီးတော့မှ ဆွေးနွေးတာပေါ့လေ။ လက်နက်ကိုင် သုံးဖွဲ့ဟာဆိုရင် သူတို့လုပ်ရပ်က အကြမ်းဖက်လက္ခဏာမျိုးပေါ်တယ်။ ထောက်ခံဆွေးနွေးခဲ့တဲ့ သဘောမျိုးပေါ့ အစိုးရပိုင်းက။”

အခုလို ရှမ်းပြည်နယ်လွှတ်တော်ကနေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၃) ဖွဲ့ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်တဲ့အပေါ် ငြိမ်းချမ်းရေးကို အထောက်အကူပြုမှာ မဟုတ်သလို လက်ရှိ တည်ဆောက်နေတဲ့ ယုံကြည်မှုကိုလည်း ပျက်ပြားစေနိုင်တယ်လို့ အရပ်ဖက် လူမှုအဖွဲ့အစည်း ၁၅၀ ကျော်ကလည်း တခဲနက် ကန့်ကွက်စာ အိတ်ဖွင့်ပေးပို့လိုက်ကြပါတယ်။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီအခြေစိုက် Kachin Alliance ကချင်မဟာမိတ်အဖွဲ့က ကိုဂန်ဆမ်းကလည်း အခုလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ပြည်နယ်လွှတ်တော်က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်လိုက်တဲ့အပေါ် ရှုတ်ချပြီး ဒါဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အနှောင့်အယှက်ဖြစ်စေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

“ဒီမိုကရေစီဆိုပေမဲ့ ကျနော်တို့ရဲ့ ဒီမိုကရေစီက ပြောင်းပြန် ဒီမိုကရေစီပါ အထက်ကနေ အောက်ကိုဆင်းတဲ့ ဒီမိုကရေစီ ဖြစ်နေသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်နယ်လွှတ်တော်က လုပ်တဲ့ဟာက ပြည်ထောင်စုကို သက်ရောက်မယ်လို့ကတော့ အများကြီး မယူဆဘူး။ ဒါပေမဲ့ ကျနော်အထင်ကတော့ တပ်နဲ့တချို့ အရင်တုန်းက USDP လက်ကျန်ပေါ့နော် ကြံ့ခိုင်ဖွံ့ဖြိုးရေးလက်ကျန်တွေကနေ လုပ်တဲ့အရာပဲလို့ အဓိက တိုက်ခိုက်ဖျက်ဆီးမှုဆိုတာ မူဆယ်ကိုပဲ မပြောပါနဲ့။ အရင် ၂၀၁၁ ခုနှစ်ကနေ နိုင်ငံရေးရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးတဲ့ဟာ ဘယ်သူလဲဆိုတာ အကုန်လုံး အမှန်အကန် ကျနော်တို့ ပြန် ဖော်ပြသင့်ပါတယ်။ အဲဒါ အကုန်လုံး ဖော်ပြမှ တကယ့် စစ်ရာဇဝတ်မှုမြောက်တဲ့ဟာ ဘယ်သူ လုပ်ခဲ့သလဲ။ အဲဒါ အကုန်လုံး အရေးယူပါ။”

ပြည်တွင်းငြိမ်းချမ်းရေး ဦးဆောင်ပြီး ဆောင်ရွက်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဘက်ကတော့ တတိုင်းပြည်လုံး အတိုင်းအတာနဲ့ အပစ်ခတ်ရပ်စဲရေးအတွက် အပစ်ရပ် လက်မှတ်မထိုးထားရသေးတဲ့ လက်နက်ကိုင်အဖွဲ့တွေအတွက် လမ်းဖွင့်ထားတယ်လို့ ဆိုနေချိန်မှာပဲ အခုလို ပြည်နယ်လွှတ်တော်ဘက်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်လိုက်တဲ့လုပ်ရပ်ဟာ စိုးရိမ်စရာကောင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း အမေရိကန်ပြည်ထောင်စု ကရင်အဖွဲ့ အကြံပေးကော်မတီအဖွဲ့ဝင် ဒေးလေးထူးက ပြောပါတယ်။

“ကန့်ကွက်ရှုတ်ချဖို့ရှိတယ်နော်။ အဲဒါ ဘယ်လိုပြောမလဲ အောင်ဆန်းစုကြည်က လူထုရဲ့ အစိုးရပေါ့နော် လူထုရွေးချယ်ထားပြီးတော့ အရင်တုန်းက ပြောတာကတော့ NCA မထိုးတဲ့သူ အေးအေးဆေးဆေး ပြန်ဆွေးနွေးပြီးတော့ သူတို့လည်း ပါဝင်ပတ်သက်မှုရှိအောင် သူတို့ အကောင်းဆုံး ကြိုးစားမယ်။ အခု ပြန်ကြည့်မယ်ဆိုရင် အပြောနဲ့အလုပ်ဟာ လုံး၀ မကိုက်ဘူးပေါ့နော်။ ဒီလိုပဲ ဆက်လုပ်မယ်ဆိုရင် ခုန သုံးဖွဲ့သာမက နောက်ပိုင်းဆိုရင် များလာမယ့် အခြေအနေရှိတယ်ပေါ့နော်။ အနှောင့်အယှက်ရှိမယ့် အလားအလာ ရှိတာပေါ့နော်။ အဲ့လိုမျိုး။”

ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂ ရက်နေ့တုန်းကလည်း နေပြည်တော် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အခု စစ်ရေးပဋိပက္ခမှာ ပါဝင်နေတဲ့ တိုင်းရင်းသားအဖွဲ့ ၄ ဖွဲ့ဟာ အရပ်သားပြည်သူတွေနဲ့ အခြေခံအဆောက်အဦးတွေကို ထိခိုက်ပျက်စီးစေတာကြောင့် အကြမ်းဖက်အဖွဲ့အဖြစ် လွှတ်တော်က သတ်မှတ်သင့်ပြီလို့ ယူဆကြောင်း ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းက ဆွေးနွေးခဲ့သလို ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေကလည်း ထောက်ပြဆွေးနွေးပါတယ်။ ဒါပေမဲ့ ပြည်သူ့လွှတ်တော်တွင်း ကန့်ကွက်မဲ ၂၄၄ မဲ၊ ထောက်ခံမဲ ၁၄၁ မဲ၊ ကြားနေမဲ ၇ မဲနဲ့ ကန့်ကွက်မဲများတဲ့အတွက် အတည်ပြုနိုင်ခြင်းမရှိဘဲ မှတ်တမ်းသာ တင်နိုင်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG